ယနေ့ကမ္ဘာ့နိုင်ငံ အများစုမှာ ကြုံတွေ့နေရတဲ့ မြို့ပြနဲ့ ကျေးလက်ဒေသ စီးပွားရေးအခွင့်အလမ်း ကွာခြားမှုကြောင့် ကျေးလက်မှ မြို့ပြများသို့ အုံနဲ့ကျင်းနဲ့ ပြောင်းရွှေ့နေထိုင်ကြတဲ့ ဖြစ်စဉ်ကို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြန်မာနိုင်ငံမှာလည်း ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် ကျေးလက်ဒေသမှ မြို့ကြီးများကို ပြောင်းရွှေ့နေကြသလို ပြည်ပနိုင်ငံများမှာ သွားရောက်အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာလည်း သန်းနဲ့ချီရှိနေပြီး နိုင်ငံရဲ့ စီးပွားရေး အပါအဝင် အရေးကြီးတဲ့ ကဏ္ဍများကို သက်ရောက်မှုများ ဖြစ်ပေါ်စေလျက် ရှိပါတယ်။ ကျေးလက်ဒေသက အများဆုံး ပြောင်းရွှေ့ကြတဲ့ မြို့ကြီးများထဲမှာ နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်က ထိပ်ဆုံးမှာ ရှိနေပါတယ်။ မကြာခင်နှစ်များဆီက အစိုးရရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့သွားကြပေမယ့် စီးပွားလုပ်ငန်းအများစု အခြေစိုက်ရာ ရန်ကုန်မြို့တော်ကြီးကတော့ စည်ကားမြဲ ရှိနေခဲ့ပါတယ်။ နိုင်ငံအနှံ့မှ ရွှေ့ပြောင်းလာသူ တစ်စတစ်စ များလာတာနဲ့အမျှ ယနေ့ရန်ကုန်မြို့ကြီးဟာ ပူဖောင်းတစ်လုံးနှယ် တင်းကားပေါက်ကွဲထွက်တော့မယောင် ဖြစ်နေပါတယ်။ တစ်စတစ်စ တိုးလာတဲ့ ပြောင်းရွှေ့နေထိုင်သူများကြောင့် ရန်ကုန်မြို့ရဲ့ ရှုခင်းဟာ နေရာတိုင်းမှာ ကျပ်ညပ်နေပြီး နေထိုင်သူ အများစုရဲ့ လူမှုဘဝတွေဟာ ယခင်ကလောက် သက်သာချောင်ချိခြင်း မရှိတော့ပါဘူး။ ကျဉ်းမြောင်းပြီး ပေါက်ပြဲနေတဲ့လမ်းများ၊ ပြွတ်သိပ်နေတဲ့ မော်တော်ယာဉ်များ၊ တန်ဖိုးမြင့်လာတဲ့ အိမ်ခန်းများ၊ တက်ရိပ်ပြနေတဲ့ ကုန်စည်ဈေးနှုန်းများ၊ များပြားလာနေတဲ့ အမှုအခင်းများ၊ သောက်သုံးရေနှင့် လျှပ်စစ်မီး မလုံလောက်မှုများ၊ ဟီးထနေတဲ့ လမ်းဘေးအမှိုက်ပုံများ၊ ကျူးကျော်နေထိုင်မှုများ အပါအဝင် မြို့ပြလူနေမှုဆိုင်ရာ ပြဿနာများစွာဟာ ယနေ့နိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော် နေထိုင်တဲ့ ရန်ကုန်မြို့ကြီးကို စိန်ခေါ်နေကြပါတယ်။
လူဦးရေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကျော်၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်း အရတော့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ၂၀၁၄ ခုနှစ် မတ် ၂၉ ရက် ညသန်းခေါင်ယံအချိန်မှာ ရှိနေကြတဲ့ (ပြည်ပရှိ မြန်မာသံရုံးများမှ ဝန်ထမ်းများ အပါအဝင်) မြန်မာနိုင်ငံရဲ့ လူဦးရေမှာ ၅၁ သန်းကျော်ဖြစ်ပြီး ရန်ကုန်မြို့မှာရှိနေတဲ့ လူဦးရေမှာတော့ (၅ ဒသမ ၂) သန်းဖြင့် လူဦးရေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကျော်အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာရင်းများအရ ၁ ဒသမ ၂၃ သန်းဖြင့် ဒုတိယလူဦးရေ အများဆုံးရှိခဲ့တဲ့ မန္တလေးမြို့ထက် ရန်ကုန်မြို့ဟာ နေထိုင်သူလူဦးရေ လေးဆနီးပါး ပိုများနေခဲ့တာ ဖြစ်ပါတယ်။ အစိုးရရုံးများ ရုံးမစိုက်တော့ပေမယ့်လည်း နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကြီးများ အားလုံးနီးပါး အခြေစိုက်ထားတဲ့ မြို့ဖြစ်တာကြောင့် အခြားဒေသမှ ပြောင်းရွှေ့လာသူများ အပါအဝင် မြို့မှာ အခြေချနေထိုင်သူ ဦးရေဟာ အခြားနိုင်ငံ မြို့ကြီးများနည်းတူ ဆက်လက်တိုးပွားလာမယ့် အခြေအနေတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ စံနှုန်းအရ လူဦးရေ ၁၀ သန်းနဲ့အထက် နေထိုင်တဲ့ မြို့ကြီးများကို မဂ္ဂါစီးတီးများအဖြစ် သတ်မှတ်ထားပြီး လက်ရှိရန်ကုန်မြို့ လူဦးရေအရ မဂ္ဂါစီးတီးစာရင်း မဝင်သေးသော်လည်း လာမယ့် ၂၀၄၀ ပြည့်နှစ်တွင် အနည်းဆုံး ကိုးသန်းမှ ၂၄ သန်းအထိ တိုးပွားလာနိုင်ကြောင်း ရန်ကုန်မြို့တော်ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲသူများက ခန့်မှန်းထားခဲ့ပါတယ်။
မြို့ရဲ့ အနာဂတ်ဝီကီပီးဒီးယားရဲ့ ဖော်ပြချက်အရ ၂၀၁၄ ခုနှစ်အထိ မီဂါစီးတီး ၃၃ မြို့ရှိနေပြီး တိုကျို၊ ဒေလီ၊ ဆိုလ်း၊ ရှန်ဟိုင်း၊ မွမ်ဘိုင်း၊ နယူးယောက်၊ ဆော်ပေါ်လို၊ ပေကျင်း၊ ဂျကာတာ အစရှိတဲ့မြို့ကြီးတွေ ပါဝင်ပြီး အချို့မြို့တွေဟာ လူဦးရေသန်း ၂၀ အထက် နေထိုင်ကြတဲ့မြို့တွေ ပါဝင်နေပါတယ်။ အဲဒီမြို့တွေမှာလည်း နေထိုင်သူလူဦးရေ တိုးပွားလာတာနဲ့အမျှ မြို့ပြလူနေထိုင်မှုဆိုင်ရာ ပြဿ နာတွေကို ကြုံတွေ့ခဲ့ရပြီး စီမံခန့်ခွဲသူများအတွက် မြို့ပြဆိုင်ရာစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ကြရပါတယ်။ လက်ရှိရန်ကုန်မြို့ဟာလည်း မီဂါစီးတီးအဖြစ် ရောက်ရှိဖို့ သတ်မှတ်လူဦးရေ ၁၀ သန်းရဲ့ တစ်ဝက်ကျော်သာ ရောက်ရှိနေခဲ့ပေမယ့် ဖြေရှင်းဖို့ရှိနေတဲ့ မြို့ပြဆိုင်ရာ ပြဿနာ များကတော့ ဒုနဲ့ဒေး ရှိနေပါတယ်။ အထူးသဖြင့် မြို့တွင်နေထိုင်သူများအတွက် အများစုလက်လှမ်းမီတဲ့ အိမ်ရာများ ပေါ်ထွက်လာရေး၊ သောက်သုံးရေဖူလုံရေး၊ ကောင်းမွန်သောသယ်ယူပို့ဆောင်မှုစနစ် ရှိရေး၊ လျှပ်စစ်မီးလုံလောက်စွာ ရရှိရေး၊ မိလ္လာနဲ့အမှိုက်သိမ်း စနစ်ကျရေး အပါအဝင် မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဘယ်ရွေ့ဘယ်မျှ ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာက ရန်ကုန်မြို့ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ ကူညီမှုနဲ့ ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့မှာရှိတဲ့ မြောက်ဥက္ကလာ၊ လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စောင့်ကြည့်စီမံကိန်း (pilotproject) အဖြစ် ဆောင်ရွက်ရာမှာ အဲဒီမြို့နယ်တွေမှာ လမ်းပိုင်းဆိုင်ရာ အခက်အခဲများ၊ အညစ်အကြေးစွန့်ပစ်မှုပိုင်းဆိုင်ရာ အခက်အခဲများ၊ ရေဆိုးစွန့်ပစ်မှု၊ သောက်သုံးရေ မလုံလောက်မှု၊ လျှပ်စစ်မီးမလုံလောက်မှု၊ ကျူးကျော်ပြဿနာ၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက် အစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။
မြို့ပြဆိုင်ရာ ကျပ်တည်းမှုဒီလို ရန်ကုန်မြို့ကြီးမှာ မြို့ပြဆိုင်ရာ အကျပ်အတည်းများ ရှိလာရခြင်းမှာ စီးပွားရေးအခွင့်အလမ်း ပိုရှိနိုင်တဲ့ မြို့ကြီးများကို ကျေးလက်ဒေသမှာ နေထိုင်သူများက အလုံးအရင်းနဲ့ ပြောင်းရွှေ့နေထိုင် လာကြတာကလည်း အကြောင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ အထူးသဖြင့် မြို့ပြနဲ့ကျေးလက် တန်းတူဖွံ့ဖြိုးရေး အစီအမံများဟာ ထင်သလောက် ခရီးမပေါက်ခဲ့တဲ့ နောက်ကျေးလက်နေသူ အများအပြားဟာ စီးပွားရှာဖို့အတွက် ရန်ကုန်မြို့လို မြို့ကြီးတွေကို အများအပြား ရွှေ့ပြောင်းသွားလာကြတာ ဖြစ်ပါတယ်။ တကယ်တော့ မြို့ပြကျေးလက်ကွာဟမှု ပြဿနာ ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားမှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာလည်း ဆင်းရဲမွဲတေမှုလျှော့ချရေး ကြွေးကြော်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော်လည်း ကျေးလက်ဒေသကနေ မြို့ပြသို့ စီးပွားရေးအတွက် ဆက်လက်ပြောင်းရွှေ့နေမှုများက ဆောင်ရွက်ချက်တွေ အောင်မြင်မှု မရှိတာကို ပြသနေတာ ဖြစ်ပါတယ်။ ရခိုင်ဒေသကသူတွေ ကချင်ပြည်နယ် ကျောက်တူးလုပ်ငန်းမှာ သွားလုပ်နေကြတာ၊ မကွေးဒေသကသူတွေ လောက်ကိုင်ဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာ၊ ဧရာဝတီဒေသကသူတွေ နာဂစ်အပြီး ရန်ကုန်အလုံးအရင်းနဲ့ ဝင်လာတာ၊ အညာဒေသကသူတွေ ရန်ကုန်ကို ပိုပြီးပြောင်းရွှေ့လာကြတာတွေက နိုင်ငံအတွင်း တစ်နေရာမှ တစ်နေရာသို့ စီးပွားရေးအလို့ငှာ ပြောင်းရွှေ့သွားလာမှု များပြားနေတာကို ပြဆိုနေပါတယ်။ ဒီလို ပြောင်းရွှေ့မှုတွေကြောင့်လည်း ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးတွေဟာ နေရာအနှံ့ကလူတွေ ပြောင်းရွှေ့နေထိုင်လာခြင်းနဲ့အတူ မြို့ပြဆိုင်ရာ ကျပ်တည်းမှုတွေကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြဝတီနယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကိုရွှေသိန်း)
ဒီလိုမြို့ပြကို အလုံးအရင်းနဲ့ ပြောင်းရွှေ့မှုကို လျှော့ချဖို့ဆိုရင် ကျေးလက်ဒေသများရဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသရဲ့ လယ်ယာစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးအောင်လုပ်ဖို့လိုပြီး အိုးမကွာအိမ်မကွာ အလုပ်လုပ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။ စက်မှုဇုန်လို အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းတွေကို နယ်ဒေသတွေမှာ ထူထောင်ပေးဖို့ လိုပါတယ်။ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း စက်မှုဇုန်အသစ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်း တပ်ကုန်းစက်မှုဇုန်နဲ့ ရတနာပုံစက်မှုဇုန်၊ ကရင်ပြည်နယ်တွင် ဘားအံစက်မှုဇုန်၊ မြဝတီစက်မှုဇုန်နဲ့ ဘုရားသုံးဆူစက်မှုဇုန်၊ ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်းစက်မှုဇုန်၊ ရှမ်းပြည်နယ်တွင် နမ့်အွန်စက်မှုဇုန်ကဲ့သို့ စက်မှုဇုန်များ ထူထောင်ဖို့ ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဲဒီစက်မှုဇုန်များဟာ အောင်မြင်တဲ့ ဇုန်တွေအဖြစ် ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် အပါအဝင် ရင်းနှီးမြှုပ်နှံသူ နည်းပါးခြင်းများက စက်မှုဇုန်သစ်များ မအောင်မြင်ရခြင်းရဲ့ အကြောင်းတစ်ရပ် ဖြစ်စေပြီး ကျေးလက်အပါအဝင် နယ်ဒေသများမှာ နေထိုင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ သိသာစွာ ဖော်ဆောင်ပေးနိုင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။ အဲဒီလို နယ်ဒေသတွေမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါပေါများများ မဖော်ဆောင်ပေးနိုင်ခြင်းရဲ့ အကျိုးဆက်အဖြစ် ရန်ကုန်မြို့ကို စီးပွားရေးအခွင့်အလမ်းရှာဖွေဖို့ ပြောင်းရွှေ့လာသူတွေ တိုးလာပြီး မြို့ပြဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုမိုရှုပ်ထွေးအောင်လုပ်သလို ဖြစ်စေပါတယ်။ဒီအတွက် ရန်ကုန်မြို့မှာ ယနေ့ကြုံတွေ့နေရတဲ့ မြို့ပြဆိုင်ရာ ကျပ်တည်းမှုပြဿနာတွေကို ဖြေရှင်းရာမှာ စနစ်ကျတဲ့ မြို့ပြစီမံကိန်းတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်သလို မြို့ပြနဲ့ကျေးလက် ဟန်ချက်ညီစွာ ဖွံ့ဖြိုးမှုဟာလည်း ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်ကြောင်း သတိပြုကြဖို့ လိုအပ်ပါတယ်။ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားနိုင်ခြင်းက တချို့ပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ လွယ်ကူစေပါတယ်။ သိရသလောက် ရန်ကုန်မြို့အတွက် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အမည်ရှိတဲ့ နှစ် ၄၀ နီးပါး ကြာမြင့်မယ့် စီမံကိန်းတစ်ခုကို ပြီးခဲ့တဲ့ ၂၀၁၂ အတွင်း စတင်ခဲ့ပါတယ်။ စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင် တာဝန်ရှိသူများနဲ့ မြို့ပြဆိုင်ရာ ပညာရှင်များ ပါဝင်ခဲ့ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ပညာရှင်များရဲ့ အကူအညီကို ရယူရေးဆွဲထားတာ ဖြစ်ပါတယ်။ စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်ရမယ့် စီမံကိန်းကို အမေရိကန်ဒေါ်လာ ငါးဘီလျံလောက် ကုန်ကျဖို့ ခန့်မှန်းထားပြီး မြို့ပြဖွံ့ဖြိုးရေးပိုင်း၊ အခြေခံအဆောက်အအုံပိုင်း၊ အများပြည်သူ ပို့ဆောင်ရေးကဏ္ဍ၊ လမ်းကွန်ရက်၊ ရေစီးရေလာ ကောင်းမွန်ရေး အပါအဝင် အိမ်ရာ၊ ရေ၊ လျှပ်စစ်၊ မိလ္လာ၊ အမှိုက် စသဖြင့် မြို့ပြဆိုင်ရာ လိုအပ်ချက်များကို အကောင်အထည်ဖော်ဖို့ ပါဝင်ပါတယ်။ ဒီလို ငွေကြေးများစွာ ကုန်ကျခံပြီး မြို့ပြဆိုင်ရာ ပြုပြင်မှုတွေ ပြုလုပ်ဖို့ ရှိနေပေမယ့် အခြားဒေသက ပြောင်းရွှေ့လာနိုင်တဲ့ ကိစ္စများကို မဖြေလျော့နိုင်ပါက သမင်မွေးရင်း ကျားစားရင်းဆိုသလို မြို့ကို ပြုပြင်လိုက် လူတွေက တိုးလာလိုက်နဲ့ မြို့ပြဆိုင်ရာ အထွေထွေကျပ်တည်းမှု ပြဿနာများက ရုန်းထွက်ဖို့ မလွယ်တဲ့ အခြေအနေကို ကြုံတွေ့ရနိုင်တာ ဖြစ်ပါတယ်။လက်ရှိမှာ လာမယ့် မေလကုန်ပိုင်းမှာ ၂၀၁၄ သန်းခေါင်စာရင်းပါ အချက်အလက်များကို ထုတ်ပြန်ဖို့ ရှိနေပါတယ်။ အဲဒီစာရင်းမှာ ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သူတွေ ဘယ်လောက်ရှိတယ်ဆိုတာ ပါရှိလာမှာ ဖြစ်သလို ရန်ကုန်မြို့မှာ အခြားဒေသက ပြောင်းရွှေ့နေထိုင်သူ ဘယ်လောက်ရှိမယ် ဆိုတာကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အချက်အလက်တွေဟာ လက်ရှိကြုံတွေ့နေရတဲ့ မြို့ပြဆိုင်ရာ ပြဿ နာများကို ဖြေရှင်းတဲ့နေရာမှာ အသုံးဝင်မှာဖြစ်သလို စီမံခန့်ခွဲသူများ အနေနဲ့လည်း အထွေထွေမြို့ပြဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးကို ကုစားဖို့ရာ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပါကြောင်း မွန်းကျပ်မှုများ ခံစားနေရတဲ့ ရန်ကုန်မြို့နေသူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။










