အတူရှင်သန်ခြင်းနိယာမ

အတူရှင်သန်ခြင်းနိယာမ
Published 24 May 2015
အေသင်ဇော်ဇော်

“ဟေ့ကောင် ငါမှာထားတာ တော်တော်ကြာပြီနော်” လူကြီးလူကောင်းသဖွယ် ဝတ်စားထားတဲ့ လူတစ်ဦးထံကနေ အခုလိုမျိုး သြဇာသက်ရောက်မှုကြီးတဲ့ စကားသံထွက်လာတယ်။ သူနံဘေးမှာ ဗိုက်ဆာတယ်လို့ အမူအရာလုပ်ပြနေတဲ့ ကလေးနှစ်ယောက်ရယ်။ စောင့်ရတာ စိတ်မရှည်လို့ မျက်နှာစူပုပ်နေတဲ့ သူ့ဇနီးရယ်။
 
အဲလို လှမ်းပြောသံကြားတော့ အသက် ၁၀ နှစ်လောက်ရှိတဲ့ ပေစုတ်စုတ် လက်ဖက်ရည်ဆိုင်စားပွဲထိုးလေးက “ဟုတ်ကဲ့၊ ရပါတော့မယ်ခင်ဗျ” လို့ ဖြေရင်း အစားအသောက်ပြင်ဆင်နေတဲ့သူတွေ အနားမှာ မှာထားတာတွေ သယ်ယူဖို့ မျက်နှာငယ်လေးနဲ့ စောင့်နေတယ်။
 
တစ်ခါတစ်ရံ အမှုမဲ့ အမှတ်မဲ့နေထိုင်နေကြတဲ့ ကျွန်တော်တို့ရဲ့ကြားမှာ ကမ္ဘာကြီးလောက် ပုံကြီးချဲ့စရာ၊ စိုးရိမ်ပူပန်စရာတွေ ခိုအောင်းနေတတ်ကြတာကို မြင်ရတတ်တယ်။ လူဆိုတာ ကိုယ့်ထိမှ နာ၊ ကိုယ့်ဇာတ်လမ်းမှာ ကိုယ်မင်းသားဆိုတဲ့ အတ္တနဲ့ အသက်ရှင်ကြတဲ့အချိန်များသမို့ အဲလို အဖြစ်သနှစ်လေးတွေကို စိတ်ထဲဆွဲယူထည့်သွင်းဖို့တော့ စိတ်သိပ်ပါလေ့ မရှိကြပါဘူး။ ကိုယ်ဖြစ်ရင်တော့ အကြီးကြီးပဲရယ်။ တစ်ခုခုနစ်နာပြီဆိုတာနဲ့ ငိုလ့ိုမဆုံးတော့ဘူး။ အခုလို လူမှုကွန်ရက်တွေ ခေတ်စားတဲ့ခေတ်မှာတော့ ငိုသံတွေ၊ အသနားခံစာတွေက ပေါမှပေါပဲ။ 
 
အခုလည်း သူ့ကလေးတွေ ဗိုက်ဆာတာ သူ့အတွက် ကမ္ဘာဖြစ်သွားတာ။ တစ်ဖက်က စားပွဲထိုးလေး အခက်အခဲကို သူမတွေးမိတော့ဘူး။ ငိုရမယ့်အခြေအနေ မဟုတ်၊ ဟောက်ဟမ်းရမယ့် အခြေအနေဆိုတော့ သူဟောက်တာပေါ့။ သူ့မှာလည်း အခွင့်အရေး ရှိတယ်လေ။ ငယ်ငယ်က သင်တန်းတစ်ခုတက်တုန်းက သင်ယူခဲ့ရတဲ့စကား။ ဘာတဲ့။ “Customer is always right” တဲ့။ တန်ရာတန်ကြေးပေးထားတာ သူ့မှာ တောင်းဆိုပိုင်ခွင့်ရှိတယ်။ဒီတော့ ရသင့်တဲ့အချိန်မှာ မရလို့ သူအော်တာ တကယ်တော့ အပြစ်တင်လို့ မရပါဘူး။ ဒါပေမဲ့ ခက်တာက စားပွဲထိုးလေး ရင်ဘတ်ကို ကြည့်မိတဲ့ ကျွန်တော်။ ဟိုကောင်လေးက မနားဘဲ ပြေးရင်းလွှားရင်း လုပ်နေရတာ။ သူလုပ်တာတွေ ကျွန်တော် မြင်နေတော့ ဒီလိုပြောခံရတဲ့အခါ သူ့ရင်ဘတ်ထဲမှာ ဘယ်လိုဖြစ်သွားမလဲပေါ့။ 
 
ကိုယ် အလုပ်လုပ်နေတာကို ကိုယ့်မိဘ၊ ကိုယ့်မိသားစုဝင်၊ ကိုယ့်သူငယ်ချင်းတွေက နှေးတယ်တို့၊ ပုံစံမကျဘူးတို့၊ဘယ်လိုလုပ်ရင် ပိုကောင်းမှာတို့၊ ဟိုဟာလုပ်ဦးတို့ပြောရင် “ဒီမှာလုပ်နေတာ မတွေ့ဘူးလား။ လူလုပ်နေတာ၊ စက်ရုပ်မဟုတ်ဘူး”အဲလိုလေးတွေ တုံ့ပြန်ကြတာ မကြာမကြာတွေ့ရပေမယ့် ဒီကလေးတွေမှာတော့ သိမ်ငယ်မှုနဲ့ တောင်းပန်ရတာ အသားကျနေသလိုပဲ။ ကျွန်တော်ကသာ ဒီလူ သားသမီးချင်း ကိုယ်ချင်းမစာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ အတွေးကို တွေးပြီး သူ့ကို ဟောက်တဲ့သူကို မကျေမနပ်ကြည့်နေမိတာ။ ကောင်လေးက အေးအေးဆေးဆေး။ တကယ်တော့ အဲဒီပုဂ္ဂိုလ်ကလည်း လူသားချင်း စာနာထောက်ထားမှုကင်းတဲ့လူမျိုး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သူ့ ရပိုင်ခွင့်ထဲက တောင်းတဲ့ အခွင့်အရေးကို ကျွန်တော်ကဝင်ပြီး အမျိုးမျိုး သုံးသပ်နေတာ။ 
ဒီတော့ ဒါကိုထားလိုက်တော့။ 
 
ငယ်ငယ်က အပေါင်းအသင်းကြားထဲမှာ ကိုယ်က သူများထက် သာချင်တယ်။ ပိုက်ဆံ ပိုရှိချင်တယ်။ ပညာပိုတတ်ချင်တယ်။ အရွယ်ရလာတော့မှ အဲလိုလည်း မဖြစ်နိုင်ဘူး။ နောက်ပြီး မညီမျှမှုဟာ ဘာမှမကောင်းဘူးဆိုတာကို သဘောပေါက်လာတယ်။ ကိုယ့်လူမျိုး ကိုယ်ကြည့်တတ်တဲ့ နိုင်ငံကြီးသားတွေ နဲ့ စကားပြောပါများလာတော့ ကျွန်တော်တို့ မြန်မာတွေ ကိုယ့်လူမျိုးအတွက် သိပ်မစဉ်းစားကြတဲ့အကြောင်းကို သေသေချာချာ တွေးမိလာတယ်။ ကျွန်တော်တို့က တစ်ယောက်တည်း ကြီးထွားရင်လည်း အဆင်ပြေနိုင်တယ်လို့ မှားမှားယွင်းယွင်း တွေးကြတာကိုး။ သူငယ်ချင်းတစ်ယောက်က ပြောတယ်။  “မင်းမှာပဲ ပိုက်ဆံရှိနေပြီး မင်းနဲ့တွဲနေတဲ့ အပေါင်းအသင်းတွေမှာမရှိရင် မင်း ပိုက်ဆံက မတည်ငြိမ်နိုင်ဘူး။ သူတို့က ကိုယ့်ကိုမကူညီရင်တောင် ကိုယ်က မကူညီရဘူးဆိုရင် ကံကောင်းတာ ပဲ”တဲ့။ အများကြီးတွေးလို့ကောင်းတဲ့ စကားပါပဲ။
 
ကျွန်တော်က နာဂစ်နဲ့ ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ခံစားဖူးတဲ့ အတွေ့အကြုံရှိတော့ အဲဒီသဘောကို နဖူးတွေ့ ဒူးတွေ့ ကြုံဖူးတယ်။ နာဂစ်မုန်တိုင်းဖြစ်ဖြစ်ပြီးချင်းမှာ အပျက်အစီးတွေသာရှိတော့တဲ့ ကျွန်တော့်မွေးရပ်မြေမှာရှိတဲ့ ကျေးရွာတွေက လူကြီးတွေက ဘယ်လိုစီစဉ်ကြမလဲဆိုတာကို တိုင်ပင်ကြရပါတယ်။ အဲဒီမှာ မုန်တိုင်းထဲမပါဘဲ ကျန်နေခဲ့တဲ့ စပါးကျီတွေနဲ့ တခြားစားသောက်စရာ ပိုင်ဆိုင်သေးတဲ့သူတွေကို စကား ပြောရတော့တယ်။ အစိုးရဆီက အထောက်အပံ့ကို စောင့်မျှော်ရင်း သူတို့ပိုင်တဲ့ စပါးတွေနဲ့ စားစရာတွေ ဝေမျှစားကြရမယ်လို့ပေါ့။ ဒီဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာရတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင် သူတို့တွေ အသက်အန္တရာယ်ဖြစ်မှာ သေချာတယ်။ ငတ်နေရင် ဘယ်သူမှ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး တွေးကြမှာမဟုတ်ဘူးရယ်။ ဒီသဘောပါပဲ။ ကျွန်တော်တို့တွေ တစ်ယောက်တည်း အဆင်ပြေနေလို့ မရပါဘူး။
 
ဒီအချက်ကို နိုင်ငံကြီးသားတွေနဲ့ ဦးနှောက်ရှိတဲ့ နိုင်ငံအုပ်ချုပ်သူတွေ အရမ်းအရမ်း သဘောပေါက်ကြတဲ့အတွက် သူတို့လူမျိုးအတွက်၊ သူတို့နိုင်ငံအတွက်ဆိုတဲ့စိတ်နဲ့ အတူကြီးထွားနိုင်အောင် ကြိုးစားကြတာပါ။ သူတို့က ကိုယ့်ပတ်ဝန်းကျင်ကို အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ ကူညီကြရင်း နိုင်ငံအတွက်၊ ကမ္ဘာအတွက်ပါ တန်ဖိုးရှိတဲ့သူတွေ ဖြစ်လာကြတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုအတူရှင်သန်ခြင်းနိယာမအပေါ် ဘာဖြစ်လို့ အတုမယူနိုင်ကြသလဲ။ အကြောင်းရင်းကို အဖြေရှာဖို့သင့်တယ်။ ဒါဟာ ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ တာဝန်ဖြစ်ပါရဲ့။
 
အဲဒီစားပွဲထိုးလေးအကြောင်း ကျွန်တော် ဘာလို့ ရင်ဘတ်ထဲ ထည့်မိနေလဲ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာကောင်းကောင်းရှိပါတယ်။ သူက အခြေခံမူလတန်းပညာရေးမှာပဲ မိဘက ကျောင်းမထားနိုင်လို့ ကျောင်းထွက်လိုက်ရတဲ့ကလေး။ နောက်ပြီး အဖေက နေမကောင်းလို့ သူရတဲ့ ပိုက်ဆံလေးနဲ့ အိမ်ကို ပြန်ထောက်ပံ့နေရတဲ့ကလေးပါ။ ကျွန်တော်က ညဘက်သူတို့ကို အင်္ဂလိပ်စာသင်ပေးဖို့ ကြိုးစားဖူးတယ်။ သူရယ်၊ သူ့အဖော် စားပွဲထိုးလေးတွေရယ်ကို။ ဘာကြောင့်လဲဆိုတော့ သူတို့ အင်္ဂလိပ်စာ အထိုက်အလျောက် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်သွားရင် စားသောက်ဆိုင်ကောင်းကောင်းတွေမှာ အလုပ်အကိုင်ရလာနိုင်တဲ့ အနေအထားရှိတယ်။ အဆင့်မြင့်စားပွဲထိုးသင်တန်းဖြစ်ဖြစ် တက်လို့ ရနိုင်တယ်ပေါ့။ နောက်ပြီး စာတတ်လာရင် ဆင်ခြင်နိုင်အား၊ တွေးတောနိုင်အား မြင့်လာလိမ့်မယ်လေ။ 
 
ကျွန်တော် တွေးတာနဲ့ ပုံစံမတူတဲ့ အနေအထားကို တွေးသူကတော့ သူတို့ဆိုင်ပိုင်ရှင်ပါပဲ။ ကလေးတွေ အလုပ်ပြီးချိန်ဆို ဘောပေးကန်တယ်။ ဇာတ်ကားတွေ အကြိုက်ပေးကြည့်တယ်။ ဒါပေမဲ့ စာသင်တာကိုတော့ မကြိုက်ဘူးတဲ့ဗျာ။ စာတတ်သွားရင် သူ့ကို ထားသွားမှာ စိုးလို့တဲ့။ ဆိုင်ပိုင်ရှင်ရဲ့ အတူကြီးထွားချင်ပုံက သူက အထက်၊ ကလေးတွေ က အောက်ဆိုတာမျိုးကြီး။ ဘယ်တတ်နိုင်မလဲ။ သူကလည်း အဲလောက်ပဲ တွေးချင်တဲ့သူကိုး။ ဆိုင်ရှင်က သူ့သားကိုတော့ မြန်မာကျောင်းမှာတင် မဟုတ်ဘူး။ အင်္ဂလိပ်ကျောင်းမှာပါ ထားသဗျ။ ကုသိုလ်ကံပဲလို့ ပြောကြပေမယ့် ကျွန်တော်တို့ မြန်မာတွေ ကိုယ့်လူမျိုး အချင်းချင်း အတူမကြီးထွားချင်ကြတာကတော့ ဝမ်းနည်းစရာပဲဗျာ။
 
စားပွဲထိုးကောင်လေးရဲ့ အနာဂတ်ကို တွေးနေရင်းသောက်ရတဲ့ ကျဆိမ့်က ဘာအရသာရှိမှန်း မသိသလို တစ်နိုင်ငံလုံးမှာရှိတဲ့ ဘဝအခြေအနေကြောင့် ပညာရေးကို စွန့်ပစ်၊ အဖြစ်မနေ အလုပ်လုပ်နေရတဲ့ ကလေးလုပ်သားတွေအကြောင်းကလည်း အာဟာရကင်းမဲ့လျက်ရှိနေပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးများသာ ဖြစ်ကြလေရဲ့။

Most Read

Most Recent