အချိန်ကာလတစ်ခုဖြင့် ကန့်သတ်ခံထားရသောဘဝအတွင်း လူသားတို့သည် ပေးဆပ်မှုမျိုးစုံဖြင့် ဖြတ်သန်းလေ့ရှိကြသည်။ အချို့မှာ မိမိကိုယ်ကျိုးအတွက်သာ အချိန်ကို အသုံးချပေးဆပ်ကြပြီး အချို့မှာမူ မိမိပတ်ဝန်းကျင် နှင့် မိမိနိုင်ငံအကျိုးအတွက် အချိန်ကို ပေးဆပ်ရင်း ဘဝကို ဖြတ်သန်းကုန်ဆုံးစေကြသည်။ မိမိမွေးဖွားလာခြင်းကို လောကအတွက် အချည်းနှီးမဖြစ်စေလိုခဲ့သော ပေးဆပ်မှုများဖြင့် ဘဝကိုသရုပ်ဖော်ခဲ့သူ များစွာရှိသည့်အနက် ကျွန်တော်လေးစားရသူတစ်ဦးမှာ ပညာရေးပြုပြင်ပြောင်းလဲရေးနှင့် မြန်မာ့စာပေတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သူ ဦးဖိုးကျားဖြစ်သည်။
ဦးဖိုးကျားကို အဖဦးဖေနှင့် အမိဒေါ်ဒေါင်းတို့မှ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့(၁၈၉၁ ခုနှစ်၊ မတ် လ ၂၃ ရက်) တနင်္လာနေ့တွင် ဟင်္သာတ မြို့နယ်၊ နိဗ္ဗာန်ကျေးရွာ၌ ဖွားမြင်ပြီး မွေးချင်းလေးယောက်အနက် တတိယမြောက် သားဖြစ်သည်။ နိဗ္ဗာန်ရွာဆရာတော် ဦးသာသန၏ လောကဓာတ်ကျောင်း၌ စတင် ပညာသင်ကြားခဲ့ပြီး အသက် ၂၇ နှစ်တွင် ပုသိမ်မြို့၊ တိုင်တစ်ရာကျောင်းမှ အင်္ဂလိပ်-မြန်မာ ဆယ်တန်းအောင်မြင်ကာ ဂျပ်ဆင်ကောလိပ်တွင် ပညာဆက်လက်သင်ယူခဲ့သည်။ ဂျပ်ဆင်ကောလိပ်သို့ရောက်ရှိခဲ့ပြီးနောက် နောင်တွင် ယဉ်ကျေးမှုဌာနအတွင်းဝန် ဦးဖိုးလတ်၊ နေရှင်နယ် ဦးမြင့်တို့ဖြစ်လာမည့် ကိုဖိုးလတ်၊ ကိုမြင့်တို့နှင့် ခင်မင်ရင်းနှီးလာသောအခါ မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို လေ့လာမှတ်သားလာခဲ့သည်။ မြန်မာမှု၊ မြန်မာဓလေ့ထုံးတမ်းဆိုင်ရာများကို လိုလားလာသော ဦးဖိုးကျားသည် ပါဠိ ဆရာစော၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဆရာလွန်း(ဆရာကြီးသခင် ကိုယ်တော်မှိုင်း)တို့ထံ တပည့်ခံ၍ ဆည်းပူးခဲ့ပြီး မြန်မာစာပေ၊ မြန်မာ့သမိုင်းဘက်တွင် ထွန်းပေါက်ခဲ့သူဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ဥပဒေနှင့် စပ်လျဉ်း၍ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သော ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသားများ ကောင်စီဝင်တစ်ဦးအဖြစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။
စကားအရာ လိမ္မာကျွမ်းကျင်ပြီး အဟောအပြောကောင်းသူဖြစ်သောကြောင့် မြန်မာပြည်အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ သပိတ်တရားဟောရာ နိုင်ငံပိုင်အစိုးရမင်းများ၏ ဥပဒေနှင့်ငြိစွန်းသည်ဆိုကာ ဒဏ်ငွေ တစ်ရာကျပ်တပ်ခြင်းခံခဲ့ရသည်။ ကောလိပ်ကျောင်းသားဘဝကပင် မြန်မာ့အလင်းသတင်းစာ၌ စာပေစတင်ရေးသားခဲ့ပြီး ၁၉၂၂ ခုနှစ်ခန့်တွင် ဘီအေစာမေးပွဲ အောင်မြင်ပြီးနောက် အမျိုးသားပညာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာချိန် မြန်မာစာ၊ မြန်မာ့သမိုင်းကို အလေးဂရုပြုသင်ကြားလာရန် များစွာဆောင်ရွက်ခဲ့သူဖြစ်သည်။ အမျိုးသားပညာဝန် ဦးဖိုးကျားသည် ပုသိမ်ရာဇဝင်၊ ဦးထွန်းရှိန် အတ္ထုပိတ္တိ၊ မြန်မာ့ဂုဏ်ရည်၊ ပေါရာဏအဘိဓာန်၊ စလေဦးပုည အတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ်၊ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ၊ အလယ်တန်း မြန်မာရာဇဝင် အကျဉ်း၊ သီပေါမင်း ပါတော်မူအရေးတော်ပုံ၊ ၃၇ မင်း၊ အလောင်းတော်ကဿပ၊ မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း၊ ကိုယ်တွေ့ဝတ္ထုများ စသည့် စာအုပ်များစွာကို ရေးသားခဲ့သည်။ ပညာရေး၊ လူမှုရေး၊ စာပေအရေး၊ နိုင်ငံ့အရေး စသည်တို့၌ နိုင်ငံနှင့်လူမျိုးအတွက် များစွာကျေးဇူးပြုခဲ့သော ဦးဖိုးကျားသည် စစ်ဘေးတိမ်းရှောင်ရင်း ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ထန်းတပင်မြို့၌ ကွယ်လွန်ခဲ့သည်။
ဘဝကို စာပေဖြင့် မှတ်တမ်းတင်ကာ အများကို လေ့လာစေခဲ့သူ ဦးဖိုးကျား ကွယ်လွန်ခဲ့သည်မှာ နှစ်ကာလကြာပြီဖြစ်သော်လည်း ၎င်း၏စာပေတို့ကဖြင့် ယနေ့တိုင် အသက်ဝင်နေဆဲ။ ဦးဖိုးကျား၏ ဇာတိနိဗ္ဗာန် ကျေးရွာတွင်လည်း ၎င်းကွယ်လွန်ပြီး ၁၀ နှစ်အကြာတွင် စာကြည့်တိုက်တစ်ခု ပေါ်ထွန်းခဲ့ပြီး ယနေ့တိုင် ဦးဖိုးကျား၏ ရင်တွင်းအငွေ့ အသက်တို့ အ သက်ဆက်နေဆဲဖြစ်သဖြင့် သွားရောက်လေ့လာ ဖြစ်ခဲ့သည်။
“၁၉၅၂ ခုနှစ်မှာ ပြည်တော်သာစီမံကိန်းအရ ဒီစာကြည့်တိုက်ကို ဖွင့်ဖြစ်ခဲ့တာ။ စဖွင့်တုန်းက ပြည်တော်သာစာကြည့်တိုက်လို့ အမည်ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ ဖွံ့ဖြိုးရေးစာကြည့်တိုက်လို့ အမည်ပြောင်းခဲ့တယ်။ အဲဒီနောက် ၁၉၉၀ ပြည့်နှစ်မှာ ဦးဖိုးကျားစာကြည့် တိုက်၊ အခုနောက်ပိုင်း ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်စသဖြင့် အမည်တွင်လာတယ်။ ရန်ပုံငွေနဲ့ စာအုပ်အခက်အခဲကြောင့်သာ မတိုးတက်ဘဲ မှေးမှိန်ခဲ့တာပဲရှိတာ။ တစ်ခါမှ ပျက်မသွားဘူး။ စာကြည့်တိုက် ရေရှည်ရပ်တည်နိုင်အောင် တစ်ရွာလုံးကြိုးစားနေတာဟာ ဦးဖိုးကျားအပေါ်ထားတဲ့ စိတ်စေတနာပဲလေ။ ၂၀၀၂ ခုနှစ် လောက်မှာတော့ ပံ့ပိုးမယ့်သူ တချို့နဲ့ချိတ်ဆက်မိပြီး စာကြည့်တိုက်ကိုပြင်ဆင်ဖြည့်ဆည်းမှုတွေ လုပ်ခဲ့တယ်။ ဦးဖိုးကျားကိုယ်တစ်ပိုင်း ပုံတူရုပ်တုကိုလည်း စာကြည့်တိုက်ရှေ့မှာ ပြုလုပ်ထားရှိဖြစ်တယ်။ အဲဒီနှစ်ကစပြီး ၁၀ နှစ်တိတိ စာပေဟောပြောပွဲတွေ ဆက်တိုက်ကျင်းပခဲ့တယ်။ စာပေဟောပြောပွဲတွေနဲ့အတူ ဝတ္ထုပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတွေကိုလည်း ထည့်သွင်းပြုလုပ်ဖြစ်တယ်။ အဲဒီနောက်ပိုင်း စာပေဟောပြောပွဲတွေ မလုပ်ဖြစ်တော့ပေမယ့် စာပေနဲ့ပတ်သက်ပြီး အရှိန်ရလာတော့ စာဖတ်သူပိုများလာတယ်။ အခါအားလျော်စွာချိတ်ဆက်ပြီး စာအုပ်လှူဒါန်းမှုတွေလည်း ရှိလာတယ်။ ပိုလျှံတဲ့စာအုပ်တွေကိုတော့ စာကြည့်တိုက်ငယ်တွေကို လှူတယ်။ စာဖတ်သူတွေ များလာတာကို ဒို့က ဦးဖိုးကျားကို ဂုဏ်ပြုတာလို့ မှတ်ယူတာ”ဟု စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသူ အငြိမ်းစားကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ကြည်က ရှင်းပြသည်။
ဦးဖိုးကျား၏ စာပေစိတ်ဓာတ် အမွေဓာတ်ခံဖြင့် ဒေသခံတို့က ထိန်းသိမ်းကြသည့်အတွက်ကြောင့် ပြည်တော်သာစီမံကိန်းအရ ဖွင့်လှစ်ဖြစ်ခဲ့သော စာကြည့်တိုက်များထဲတွင် နှစ်ကာလအရှည်ကြာဆုံး စာကြည့်တိုက်တစ်ခုအဖြစ် တည်တံ့နေသည်ဟု ဆိုရပေမည်။
အဆိုပါစာကြည့်တိုက်၌ ဘာသာရေးနှင့် သုတ၊ ရသ စာအုပ်များစွာအပြင် ဦးဖိုးကျားကိုယ်တိုင်ရေးသားခဲ့သော စာအုပ်များနှင့် ဦးဖိုးကျားအကြောင်း အခြားစာရေးဆရာများရေးသားထားသည့် စာအုပ်များကိုပြုစုထားပြီး စာကြည့်တိုက်အတွင်း၌ ဦးဖိုးကျား၏ ဓာတ်ပုံ၊ ဦးဖိုးကျားတို့ဇနီးမောင်နှံ လက်ထပ်ထိမ်းမြားစဉ်က ဓာတ်ပုံနှင့် ဦးဖိုးကျားတို့ မိသားစု၏ သားရှင်ပြုမင်္ဂလာဓာတ်ပုံတို့ကို အများလေ့လာကြည့်ရှုနိုင်ရန် ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။ ဦးဖိုးကျားရေးသားခဲ့သော ကိုယ်တွေ့ဝတ္ထုများစာအုပ်ကိုလည်း နိဗ္ဗာန်ကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများနှင့် စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန် စာကြည့်တိုက်ကြီးဖွင့်လှစ်ပြီးချိန်တွင် ပြန်လည်ပုံနှိပ်ခဲ့ပြီး ဖြန့်ဝေခဲ့မှုက ဦးဖိုးကျားကို တန်ဖိုးထားသော နိဗ္ဗာန်ကျေးရွာသားတို့၏ စာပေအစဉ်အဆက် ထိန်းသိမ်းမှုပြယုဂ်တစ်ခုဟု ဆိုရမည်ဖြစ်သည်။
ဦးဖိုးကျားသည် ၁၉၂၀ ကျောင်းသားသပိတ်ကြီးမှ စတင်ခဲ့သည့် အမျိုးသားပညာရေးလောကတွင် ကျော်ကြားခဲ့ပြီး ကျောင်းသား သပိတ်ခေတ်မှ ဒုတိယကမ္ဘာစစ်မတိုင်မီ စစ်ကြိုခေတ်အတွင်း မြန်မာ့စာပေလောက၌ ထင်ရှားခဲ့သူလည်းဖြစ်သည်။ ထို့အတူ ဗြိတိသျှအစိုးရ၏ ပညာရေးနှင့် စင်ပြိုင်အမျိုးသား တက္ကသိုလ်၊ အမျိုးသားကျောင်းများ ပေါ်ပေါက်လာချိန်တွင် အမျိုးသားပညာရေးလောက၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဦးဖိုးကျား၏ အမျိုးသားပညာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို လေ့လာမိချိန် လက်ရှိ ပညာရေးစနစ်အခြေအနေတို့ကိုလည်း ဆက်စပ်တွေးတောဖြစ်ခဲ့သည်။ ပြုပြင်ပြောင်းလဲနေသည်ဆိုသော နိုင်ငံ့အနာဂတ်အတွက် အဓိကကျသည့်ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုမိသည့် ကျောင်းသားတို့မှာ အချုပ်ကျပြီး တရားရင်ဆိုင်နေရသည့်အခြေအနေတွင် ရှိနေရပေသည်။ ထို့အပြင် ယခုရက်ပိုင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ဧရာဝတီသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင်၊ ပုသိမ်နည်းပညာတက္ကသိုလ်မှ သရုပ်ပြဆရာ ဦးဝေယံအောင်အား ထိုင်သပိတ်ပြုလုပ်မှုနှင့် ဆက်စပ်၍ ပုသိမ်မြို့နယ်တရားရုံးက အလုပ်ကြမ်း နှင့်ထောင်ဒဏ် သုံးလပြစ်ဒဏ်ချမှတ်ခဲ့သည်။ လက်ရှိအစိုးရလက်ထက်တွင် မြန်မာ့ပညာရေးစနစ်မှာ လုံးဝပြောင်းလဲခြင်းမရှိဘဲ ဆိုးရွားသည့်အခြေအနေ၌ ရင်ဆိုင်နေရဆဲဖြစ် ပြီး မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ အစိုးရကို တိုက်တွန်းအားပေးရန် လေးလေးနက်နက် ပန်ကြားလိုကြောင်းကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ က ပြောကြားထားသည်။
အချုပ်အားဖြင့်ဆိုရသော် ခေတ်အဆက်ဆက် သမိုင်းတစ်လျှောက် လူအများလေးစားခံရသူတို့သည် အများအကျိုးအတွက် လက်တွေ့ဆောင်ရွက်သူများသာဖြစ်သည်ကို သတိပြုမိသည်။ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေပါသည်ဆိုသော လက်ရှိအစိုးရအနေဖြင့်လည်း ရည်မှန်းချက်ဟူသော စကားလုံးများကို ရုပ်ပြပုံဖော်သည်ထက် လက်တွေ့အကောင်အထည်ဖော်မှုများကိုသာ ပြည်သူများက လိုလားလျက်ရှိကြသည်။ ပြုပြင်ပြောင်းလဲနိုင်ရန် ထောက်ပြမှုများရှိနေချိန် ပြုပြင်ပြောင်းလဲပေးနိုင်သည့်နေရာတွင် ရှိနေသူများက အမှန်တကယ်ပြုပြင်ပြောင်းလဲလိုစိတ် ရှိစွာဖြင့် နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြမည်ဆိုလျှင်ဖြင့် . . .










