တစ်နိုင်ငံလုံးတွင် ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်း ၁၄ မြို့နယ်နှင့် နေပြည်တော်ကောင်စီ ရှစ်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းများကို ပြည်သူများ ကြည့်ရှုစစ်ဆေးနိုင်ရန် ယနေ့မှစ၍ ၁၄ ရက်တိတိ ကြေညာထားမည်

တစ်နိုင်ငံလုံးတွင် ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်း ၁၄ မြို့နယ်နှင့် နေပြည်တော်ကောင်စီ ရှစ်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းများကို ပြည်သူများ ကြည့်ရှုစစ်ဆေးနိုင်ရန် ယနေ့မှစ၍ ၁၄ ရက်တိတိ ကြေညာထားမည်
Published 24 May 2015
ကျော်ဇင်ဝင်း

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော်ကောင်စီ ရှစ်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းများကို ပြည်သူများ ကြည့်ရှုစစ်ဆေးနိုင်ရန် မေ ၂၅ ရက် (ယနေ့) မှစ၍ ၁၄ ရက်တိတိ ကြေညာထားမည်ဖြစ်သည်။အဆိုပါ အခြေခံမဲစာရင်း ကြေညာထားမည့် ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်မှာ ဒဂုံတောင်ပိုင်းမြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်တို့ ဖြစ်သည်။နေပြည်တော်ကောင်စီ ရှစ်မြို့နယ်မှာ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်တို့ ဖြစ်သည်။ပြည်သူများအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာရာတွင် မဲစာရင်း သွားရောက်ကြည့်ရှုရန် လိုအပ်ပြီး မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များမှားနေ လျှင်ပုံစံ(၄)(ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။သို့ရာတွင် အခြားမြို့နယ်တစ်ခု၌ ခေတ္တလာရောက်နေထိုင်သူများ၏ အမည်များသည် မိမိတို့ အမြဲတမ်းနေထိုင်သည့် အိမ်ထောင်စုစာရင်း လဝကပုံစံ (၆၆/၆) (အရပ်အခေါ် သန်းခေါင်စာရင်း) ရှိသော မြို့နယ်မှ မဲစာရင်းတွင်သာ ပါဝင်မည် ဖြစ်သည်။သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိမူလ အိမ်ထောင်စုစာရင်းရှိနေသည့် မြို့နယ်တွင် မဲစာရင်းကပ်ထားပါက မိမိအမည်စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည် ဖြစ်သည်။ထို့အတူ မိမိ၏ မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်ပြီး မဲပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားသည်။အဆိုပါ ၂၂ မြို့နယ်တွင် အခြေခံမဲစာရင်းကို မေ ၂၅ ရက်မှ ဇွန် ၇ ရက်အထိ ၁၄ ရက်ကြာ ကြေညာမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများက အသိပညာပေးရေးလုပ်ငန်းများအား နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည်။    “ကျွန်တော်တို့ကတော့ အသိပညာပေးလုပ်ငန်းကို မဲစာရင်းကြေညာတာနဲ့ အပြိုင်လုပ်မယ်။ ကြိုမလုပ်ထားဘူး။ မဲစာရင်းကြေညာတဲ့ ၁၄ ရက်အတွင်း လုပ်သွားမယ်။ သုံးခွမှာ ရပ်ကွက်နဲ့ ကျေးရွာ ၇၆ ခုရှိတာကို သေသေချာချာ လုပ်နိုင်တဲ့ ရပ်ကွက်/ကျေးရွာ ၃၂ ခု ကိုအဓိက အရင်လုပ်မယ်။ သုံးခွမှာရှိတဲ့ ဒေသခံ CSO တစ်ခုနဲ့ ပူးပေါင်းလုပ်မှာ။ အဆင်ပြေရင် အခြားရွာတွေ ထပ်လုပ်မယ်။ အဲဒီကျန်တဲ့ ရွာတွေမှာတော့ ကော်မရှင်ကပဲ မဲစာရင်း အသိပညာပေးတာတွေ လုပ်လိုက်မယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ မရောက်နိုင်မယ့် ရွာတွေကိုလည်း Checking လုပ်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ အသံချဲ့စက် နှိုးဆော်တာတွေ လုပ်မယ်။ လက်ကမ်းကြော်ငြာတွေ ဝေမယ်။ ပြီးရင် မဲဆန္ဒရှင်တွေ မဲစာရင်းပြင်ဆင်တာတွေ လုပ်ရင်လည်း အကူအညီပေးရေး လုပ်ငန်းကို လုပ်မယ်” ဟု သုံးခွမြို့နယ်တွင် မဲစာရင်းနှိုးဆော်ရေး ဆောင်ရွက်မည့် CPRCG အဖွဲ့မှ ကိုမင်းသူဇင်က ပြောကြားသည်။ထို့ပြင် အရပ်ဘက် အဖွဲ့အစည်းများမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဆယ်အိမ်စုမှူးများကလည်း တိုက်တွန်းပေးမည်ဆိုပါက မဲစာရင်း ကြည့်ရှုရန်အတွက် ပြည်သူများ ပိုမိုစိတ်ဝင်စားနိုင်ကြောင်း အင်းစိန်မြို့နယ်တွင် မဲစာရင်းနှိုးဆော်ရေး ဆောင်ရွက်နေသည့် TSI အဖွဲ့မှ မထားအိငြိမ်းက သုံးသပ်သည်။ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးရှိ ၁၀ မြို့နယ်တွင် မတ် ၃၀ ရက်မှဧပြီ ၁၂ ရက်အထိ မဲစာရင်းကြေညာခဲ့ပြီး ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးခဲ့သဖြင့် ပြည်သူများမဲစာရင်းနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ရွေးကောက်ပွဲကော်မရှင်မှလည်း ပညာပေးဇာတ်လမ်းတိုများ ထုတ်လွှင့်ရန် စီစဉ်နေကြောင်း သိရသည်။အလားတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံမဲစာရင်း ပြုစုပြီး၍ မဲစာရင်းကြေညာရခြင်း မရှိသေးသည့် မြို့နယ်များအား တတိယအကြိမ်အဖြစ် ဇွန် ၈ ရက်တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ဇွန် ၂၂ ရက်တွင် လည်းကောင်း ကြေညာရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent