တောအလယ် မောတယ် အပြောကြွယ်လှတဲ့ ... Service

တောအလယ် မောတယ် အပြောကြွယ်လှတဲ့ ... Service
Published 28 May 2015
မိုးဧအောင်

ခေတ်ရဲ့တိုးတက်မှု ဒီရေနဲ့အတူ ဆန်းပြားလှတဲ့ ကုန်ပစ္စည်း (Product) အမည်သစ်တွေ တိုးပွားလာသလို ဒါကတော့ Product ဒါကတော့ Service ရယ်လို့ ခွဲခြားလို့ရတဲ့ နယ်နိမိတ်မျဉ်းဟာ ကျဉ်းသထက်ကျဉ်း လာပါတယ်။ ကျွန်တော်တို့ မိုဘိုင်းကို အမြဲဖြည့်ပေးနေရတဲ့ Top Card တွေကို သာဓကဆောင်ပါရစေ။ တစ်ခါ လက်ရာသိပ်ကောင်းပါတယ် ဆိုတဲ့ စားဖိုမှူးကြီးရဲ့ အချက်အပြုတ်ကို သွားအားပေးတဲ့အခါ ဆိုင်ကစားပွဲထိုးတွေရဲ့ ဝန်ဆောင်မှုက ညံ့ဖျင်း၊ ခေါ်မကြား အော်မကြားဆိုရင် ဖောက်သည်မြဲဖို့ မမျှော်လင့်ပါနဲ့။ တကယ်တော့ ဝန်ဆောင်မှုရဲ့ ကျယ်ပြောလှတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မှတ်လို့မပြီး လေ့လာလို့မပြီး လိုက်နာလို့မပြီးလို့ပဲ ပြောပါရစေ။
အထူးကုဆရာဝန်ကြီးကအစ ဆရာ ဆရာမအလယ် စပယ်ယာအဆုံး။
သမ္မတကအစ ဟိုတယ်မန်နေဂျာအလယ် စားပွဲထိုးအဆုံး။
ဝန်ဆောင်မှု နယ်ပယ်ထဲမှာ ကျင်လည် နေကြရတာပါ။
ဝန်ဆောင်မှုပေးမယ့် ပုဂ္ဂိုလ်တွေအဖို့
ပထမဆုံး
Smile for everyone.
လူတိုင်းကို ပြုံးပြနိုင်ရပါမယ်။
ပြုံးရယ်ခြင်းဆိုတဲ့ ဖြစ်ရပ်က မျက်နှာမှာ ပေါ်ပေမယ့် တကယ့်ရင်းမြစ်က ရင်ဘတ်ပါမှ မျက်လုံးက လိုက်နာတာပါ။
နှလုံးသားမပါတဲ့အပြုံးက ပါးစပ်နှစ်ဖက် နားရွက်တက်ချိတ်ရုံကလွဲပြီး မျက်လုံး ပါမလာပါဘူး။
အကြောပါရဂူတွေ တွေ့ရှိချက်တစ်ခုကိုလည်း မျှဝေပါရစေ။ နဖူးကြောရှုံ့ပြီး မောက်မာခက်ထန်ဖို့အတွက် မျက်နှာပေါ်က အကြော ၇၂ ခု သုံးရပြီး ဟက်ဟက်ပက်ပက် ပြုံးရယ်ဖို့အတွက် အကြော ၁၃ ချောင်းသာ သုံးရပါတယ်တဲ့။ ဒါကြောင့် အပြုံးနဲ့ အနေများသူတွေကို အရွယ်ခန့်မှန်းရခက်ပြီး ဒေါသကြီးသူများ အရွယ်ကျလွယ်ပါသတဲ့။
ဒီတော့ ကျွန်တော်တို့ ပြုံးကြရအောင်။
 
ဒုတိယ
Excellent in everything we do.
ကျွန်တော်တို့ တွေးကြံ ပြောဆို လုပ်ကိုင်သမျှ အကောင်းဆုံးဖြစ်အောင် အားထုတ်ရပါမယ်။
တစ်နည်းပြောရရင် ကိုင်လိုက်သမျှ ရွှေဖြစ်နေဖို့လိုပါတယ်။
ဒီနေ့ နိုင်ငံရဲ့ Governance ရော Corporate က ဝန်ထမ်းအများစုပါ ပြီးပြီးရော တာဝန်ကျေ စပါးစိုက်နေကြတာ တိုင်းပြည်နာလှပါပြီ။
မိမိ Capacity အလိုက် အကောင်းဆုံးဖြစ်အောင် အားထုတ်သူ ရှားပါးလာတာဟာ Failed State ဖြစ်သွားတဲ့ အဓိက အကြောင်းရင်းပါပဲ။
စစ်သားဟာ အကောင်းဆုံး စစ်တိုက်နိုင်ရမှာဖြစ်သလို ဆရာဟာ သူ့ Lecture ကို စွဲကျန်ခဲ့အောင် စာသင်နိုင်ရပါ့မယ်။
စစ်သားက စီမံခန့်ခွဲရေးတွေဦးစီးပြီး ဆရာမလေးတွေ လက်ပတ်အနီနဲ့ လုံခြုံရေး ယူနေသမျှ ဒီတိုင်းပြည် ဓားမနောက်ပိတ် ခွေးဖြစ်နေမှာပါပဲ။
တတိယ
Reaching out even guest with hospitaility.
ခုမှတွေ့တဲ့ ဧည့်သည်အသစ် ဖောက်သည်အသစ်ဖြစ်ပါစေ၊ ဧည့်ဝတ်ကျေပွန်စွာ ဝန်ဆောင်မှု ပေးရပါမယ်။
အစိုးရက ပြည်သူအပေါ် ဆရာဝန်က လူနာအပေါ် ဆရာက ကျောင်းသားအပေါ် မန်နေဂျာက ဝန်ထမ်းအပေါ် ဒရိုင်ဘာက ခရီးသည်အပေါ် ဈေးသည်က ဈေးဝယ်အပေါ် ကျွန်တော်တို့ မိမိဝန်တာ မိမိကျေပွန်ကြပါရဲ့လား။
ဒီလိုမဟုတ်ပဲ ဝင်လာမယ့် ငွေကြေးက ဘယ်လောက်လို့ တွက်ချက် သဘောထားခဲ့ရင်တော့ လူတစ်ယောက် ကားပေါ်တက်လာရင် ငွေနှစ်ရာလို့မြင်တဲ့ စပယ်ယာနဲ့ Attitude မကွာလှဘူးလို့ ဆိုပါရစေ။
စတုတ္ထ
Viewing every guest is special.
မိမိဝန်ဆောင်မှုပေးရမယ့် သူတွေအပေါ် အယုတ်အလတ် အမြတ်မရွေးဘဲ အထူးဖောက်သည်လို့ သဘောထားနိုင်ဖို့ လိုပါတယ်။
တစ်နေ့က ဟိုတယ်ဘေးက ဆိုက်ကား ဆရာ . . . မနေ့က ချဲပေါက်ပြီး ဒီနေ့ဟိုတယ် Deluxe ခန်းမှာ လာတည်းရင် သူဟာ ကျွန်တော့်ရဲ့ Special Guest ပါပဲ။
တကယ့်ဘဝမှာတော့ ခရေပင်လမ်းထဲက မြန်မာထမင်းဆိုင်တစ်ခုဟာ Local မြန်မာတွေလာထိုင်ရင် စားပွဲထိုးတစ်ယောက်မှ လာမမေးဘဲ မရောက်လာသေးတဲ့ Foreigner ကားတွေအတွက် ဖုန်းတွေချိတ် အူယားဖားယား။
ပဉ္စမ
Inviting guest to return again.
ကျွန်တော်တို့တစ်တွေ ဝန်ဆောင်မှုပေးချိန်မှာ Salesmanship အပြည့်နဲ့ပေးပြီး မိမိ Customer ရဲ့ အပြန်ခရီးဟာ Friendship အပြည့်နဲ့ ပို့ဆောင်နိုင်ရပါ့မယ်။
Return Visit သူ မလာခဲ့သည့်တိုင် သတင်းကောင်းဖြန့်ချိသူ Supporter အဖြစ် တည်တံ့နေသူဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းဝန်ဆောင်မှု ပေးကြရမှာပါ။
ဆဋ္ဌမ
Creating a warm atmosphere.
ကိုယ့်မိသားစု ကိုယ်နေတဲ့အိမ် ကိုယ်တက်တဲ့ရုံး ကိုယ်ကျင်လည်တဲ့ လူမှုဝန်းကျင်ဟာ နွေးထွေးပျူငှာ ရှိနေရပါမယ်။ ကျွန်တော့်ခံယူချက်ကိုက ရုံးသွားရတာ မပျော်တော့ရင် အဲဒီအလုပ်က ထွက်လိုက်ပါတော့။ ကိုယ်ရွေးချယ်သမျှ ကိုယ့်လမ်းဟာ ကိုယ်တိုင် Inspier ဖြစ်နေဖို့လိုပါတယ်။
သတ္တမ
Eye contact that show we care.
ကျွန်တော့်ကို သူတို့လေးစားလာဖို့ သူတို့ကို ကျွန်တော်က အရင်လေးစားရပါမယ်။ ဒါရိုက်တာမှသည် Cleaner အထိ တစ်ဦးချင်းစီရဲ့ Talent တစ်ဦးချင်းစီရဲ့ Space ကို အသိအမှတ် ပြုရပါလိမ့်မယ်။
အဲလိုရင်ထဲက အသိအမှတ်ပြုလာရင် ဆက်ဆံပြောဆိုတာကအစ မျက်လုံးချင်းဆုံပြီး ဂရုတစိုက် ပြောဖြစ်လာမှာပါ။
မျက်လုံးတွေဟာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော် HR မန်နေဂျာ ဘ၀ ၊ OD Facilitator ဘဝ၊  Instructor ဘဝ၊  မျက်လုံးပေါင်းများစွာကို သေချာဖတ်ခဲ့ဖူးပါတယ်။ ဝန်ထမ်းဆိုးရှားပြီး မန်နေဂျာဆိုးများကြောင်း ဘဝက သင်ပေးလိုက်ပါတယ်။
ဒါပါပဲဗျာ . . . SERVICE ဆိုတဲ့ ဝန်ဆောင်မှုရဲ့ နက်နဲကျယ်ပြန့်ပုံကို နိဒါန်းသဘော မိတ်ဆက်လိုက်တာပါ။
ဝန်ဆောင်မှုကောင်းကောင်း ပေးစွမ်းနိုင်သော နိုင်ငံသူနိုင်ငံသားများ ပေါ်ထွန်းပါစေသတည်း။

Most Read

Most Recent