မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍအတွင်း စုဆောင်းအပ်ငွေပမာဏ ကျပ် ၂၂ ထရီလျံရှိပြီး ပြန်လည်ထုတ်ချေးငွေပမာဏ ကျပ် ၁၃ ထရီလျံသာရှိကြောင်း သိရ

မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍအတွင်း စုဆောင်းအပ်ငွေပမာဏ ကျပ် ၂၂ ထရီလျံရှိပြီး ပြန်လည်ထုတ်ချေးငွေပမာဏ ကျပ် ၁၃ ထရီလျံသာရှိကြောင်း သိရ
Published 25 May 2015
နွဲ့ယဉ်အေး

မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍအတွင်း စုဆောင်းအပ်ငွေပမာဏ ကျပ် ၂၂ ထရီလျံရှိပြီး ပြန်လည်ထုတ်ချေးငွေပမာဏ ကျပ် ၁၃ ထရီလျံသာ ရှိနေကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းအသင်းချုပ် UMFCCI ၏ တရားဝင်သုတေသနကုမ္ပဏီ New Crossroads Asia (NCRA) မှ သိရသည်။မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်လုပ်ကိုင်နေသော ပြည်တွင်းဘဏ်မှာ ၂၇ ဘဏ်ရှိပြီး နိုင်ငံတကာဘဏ်ပေါင်း ကိုးဘဏ်ရှိသည်။ဘဏ်လုပ်ငန်း အမျိုးအစားများမှာ ပုဂ္ဂလိကဘဏ် ၁၃ ဘဏ်၊ လိုင်စင်ရ နိုင်ငံခြားဘဏ် ကိုးဘဏ်၊ သက်တမ်းရင့် နိုင်ငံပိုင်ဘဏ် လေးဘဏ်၊ ခေတ်သစ်နိုင်ငံပိုင်ဘဏ် ငါးဘဏ်၊ စည်ပင်ဘဏ် သုံးဘဏ်နှင့် အာမခံလုပ်ငန်းပေါင်း ၁၂ ခု ရှိသည်။မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှုနှင့် အိမ်ခြံမြေ ဈေးကစားမှုများကြောင့် ဘဏ်များပြိုလဲအပြီး ချမှတ်ခဲ့သည့် ကန့်သတ်တားဆီးနေသည့် စည်းမျဉ်းများကြောင့် နောက်သို့ ဆွဲထားသကဲ့သို့ ဖြစ်နေကြောင်း NCRA မှ ပညာရှင်များက သုံးသပ်ထားသည်။တင်းကျပ်သည့် အဆိုပါဘဏ်စည်းမျဉ်းများမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လအထိ ဘဏ်လုပ်ငန်းကဏ္ဍတွင် ချေးငွေ၊ အပ်ငွေအချိုးမှာ ရာခိုင်နှုန်း ၆၀ ထက် နိမ့်နေသည်ကို တွေ့ရကြောင်း NCRA က ဖော်ပြခဲ့သည်။အစိုးရဘဏ်များမှာမူ ပုဂ္ဂလိကဘဏ်များထက် အခြေအနေပိုကောင်းပြီး ၂၀၁၂ ခုနှစ် မတ်လအထိ စာရင်းများအရ ၁၉၉၁ ခုနှစ် မတိုင်မီကတည်းက တည်ထောင်ခဲ့သော အစိုးရဘဏ် လေးဘဏ်တွင် ချေးငွေ၊ အပ်ငွေ အချိုးမှာ ၁၁ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဘဏ်ချေးငွေရရှိရန်မှာ ခက်ခဲသောကိစ္စရပ် တစ်ခုဖြစ်ပြီး အပေါင်ပစ္စည်း ပြသနိုင်သည့် မိသားစု (သို့မဟုတ်) စီးပွားရေးလုပ်ငန်းမှာ အနည်းငယ်သာရှိသည်။မြန်မာ့စီးပွားရေးတွင် အဓိက အတားအဆီး ဖြစ်နေသည့် အခက်အခဲများတွင် ဘဏ္ဍာရေး ရရှိနိုင်မှုက အကြီးဆုံးအခက်အခဲ ဖြစ်နေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများတွင် ဖော်ပြမှုများအရ သိရသည်။    ၂၀၀၈ ခုနှစ် မတ်လတွင် ဘဏ်အပ်ငွေနှင့် ချေးငွေတို့မှာ နိုင်ငံဂျီဒီပီ၏ ၆ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းသာ အသီးသီးရှိခဲ့ပြီး အဆိုပါပမာဏမှာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ အချို့မှလွဲ၍ အနိမ့်ဆုံးပမာဏ ဖြစ်ခဲ့သည်။၎င်းနောက်တွင်မှ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းတွင် ပြည်တွင်းဘဏ်များ၏ အပ်ငွေနှင့် ချေးငွေများမှာ နိုင်ငံဂျီဒီပီ၏ ၂၃ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း NCRA က ဖော်ပြချက်အရ သိရသည်။မြန်မာနိုင်ငံအနေဖြင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် တိုးတက်မှုများ ရှိခဲ့သော်လည်း ရှေ့ဆက်နိုင်ရန်မှာ အရေးပေါ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဟု NCRA မှ ပညာရှင်များက ထောက်ပြခဲ့သည်။မြန်မာနိုင်ငံတွင် ဘဏ်များထံမှ ငွေချေးမှုကို စည်းမျဉ်းများ တင်းကျပ်စွာ ချမှတ်ထားပြီး ဗဟိုဘဏ်၏ တင်းကျပ်စွာ ပါဝင်မှုများကြောင့် ဘဏ်လုပ်ငန်းမှ နိုင်ငံ၏ ဂျီဒီပီနှင့် ဆက်စပ်မှုများ အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent