ဂန္ဓီခန်းမကြေညာစာတမ်းဖတ်ကြားခဲ့သူ ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူး ဦးစိန်လှဦးတို့နှင့် တွေ့ဆုံခြင်း

ဂန္ဓီခန်းမကြေညာစာတမ်းဖတ်ကြားခဲ့သူ ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူး ဦးစိန်လှဦးတို့နှင့် တွေ့ဆုံခြင်း
Published 27 May 2015

မေး-  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကြေညာချက်အမှတ် ၁/၉၀ ကို ၁၉၉၀ဇူလိုင်၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ "ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်များဖြစ်သည်။" လို့ပါလာတော့ ရွေးကောက်ခံကိုယ်စားလှယ်တွေကြားမှာ သက်ရောက်မှုဘယ်လိုရှိခဲ့ပါသလဲ။ဦးခင်မောင်ဆွေ-  ဖွဲ့စည်းပုံအခြေခံဥပဒေရေးတယ်ဆိုတာကတော့ ရွေးကောက်ပွဲရလဒ်ကြီးကို ဘယ်လိုကျွန်တော်တို့က Move လုပ်မလဲပေါ့။ Deadlock ဖြစ်နေတာကို။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဦးစိန်လှဦးတင်တဲ့အတိုင်းပါပဲ။ အဲဒီလိုင်းကို ကျွန်တော်တို့ဆက်သွားတာကို။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တစာစာတောင်းနေပေမယ့် သူတို့ကလည်း ဒီကိစ္စပေါ်မှာ အာရုံမကျဘူး။ အာရုံမကျတဲ့အခါကျတော့ ကျွန်တော်တို့က ဒီလိုဆိုရင် ရွေးကောက်ပွဲရလဒ်ကို စစချင်းတော့ Power Transfer လုပ်ပေးပါလို့တောင်းလိုက်တာရှိတယ်လေ။ အဲဒီမှာ သူတို့ဘက်က Heart ထိသွားပြီးတော့ တုံ့ပြန်မှုတွေရှိလာတယ်။ ရှိလာတော့ ကျွန်တော်တို့ဘက်က တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုလုပ်ဖို့ လိုင်းထပ်တင်တာပေါ့။ အထူးအစည်းအဝေးခေါ် ဘာခေါ်လုပ်ကြပေါ့။ မရတဲ့အခါကျတော့ အဲဒီမှာပဲ ကျွန်တော်တို့က   လွှတ်တော်နိုင်ငံရေးထဲကို ခြေလှမ်းဝင်ဖို့လိုတယ်။ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်နိုင်ငံရေးက ပထမအဆင့်သွားရမယ့်လမ်းကြောင်းပဲ။ အဲဒီမှာကျွန်တော်တို့က ဘာဖြစ်သွားလဲဆိုတော့ Complete Power ကိုတော့မရနိုင်ဘူးပေါ့။ Power Share, Role Share လုပ်ရမှာပေါ့။ Executive Role ထဲမှာ Power Share, Role Share ဖို့အတွက် သူတို့ဘက်က စိတ်ချမှာမဟုတ်ဘူးလေ။ အဲဒီမှာ ဘယ်လိုပိုင်းလိုက်လဲဆိုတော့ Legislative Assembly ကိုပဲ ကျွန်တော်တို့သွားမယ်။ Executive Role ကို နဝတပဲဆက်ယူထားဆိုတဲ့အပေါ်မှာ လိုင်းတစ်လိုင်းတားတယ်ပေါ့။ ဒါက အကောင်းဆုံးနဲ့ အသင့်တော်ဆုံး။ သူတို့လည်း စိုးရိမ်စရာမရှိဘူး။ ကျွန်တော်တို့လည်း ပြည်သူ့ဘက်မျက်နှာပြစရာမခက်တော့ဘူးဆိုပြီးတော့ လွှတ်တော်မှာ ကျွန်တော်တို့ဝင်စီးမယ်။ ဒါပေမဲ့ လွှတ်တော်က ဥပဒေပြုအာဏာကို ကျွန်တော်တို့ယူမယ်။ အုပ်ချုပ်ရေးအာဏာကို နဝတကဆက်ယူထားဆိုတဲ့သဘောနဲ့  အခြေခံဥပဒေကိုရေးတာကို သူတို့ကလက်မခံဘူး။ သူတို့ကသိတဲ့အတိုင်း အကုန်မရရင် အကုန်မယူဘူးဆိုတဲ့သဘောမျိုးနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လုံးဝရိုက်ချလိုက်တာပဲ။ ဒါကြောင့်မို့ ဂန္ဓီကြေညာစာတမ်းဟာ ဒီပေါ်မှာအခြေခံတာပါ။မေး -  ကြေညာချက်အမှတ် ၁/၉၀ ထွက်လာပြီး နောက်တစ်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံကိုယ်စားလှယ်တွေက အစည်းအဝေးလုပ်တာဟာ ကြိုတင်စီစဉ်ထားပြီးမှ လုပ်တာလား။ ရုတ်တရက်လုပ်ဖြစ်တာလား။ဦးခင်မောင်ဆွေ -  ဂန္ဓီခန်းမအစည်းအဝေးက အစကတည်းကစီစဉ်ပြီးသား။ စီစဉ်ပြီးကမှ သူတို့ ၂၇ ရက်မှာကပ်ပြီးတော့ ဒီလိုမလုပ်ရဘူး ဟိုလိုလုပ်ရမယ်ဆိုပြီးတော့ စည်းတားတာပေါ့။ စည်းတားတော့ ကျွန်တော်တို့သိပါတယ်။ ဘာသိလဲဆိုတော့ ၂၆ ရက် ညနေမှာ နဝတအစည်းအဝေးလုပ်တယ်ပေါ့။ အထဲမှာမပြေမလည်ဖြစ်ပြီးတော့ ခုံတွေဘာတွေလဲပြိုပြီးတော့ စကားများလောက်အောင်ဖြစ်တယ်ဆိုပြီးတော့ ကြားရတယ်။  ၂၇ ရက်ကျတော့ အဲဒါထွက်လာတာပဲ။ နဝတရဲ့ ၁/၉၀ ကြေညာချက်ပေါ့။မေး -  ဂန္ဓီခန်းမအစည်းအဝေးကို တစ်နိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံကိုယ်စားလှယ်တွေအားလုံး တက်ဖြစ်သလား။ ဘယ်နှယောက်များ တက်ဖြစ်သလဲ။ဦးခင်မောင်ဆွေ -  အကုန်ပဲဗျ။ ဘာလို့တက်လည်းဆိုတော့ ကျွန်တော်မှတ်မိသလောက် အဲဒီတုန်းက ရွေးကောက်ပွဲပြီးတဲ့အခါမှာ NLD ကဘာမှလုပ်မရဖြစ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အိမ်မပြန်ရဲကြဘူး။ အိမ်ပြန်ရင် ဘာလုပ်ပေးမလဲဆိုတဲ့မေးခွန်းကို မဖြေနိုင်ဘူး။ ဖြေနိုင်ဖို့အတွက်အဖြေမရှိဘူး။ မရှိတော့ အနည်းစု အယောက်သုံးလေးဆယ်လောက်ပဲ သူတို့ဒေသတွေပြန်နေကြတယ်။မေး -  အစည်းအဝေးမှာထုတ်ပြန်မယ့် ကြေညာစာတမ်းကို ကြိုရေးထားတာလား။ တက်ရောက်လာတဲ့သူတွေဆွေးနွေးတာကို အခြေခံပြီးရေးတာလား။ဦးခင်မောင်ဆွေ -  ဂန္ဓီကြေညာစာတမ်းကို အစကတည်းကရေးထားတာ။ အီးစီဦးဆောင်ပြီးတော့ရေးထားတာ။ အီးစီဟုတ်တဲ့လူတွေကော၊ တက်ကြွတဲ့သူတွေရော။ဦးစိန်လှဦး - အဲဒီတုန်းက ကျွန်တော်က စာစောင်ကိုင်တဲ့သူ၊ အီးစီလည်းမဟုတ်ဘူး။ စာစောင်ကိုင်တော့ ဥပမာဆိုပါတော့ ကျွန်တော်တို့မှာ ပြဿနာကဘာလဲဆိုတော့ အဲဒီအချိန်မှာ တတ်သိပညာရှင်နဲ့ မျိုးချစ်အဖွဲ့နဲ့က ပဋိပက္ခဖြစ်နေတာ။ အခမ်းအနားလုပ်မယ့်သူရွေးတယ်။ ပထမတတ်သိဘက်က ဦးအုန်းကြိုင်ရွေးတယ်။ မျိုးချစ်ကလက်မခံဘူး။ မျိုးချစ်ဘက်ကလည်း ဦးတင်ဦးတစ်ယောက်ရှိတယ်။ ဗိုလ်မှူးကြီးတင်ဦးဆိုတာ ကျွန်တော်တို့ဘက်က လက်မခံဘူး။ နောက်ဆုံးကျတော့ ဘယ်သူမှလက်မခံလို့ ရွေးမရလို့ အဲဒီမှာ ဦးကြည်မောင်က စာစောင်ကိုင်တဲ့တာဝန်ခံကို လုပ်ခိုင်းမယ်။ အားလုံးသဘောတူလားဆိုတော့ အဲဒါကျတော့ သဘောတူတယ်ဆိုပြီး ကျွန်တော်က အဲဒီမှာ အခမ်းအနားမှူးဖြစ်သွားတာ။ အဲဒီအခြေအနေမှာ ဂန္ဓီကြေညာစာတမ်းကို ကျွန်တော်တို့ဘက်ကလည်းရေးတယ်။ သူတို့ဘက်ကလည်းရေးတယ်။ နောက်ပိုင်းကျတော့ ပေါင်းထွက်ရတဲ့သဘောဖြစ်သွားတာပေါ့။ ညီညွတ်အောင်လုပ်မှဖြစ်မယ်ဆိုပြီး ဖြစ်တဲ့နည်းနဲ့တော့လုပ်တာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ဘာလုပ်လုပ် ကျွန်တော်တို့ပြောသမျှ၊ ဆွေးနွေးသမျှ ထောက်လှမ်းရေးက ချက်ချင်းသိတယ်။ သူတို့ဘာလုပ်မယ်ဆိုတာ ကျွန်တော်တို့ကမသိရဘူး။  နောင်အခါ သူတို့မလုပ်နိုင်တဲ့ဟာတွေလည်း ကြေညာလို့ကြေညာ ကျွန်တော်တို့ကို ဘယ်တုန်းကမှ အာဏာမလွှဲဘူးဆိုတာ တော်တော်များများက ပေါ်နေပြီ။မေး -  ဂန္ဓီခန်းမအစည်းအဝေးမှာ သဘောထားကွဲလွဲမှုတွေရော ဖြစ်ခဲ့သေးလား။ဦးစိန်လှဦး - အဲဒီအစည်းအဝေးကျတော့ မကွဲတော့ဘူး။ မတိုင်ခင်မှာညှိနှိုင်းတာ ဟိုဘက်ဒီဘက်။ဦးခင်မောင်ဆွေ - ကွဲတယ်ဆိုတာ ဂန္ဓီခန်းမကြေညာစာတမ်းရေးဖို့အတွက် အုပ်စုနှစ်စုကွဲနေတာရယ်။ နောက်တစ်ခုက အခမ်းအနားမှူးကိစ္စမှာကွဲတယ်။ အဓိက အဲဒီနှစ်ခုပါပဲ။ အခမ်းအနားမှူးကိစ္စကအဓိကပဲ။ ဂန္ဓီကျမှကွဲတာ။ ရုံးမှာတုန်းက ဦးအုန်းကြိုင်ဆိုဖြစ်လာပြီး ဟိုကျမှလက်မခံဘူး။ဦးစိန်လှဦး - မျိုးချစ်ကလက်မခံ၊ မျိုးချစ်တင်တဲ့သူလည်း တတ်သိကလက်မခံ အဲဒီလိုဖြစ်သွားတာ။ ကြေညာချက်ကကြိုရေးထားတာ။ ရေးတဲ့ကာလမှာ ဟိုဘက်ဒီဘက်ကွဲလွဲတာတွေရှိတယ်။ နောက်ဆုံးပိတ်ညီလာခံမတိုင်ခင်မှာ ကျွန်တော်တို့အပြည့်အစုံလုပ်တော့ သဘောတူညီတာပဲ။ ဒါညီလာခံမှာဖတ်မယ့်ဟာပဲ။ အတည်ပြုတာပါပဲ။ အဲဒီဥစ္စာက ကြိုတင်လုပ်ခဲ့ပြီး ညီလာခံမှာ ဘာမှအကွဲအပြဲမရှိဘူး။ဦးခင်မောင်ဆွေ - သဘောကဗျာ။ ဟိုအစည်းအဝေးထုံးစံအတိုင်းပေါ့။ ညီလာခံကျင်းပတဲ့အခါကျတော့ ဂန္ဓီခန်းမကြေညာစာတမ်းက ကြိုပြီးညှိနှိုင်းရေးထားတာရှိတော့ အဲဒါ ကွဲစရာအကြောင်းမရှိတော့ဘူး။ တစ်ခုပဲကျန်တာကဘာလဲဆိုတော့ Ultimatum ပေးသလိုဖြစ်သွားတာတစ်ခုရှိတယ်။ စက်တင်ဘာ ၃၀ မှာ လွှတ်တော်ခေါ်ပေးပါဆိုတဲ့ကိစ္စ။ ရက်ကိုမသတ်မှတ်သေးဘူး။ ညီလာခံကျင်းပနေခိုက်မှာပဲ ကျွန်တော် အဲဒီဂန္ဓီကြေညာစာတမ်းကိုမဖတ်ခင် တစ်နာရီအလိုလောက်မှာ စီအီးစီကအနောက်ခန်းထဲဝင်ပြီးတော့ စည်းဝေးတယ်။ စည်းဝေးတော့ ဘယ်နေ့ကိုရက်သတ်မှတ်မလဲ။ ရက်ဘယ်လောက်ပေးမလဲပေါ့။ သတ်မှတ်တော့ စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီးတော့ အကြောင်းပြန်ပါ။ လွှတ်တော်ခေါ်ပေးဖို့တောင်းဆိုတယ်။ အားလုံးကဒီမှာလည်း တညီတညွတ်တည်းပါ။ အဲဒီတစ်ခုက အဲဒီမှာ ထူးခြားဖြစ်စဉ်ဖြစ်သွားတယ်။ ဂန္ဒီခန်းမစင်အနောက်ဘက်မှာ အခန်းလေးရှိတယ်လေ။ ဒါပေမဲ့ အစည်းအဝေးရဲ့ထုံးစံအတိုင်းပေါ့။ လွှတ်တော်ကိုယ်စားလှယ် ၃၉၂  ယောက်မှာ ပြည်နယ်နဲ့တိုင်းအလိုက် စစချင်းသူတို့တင်သွင်းတာတွေကို ကျွန်တော်တို့ကနားထောင်တယ်။ ကြားနာတာပေါ့။ ရွေးကောက်ပွဲရလဒ်ပေါ်မှာ ပြည်သူလူထုကစိတ်စောနေတယ်။ NLD ကဘာလုပ်ပေးမလဲဆိုတာမျိုးတွေဖြစ်နေကြတဲ့အပိုင်းကို တိုင်းနဲ့ပြည်နယ်ကုန်သွားတဲ့အခါကျတော့ ဒါတွေကိုပြန်ပြီးတော့ Return လုပ်ရတယ်။ လုပ်တော့ အဲဒီမှာ ဘာကြောင့်မို့လို့ အခြေခံဥပဒေကိုရေးရတာလဲဆိုတာလဲ ဦးချမ်းအေးရှင်းတယ်။ သူရေးရတဲ့အကြောင်းကိုရှင်းတယ်။ ကျွန်တော်ပြောတဲ့အတိုင်းပဲ Legislative Power ကိုယူဖို့။ Executive Power ကိုမယူသေးဘဲနဲ့ ပထမခြေလှမ်းအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို ဥပဒေပြုရေးအာဏာပဲ NLD ကတောင်းမယ်ဆိုပြီးတော့ ဒါကြောင့်ရေးရတယ်ဆိုတော့ အကြောင်းကိုသူရှင်းသွားတယ်။ ပြီးတော့မှတစ်ခါ လူထုလူတန်းစားနဲ့ပတ်သက်တဲ့ဟာကို ဒေါ်မြင့်မြင့်ခင်ပြောတယ်။ နောက်ပြီးတော့ သူတို့ပြောတဲ့ဟာတွေကို စီအီးစီရဲ့ပြန်ကြားချက်အနေနဲ့ မောင်ဝံသကရှင်းတယ်။ ရှင်းပြီးတဲ့အခါကျတော့ သူတို့လည်း ကျေနပ်သွားပြီပေါ့။ မောင်ဝံသကလည်း စီအီးစီရဲ့သဘောတွေ ပြန်ကြားပြီးသွားပြီ။  ပြီးတော့ ကျွန်တော်က ဂန္ဓီကြေညာစာတမ်းကို နိုင်ငံရေး၊ စီးပွားရေး၊ အနာဂတ်နိုင်ငံရေးအလားအလာကို ဘယ်လိုသဘောထားတယ်လို့ပြောကြားပြီးတော့မှ လွှတ်တော်ကို ၃၀ ရက်နောက်ဆုံးထားခေါ်ပေးဖို့ ကျွန်တော်တို့ကတောင်းဆိုပါတယ်လို့ ကျွန်တော်တို့ကထုတ်လိုက်တဲ့အခါကျတော့ သူတို့က ဒါကို Ultimatum လို့ နဝတကယူဆသွားတယ်။ အဲဒီမှာ အဲဒီလောက်ဆိုရင် သူတို့ကသိပြီးသားပါ။ကျွန်တော်တို့နောက်ခန်းထဲဝင်ပြီးတော့ ၃၀ ရက်နေ့တောင်းမယ်ဆိုတာ ဂန္ဓီခန်းမက သူတို့မသိဘဲ ငှားလို့ရတာမဟုတ်ဘဲကို။ သူတို့သတင်းရနေပေမယ့် တင့်ကားတွေက နောက်မဆုတ်ဘူး။ ဘရင်းကယ်ရီယာတွေက ပတ်ပတ်လည်မှာရှိတယ်။ တကယ်လို့များ ကျွန်တော်တို့က ဖောက်ပြီးတော့မှ လွှတ်တော်ခေါ်တယ်ဆိုရင် အဲဒီမှာအကုန်ဖမ်းမှာပဲ။  ဦးစိန်လှဦး - ကျွန်တော်တို့ဂန္ဓီအစည်းအဝေးကို ဝင်တာတောင်မှ ဟိုလမ်းဒီလမ်းဝင်လို့မရဘူး။ အမတ်တွေကျတော့ သူတို့ပေးတဲ့လမ်းအတိုင်း။ ခေါင်မိုးတွေအပေါ်မှာရော အောက်တော့မပြောနဲ့တော့ ခေါင်မိုးအထိ စစ်သားတွေကိုမြင်နေရတာ။မေး - စစ်တပ်ကဝိုင်းထားတဲ့အချိန်မှာ လုပ်နေတဲ့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့သဘောထားတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြသလား။ဦးခင်မောင်ဆွေ - ကျွန်တော်တို့က အဲဒီမှာ လွှတ်တော်ခေါ်လို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဝေးရှိနေပြီကို။ လွှတ်တော်ခေါ်လိုက်ရင် ကိစ္စကပြတ်ပြီလေ။ ညှိမလား ဖမ်းမလား။ တစ်ခုခုတော့ဖြစ်မှာပဲ။ လွှတ်တော်ခေါ်လောက်အောင် ကျွန်တော်တို့ထိပ်ပိုင်းခေါင်းဆောင်တွေမှာ ဆန္ဒမရှိကြဘူး။ သူတို့က ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ စက်တင်ဘာ ၃၀ ရက်ကို Ultimatum ပေးပြီးတော့ ခေါ်ပေးပါပြောတယ်။ ပြောပြီးတော့ အဲဒီနောက်အစီအစဉ် ဘာရှိတယ်ဆိုတာမရှိဘူး။ ပြဿနာကအဲဒါပဲ။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ မျိုးချစ်ပိုင်းတော့ ကျွန်တော်မသိဘူးပေါ့။ လွှတ်တော်ကိုယ်စားလှယ်အားလုံးက NLD ခေါင်းဆောင်တွေက လိုက်ဆိုလိုက်မယ့်သူချည်းပဲ။ အဖမ်းခံဆို ခံမယ့်သူတွေချည်းပဲ။ ဒီဟာအတွက် အိမ်ကနေထွက်ပြေးနေတယ်ဆိုတာက မလုပ်ရသေးဘဲနဲ့ ဖမ်းမှာစိုးလို့ အဖမ်းခံရမှာကြောက်လို့မဟုတ်ဘူး။ အဲဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံရေးသတ္တိရှိတယ်။ အခု ၂၀၁၅ ပေါ်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေထက်တော့ အများကြီးသာတယ်။ ကျွန်တော်မှန်းကြည့်မယ်ဆိုရင်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးတစ်လျှောက်လုံးပါလာတဲ့ ပုဂ္ဂိုလ်တွေကိုး။ သမဂ္ဂတွေနယ်ပယ်အသီးသီးက နိုင်ငံရေးသွေးရှိတဲ့ ရဲဘော်တွေက ရွေးကောက်ပွဲဝင်လာပြီးအမတ်ဖြစ်လာတာကို။ အဲဒီတော့ ၁၀ နှစ်ဆိုလည်း အဖမ်းခံမှာပါပဲ။ ခုနစ်နှစ်ဆိုလည်းအဖမ်းခံမှာပဲ။ ဒါကိုခေါင်းထဲထည့်မတွက်ဘူး။ ကျွန်တော်ပြောသလိုပေါ့။ သွားပွတ်တံနဲ့ မုတ်ဆိတ်ရိတ်ဓားနဲ့ ပိုက်ဆံနဲ့ လျှောက်သွားတဲ့သူတွေချည်းပဲ။ အားနည်းချက်က ဘာလဲဆိုတော့ ခေါင်းဆောင်မှုပြဿနာပဲ။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်မရှိဘူး။ မရှိတဲ့အခါကျတော့ ပြတ်သားတဲ့ခေါင်းဆောင်မှုတစ်ခုကို မပေးနိုင်ဘူး။ Power Share, Role Share လုပ်ပါဆိုတော့လည်း သူတို့မလုပ်နိုင်ဘူး။ သူတို့က ခေါင်းဆောင်မဟုတ်ဘူးလို့ ဦးအောင်ရွှေက အဲဒီလိုပြောတာကို။မေး  - အစည်းအဝေးပြီးပြီးချင်း ဖမ်းဆီးတာတွေရောရှိခဲ့သလား။ဦးခင်မောင်ဆွေ -  ဘယ်နေ့ဖမ်းမလဲစောင့်နေရတာပေါ့။ အဲဒီမှာပဲ ဦးသာဆိုင်တို့က မန္တလေးကရဲဘော်များဆင်းလာတယ်။ ပီတာလင်းပင်နဲ့ ကျယ်ကျယ်နဲ့ အောက်ထပ်မှာလာပြီးတော့ စင်ပြိုင်အစိုးရဖွဲ့ဖို့ မန္တလေးမှာဆွေးနွေးမယ်ဆိုပြီး လာအော်တဲ့အခါကျတော့ ထောက်လှမ်းရေးတွေပြည့်နေတဲ့အောက်မှာ လာအော်တယ်။ ဦးသာဆိုင်တို့အဖမ်းခံရတာပေါ့။ ကျွန်တော်သိတယ်။ သွားပြီ  ငါတော့အဖမ်းခံရပြီပေါ့။ မန္တလေးပါမသွားဘဲအဖမ်းခံရတာ။ သူတို့နဲ့တစ်နေရာတည်း အဖမ်းခံရတာ။မေး - ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ပေးဘူး။ ကြေညာချက်အမှတ် ၁/၉၀ ကိုထုတ်ပြန်တယ်။ နောက်ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးတယ်။ ဒီလိုပြုမူတာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဘယ်လိုများသုံးသပ်ချင်ပါသလဲ။ဦးခင်မောင်ဆွေ - နံပါတ်တစ်ကတော့ သူတို့ကတိမတည်ဘူးပေါ့။ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာ နိုင်ငံရေးဂုဏ်သိက္ခာပဲ့အောင် အာဏာသိမ်းသွားတာပဲ။ မလုပ်သင့်တဲ့ဟာပေါ့။ လုပ်မယ်ဆိုရင်လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတာပဲ။ သူတို့က အဲဒီအချိန်တုန်းက တကယ်လို့များ တစညသာနိုင်သွားရင် အာဏာလွှဲမှာပေါ့။ ကျွန်တော်ကြားတာ ဗိုလ်ချုပ်ကျော်ထင်အိမ်မှာ မို့မို့မြင့်အောင်တို့ကိုခေါ်ပြီးတော့ ညစာစားပွဲတွေ လုပ်ထားသေးတယ်။ ရှုံးတဲ့အခါကျတော့မလုပ်တော့ဘူးပေါ့။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မယုံလို့ပေါ့။ ဦးတင်ဦးဆိုတာ သူတို့ကမုန်းတာပေါ့။ ဦးတင်ဦးက တပ်သစ္စာဖောက်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကိုဆော်မယ့်ပုဂ္ဂိုလ်ဆိုပြီးတော့ အခုချိန်အထိမယုံဘူးလေ။ ဒီအုပ်စုကိုပေးရင် သူတို့အကျိုးစီးပွားတွေ အကာအကွယ်မဲ့မယ်ဆိုပြီးတော့ ဒါကအဓိကပဲ။ တိုင်းပြည်စီးပွားရေးက ဒုတိယပါ။ အဲဒီတော့ အာဏာသိမ်းသွားတဲ့သဘောပါပဲ။ ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးလေ။ ရွေးကောက်ပွဲရလဒ်တစ်ခုတည်းရှိတဲ့ ပါတီတစ်ခုဟာ လက်နက်၊ အုပ်ချုပ်ရေးအာဏာ၊ နယ်မြေစိုးမိုးမှု၊ နိုင်ငံတကာဆက်ဆံရေးယူထားတဲ့  နဝတနဲ့ ကျွန်တော်တို့ယှဉ်ပြိုင်မယ်ဆိုရင် ယှဉ်ပြိုင်တဲ့ဟာက ကျွန်တော် ၁၆ နှစ်ခွဲ ထောင်ထဲနေလာပြီးတဲ့ဟာက ဘာတစ်ခုမှအရာမထင်ခဲ့ဘူး။ အဲဒါဘာလဲဆိုတော့ Confrontation လမ်းကို ကျွန်တော်တို့ရွေးခဲ့တာကို။ ကျွန်တော်တို့က မရရင်မယူဘူးဆိုတာတောင်မဟုတ်ဘူး။ ရသလောက်ပေးပါဆိုတာတောင် သူတို့ကလက်မခံတဲ့အခါမှာ ကျွန်တော်တို့က Confrontation လမ်းပေါ်ကမဆင်းကြဘူး။ ကျွန်တော်တို့သွားတဲ့လမ်းကြောင်းက Pressure နဲ့ Compromise ပေါ့။ ဖိအားပေးမယ်။ ပြီးမယ်ညှိမယ်။ သူတို့က ညှိကိုမညှိတဲ့သူတွေ။ ဖိအားပေးလည်း ညှိမှာမဟုတ်ဘူး။ သူတို့ Exit Strategy အရ ၂၀၀၈ အခြေခံဥပဒေရေးပြီး ထွက်သွားတဲ့အခါကျတော့မှ ထွက်လမ်းကရတာကို။ ကျွန်တော်တို့ တစ်ဝက်လောက်မှာသိတယ်။ ဦးကြည်မောင်ကိုပြောတယ်။ Power Share, Role Share လုပ်ဖို့လိုတယ်။ လုပ်ကြရင်မကောင်းဘူးလားဆိုတော့ ကောင်းတယ်တင်ပါဆိုတော့ မျိုးချစ်ဘက်က ဦးအောင်ရွှေတို့က သူတို့ထင်တာ အဲဒီတုန်းက အာဏာလွှဲလိမ့်မယ်ထင်နေတာကို။ ဒါပေမဲ့မရခဲ့ဘူး။ အဲဒီတော့ သူတို့လျှောက်တဲ့လမ်းပေါ့။ အဲဒီတုန်းက ကျွန်တော်တို့က စီအီးစီအဖွဲ့မှာ မျိုးချစ်ကဆုံးဖြတ်ပြီးမှ လာချတာကို မျိုးချစ်အဖွဲ့ဆုံးဖြတ်ပြီးလာချတော့ ကျွန်တော်တို့နဲ့ အတိုက်အခံဖြစ်ကြတယ်။ အဲဒီတော့ သူတို့သွားတဲ့လမ်းကြောင်းကို နောက်ကလိုက်ရတဲ့သဘောပဲ။ သူတို့ကိုယ်သူတို့ထင်နေတာပေါ့။ တပ်ကလာတာဆိုတော့ လွှဲမယ်ပေါ့။ ဘယ်လွှဲလိမ့်မလဲဗျာ။ အာဏာကို သူကကိုင်ထားမယ်ဆိုတဲ့ဟာက သူ့မှာရှိပြီးသားဖြစ်နေပြီ။ ဒေါ်စုကိုမယုံကြည်တာလည်းပါတယ်။ အရပ်သားအစိုးရကို တက်ဖို့အခွင့်မပေးချင်တာလည်းပါတယ်။ သူတို့ဆက်ကိုင်ရမယ်ဆိုတာလည်း ဆုံးဖြတ်ပြီးသားဖြစ်နေတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ရဲ့ပြဿနာက ဒါပဲလေ။ နောက်ပြီးတော့ ၁၉၈၈ ဖြစ်ပြီးတဲ့အခါမှာ ကျောင်းသားလူငယ် တက်ကြွလှုပ်ရှားသူတွေရဲ့ နိုင်ငံရေးသဘောထားတွေက တင်းမာနေဆဲပဲရှိတော့ သူတို့မပေးရဲဘူးပေါ့။ အရပ်သားအစိုးရပေးရင်လည်း သူတို့ထိတော့မှာပဲဆိုတဲ့ အတွေးတွေကလည်းရှိနေတာကို။ အခုတောင်မှ ရပ်ခံနေသေးတာပဲလေ။ ဟိုတုန်းကပိုဆိုးမှာပေါ့။ အာဏာမလွှဲတာတော့ သူတို့အကြောင်းနဲ့သူတို့ရှိပြီးသားလေ။ ဒီလိုဟာမျိုး နောက်ထပ်မဖြစ်ဖို့ သိပ်အရေးကြီးတယ်။ ပြည်သူလူထုကို ဒါစော်ကားတာပဲလေ။ ပြည်သူလူထုနဲ့ ကျွန်တော်တို့ပိုင်ခွင့်ကြီးကို နိုင်ငံရေး ငါတကောကောတာပဲ။ ဒါစော်ကားတာပဲ။ ပြည်သူကိုစော်ကားတာက နိုင်ငံရေးမှာအကြီးမားဆုံး Crime ပဲ။ ဒါမျိုးထပ်မဖြစ်ဖို့ ကျွန်တော်တို့အရမ်းလိုလားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနှင့် သူတို့၏ အသံတပ်မတော်အရာရှိဟောင်းတစ်ဦး (၁၉၉၀ ရွေးကောက်ပွဲကာလတွင် ရန်ကုန်မြို့၌ တာဝန်ထမ်းဆောင်ခဲ့သူ )    "အဲဒီတုန်းက ကျွန်တော်က မြို့တော်ခန်းမမှာတာဝန်ကျတာ။ အဲဒီနားတစ်ဝိုက်မှာ ပင်နီတိုက်ပုံတွေနဲ့ လှုပ်ရှားနေကြတာ။ စည်းရုံးရေးလုပ်နေကြတာ။ ကျွန်တော်တို့တောင်အံ့သြတယ်။  တပ်မတော်ကလည်း တရားမျှတစွာနဲ့ တာဝန်ကျေကျေနဲ့ ရွေးကောက်ပွဲကိုကျင်းပပေးခဲ့တယ်။ ထင်ထားတာက သူတို့ဘာသာနိုင်မယ်လို့ ထင်ထားသလားမသိဘူး။ တကယ်တမ်းကျတဲ့အခါကျတော့ တစညကမရဘဲနဲ့ NLD ကရသွားတယ်။ တပ်နဲ့နီးတဲ့အသိုင်းအဝိုင်းတွေပေါ့။ ဥပမာ-မင်္ဂလာဒုံတို့၊ မှော်ဘီတို့လိုမျိုး တပ်နယ်တွေကတောင်မှမရဘူး။ ဘာလို့မရသလဲဆိုတော့ ပြောင်းလဲမှုကိုလိုချင်ကြတယ်။ ရွေးကောက်ပွဲမျှမျှတတလုပ်ခွင့်ရတဲ့အခါ မဲတွေကိုကြေညာတဲ့အခါ တပ်မတော်ရဲ့ ကျောထောက်နောက်ခံရှိတဲ့ တစညမရဘဲ NLD ကရသွားတယ်။ အခုလည်း အဲဒီလို မျှမျှတတလုပ်မယ်ဆိုရင်တော့ NLD ပဲရမယ်ထင်ပါတယ်။ ဘယ်သူပဲရရ တိုင်းပြည်ကိုအကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်မယ့် လူထုရဲ့အကျိုးကို မိသားစုစိတ်ဓာတ်နဲ့ ဦးဆောင်မှုပေးနိုင်တဲ့ စိတ်ကောင်းရှိတဲ့ ခေါင်းဆောင်ကောင်းဖြစ်ဖို့လိုတယ်"ဦးရဲညွန့်(ကျောင်းဆရာ - အငြိမ်းစား) မကွေးတိုင်း၊ ချောက်မြို့နယ်၊ ပေပင်ကုန်းရွာ    "အဲဒီတုန်းက သြဇာတောစာသင်ကျောင်းလုပ်တဲ့ မဲရုံမှာတာဝန်ကျတယ်။ လုပ်တာကတော့ ကျောင်းဆရာပေါ့။ တာဝန်ကျတာကတော့ ရပ်ရွာထဲကပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တာဝန်ကျတာ။ သြဇာတောရယ်၊ ပေပင်ကုန်းရယ်၊ မလွှတောင်ရယ်ကသူတွေ မဲပေးကြတာ။ အဲဒီတုန်းက ထင်ရှားတဲ့ပါတီက ခမောက်နဲ့ စပါးနှံပဲ။ ခမောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ။ စပါးနှံဆိုတာ တစည။ ပါတီတွေဘာတွေက စွက်ဖက်တာလည်းမရှိခဲ့ဘူး။ နောက်တစ်ခါ မဲပေးတဲ့အခါမှာလည်း ဘာပြဿနာမှမဖြစ်ခဲ့ဘူး။ အဲဒီလောက် အကြမ်းဖျင်းပဲမှတ်မိတယ်။ ခမောက်ကနိုင်သွားတာပဲဖြစ်လောက်ပါတယ်။ ဘာဖိအားမှမရှိဘူး။ လွတ်လပ်စွာမဲပေးပိုင်ခွင့်ကလည်း ရာနှုန်းပြည့်ပဲ။ အဲဒါပဲ အခြေခံအချက်အလက်ကတော့။ မဲရုံတာဝန်ကျပုဂ္ဂိုလ်တွေကိုလည်း ဘယ်သူကမှ ဖိအားပေးတာတွေ ဘာမှမရှိခဲ့ဘူး။ လွတ်လပ်တဲ့ရွေးချယ်တင်မြှောက်ပွဲကတော့ သေချာတယ်"ဦးသန်းဆင့် (ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ)      "အဲဒီတုန်းက တစညကရှုံးသွားတာ။ တို့ရွာမှာလည်း သူတို့ရှုံးသွားပြီးတော့ NLD ကနိုင်သွားတာ။ ကျွန်တော်ကတော့ မဲရုံဦးစီးတာလောက်ပဲလုပ်တာ။ ပေးထားတဲ့တာဝန်ကို တာဝန်ကျေအောင်လုပ်ခဲ့တယ်။ အသေးစိတ်ကိုတော့ ရွာက ကောင်စီစာရေးကလုပ်တာပေါ့။ မဲပေးတာနဲ့ပတ်သက်ပြီး ဘာမှပြဿနာမရှိဘူး။ မဲပေးတဲ့ကိစ္စလည်း အေးအေးချမ်းချမ်းနဲ့ပြီးသွားတယ်။  ကြေညာတော့ NLD ကနိုင်သွားတယ်။ဦးခွန်မြင့်ထွန်း( ဥက္ကဋ္ဌ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် -PNLO)    "ကျွန်တော်က ၁၉၉၀ ပြည့်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ နိုင်တာက သထုံမဲဆန္ဒနယ် အမှတ်(၁)ကနေ။ အဲဒီတုန်းက အနိုင်ရရှိတဲ့မဲက ၇၆ ရာခိုင်နှုန်းနဲ့တူပါတယ်။ ကျွန်တော်တို့ကတော့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ရင် မြန်မာပြည်သမိုင်းမှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်လောက် အင်အားရှိတဲ့ ရွေးကောက်ပွဲရလဒ်မရှိခဲ့ဘူး။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်က ရွေးကောက်ပွဲကိုကျင်းပပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်က နိုင်ငံတကာကိုကြေညာခဲ့တာက တပ်မတော်အနေနဲ့ သမိုင်းမှာ ရွေးကောက်ပွဲ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကို ကျင်းပပေးတယ်။ အဲဒီ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲကြီးက လွတ်လပ်သန့်ရှင်းစွာနဲ့ ကျင်းပပေးနိုင်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီးလုပ်တဲ့ တပ်မတော်ခေါင်းဆောင်ကလည်း ဒီရွေးကောက်ပွဲရလဒ် လွတ်လပ်သန့်ရှင်းတယ်ဆိုတာကို အတည်ပြုပြီး နိုင်ငံတကာကိုကြေညာခဲ့တယ်။ ဂုဏ်ယူခဲ့တယ်။ နောက်တစ်ခါ ရွေးကောက်ပွဲမှာရှုံးခဲ့တဲ့သူတွေ အဲဒီတုန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပါအဝင် ရှုံးခဲ့တဲ့ပါတီတွေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့အပေါ်မှာ မတရားအနိုင်ယူသွားတယ်ရယ်လို့ ကန့်ကွက်တာပြောဆိုတာတွေမရှိခဲ့ဘူး။ အဲဒီတော့ ရှုံးတဲ့သူရော နိုင်တဲ့သူရောအကြားမှာ ကျေကျေနပ်နပ်ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ် လို့ အဲဒီလိုပြောလို့ရတယ်။ နောက်တစ်ခါ  ပြည်သူလူထုကလည်း အဲဒီကာလမှာ အချို့ နေရာတွေမှာ အနှောင့်အယှက်အဟန့်အတား အနည်းနဲ့အများရှိခဲ့ပေမယ့် တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် လူထုက သူတို့ရဲ့ဆန္ဒမဲကို လွတ်လပ်စွာဆန္ဒပြုနိုင်ခဲ့တယ်။ နိုင်ငံတကာကလည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လွတ်လပ်သန့်ရှင်းတဲ့ရွေးကောက်ပွဲအနေနဲ့ အသိအမှတ်ပြုခဲ့တယ်"

Most Read

Most Recent