ဆီးသီးဗန်းများ ကိစ္စ

ဆီးသီးဗန်းများ ကိစ္စ
Published 22 May 2015
ချစ်ဝင်းမောင်

နေရာအနှံ့ ယာဉ်ကြောပိတ်ဆို့တတ်မှုကို အကြောင်းပြု၍ တော်ရုံတန်ရုံ အရေးကိစ္စမရှိဘဲ ဘယ်ကိုမျှ မသွားဖြစ်တာကြာပြီ။ လမ်းထဲက ထွက်လိုက်လျှင် ရှည်လျားသော ကားတန်းကြီးကို မြင်ရသည်။ နံနက်စောစောပိုင်းနှင့် ညဉ့်နက်ပိုင်းချိန်များကလွဲပြီး ဒီမီးပွိုင့်မှာ ကားတွေရှည်လျားစွာ တန်းစီနေကြစမြဲ။ တာမွေငါးလမ်းဆုံမီးပွိုင့်ဟု ယခုခေါ်တွင်နေသော နေရာသည် လွန်ခဲ့သည့် (၂၇) နှစ်တုန်းကတော့ အဝိုင်းကြီးတစ်ခုသာ ရှိသည်။ ထို့ကြောင့် ဒီနေရာကို တာမွေအဝိုင်းဟု ခေါ်ခဲ့ကြသည်။ ယခုခေတ် လူငယ်တွေကတော့ ဒါကိုသိနိုင်တော့မည် မဟုတ်။ ဟိုတုန်းက ဦးချစ်မောင်လမ်းသည် သာမန်လမ်းကျဉ်းတစ်ခုသာ ဖြစ်ခဲ့သလို ကျိုက္ကဆံလမ်းကလည်း သာမန်လမ်းကလေးတစ်ခုပဲ ဖြစ်ခဲ့သည်။ ဒီဘက်နောက်ပိုင်းနှစ်တွေမှာတော့ အဝိုင်းကြီးကိုဖျက်ပြီး လမ်းတွေချဲ့လိုက်ကြရာ ယခုတော့ အမြဲတမ်းစည်ကား ရှုပ်ထွေးနေသော လမ်းဆုံတစ်ခု ဖြစ်လာသလို မြို့ပြအဆောက်အအုံတွေလည်း ထိုးထိုးထောင်ထောင် ပေါ်ထွက်လာသဖြင့် မူလမြင်ကွင်းတွေ ပျောက်ဆုံးသွားတာကြာခဲ့ပြီ။ တာမွေအဝိုင်းကြီးမှ မဟုတ်ပါ။ ရန်ကုန်မြို့ပေါ်မှာ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုအတွင်း မြင်ကွင်းသစ်တွေ၊ လူနေရပ်ဝန်းအသစ်တွေ နေရာအနှံ့မှာ ပေါ်လာသလို ရန်ကုန်မြို့ကြီးကလည်း အလွန်တရာ ရှုပ်ထွေးစည်ကားပြီး အလွန်တရာ ပရမ်းပတာ စည်းကမ်းမဲ့မှုများ တင်းကျမ်းပြည့်လာသော မြို့ကြီးတစ်ခု ဖြစ်လာခဲ့သည်။တာမွေလမ်းဆုံ အဝိုင်းကြီးမှာ မှတ်မှတ်ရရ ကျန်နေသေးသော သင်္ကေတတစ်ခုမှာ ‘ရွှေညောင်ပင်’ ဖြစ်သည်။ လမ်းငါးခွဆုံ ကြက်လျှာစွန်းထောင့် တည့်တည့်မှာ အလွန်ကြီးမားသော ညောင်ပင်ကြီးတစ်ပင် ရှိသည်ကို အကြောင်းပြု၍ ‘ရွှေညောင်ပင်’ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယခုထက်တိုင် ဤညောင်ပင်ကြီးမှာ အရွက်ဝေေ၀ဆာဆာ ဖားလျားကျလျက် စိမ်းစိုနေတုန်းပင်။ ထူးခြားလှစွာ ဤညောင်ပင်ကြီးသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကျရောက်စဉ် အမြစ်မှကျွတ်လဲ မြေခသွားခဲ့သည်။ ညောင်ပင်ကြီးတစ်ပင်လုံး လဲကျပြီး ကားလမ်းမကြီးကို ပိတ်သွားခဲ့ရာ ထိုစဉ်က အတော်ရှင်းယူခဲ့ရသည်။ ကိုင်းခြောက်ပင်စည်အချို့သာ ကျန်ခဲ့သော ဤညောင်ပင်မှာ ဆက်လက်ရှင်သန်ရာ မဖြစ်နိုင်တော့ဟု ထင်ခဲ့သော်လည်း (အံ့အားသင့်ဖွယ်) အကိုင်းအခက်အချို့မှ အရွက်နုသစ်များ ပြန်ထွက်လာပြီး ယခုဆိုလျှင် ယခင်လိုပင် ညောင်ပင်ဖားဖားတစ်ပင် ပြန်ဖြစ်လာသည်။ယာဉ်ကြောပိတ်ဆို့သဖြင့် ရွှေဂုံတိုင်မီးပွိုင့်နေရာတွင် ခုံးကျော်တံတားတစ်ခု၊ လှည်းတန်းမီးပွိုင့်နေရာတွင် တံတားတစ်ခု၊ ဘုရင့်နောင်လမ်းဆုံတွင် တံတားနှစ်ခု (အရှေ့- အနောက်၊ တောင်-မြောက်ခွလျက်) ကနဦး တည်ဆောက်ခဲ့သည်။ လှည်းတန်းမီးပွိုင့်ကလည်း တစ်ခါတုန်းက လှည်းတန်းအဝိုင်းဖြစ်သည်။ ရန်ကုန်မြို့တွင် ယခုလို နေရာအနှံ့ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်မီကတည်းက လှည်းတန်းလမ်းဆုံက ယာဉ်ကြောကျပ်သော နေရာတစ်ခု ဖြစ်ခဲ့သည်။ အင်းစိန်လမ်း-ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့ဆုံရာ ဤနေရာသည် အလွန်စည်ကားသောနေရာတစ်ခု ဖြစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှင့် နီးကပ်သဖြင့် လည်းကောင်း၊ တက္ကသိုလ်ကျောင်းဆောင်များနှင့် နီးကပ်သဖြင့် လည်းကောင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနှင့် စည်ကားရာ အရပ်ဖြစ်သလို ၁၉၈၈ ကျောင်းသား ဆန္ဒပြမှု၏ ကနဦးသည်လည်း လှည်းတန်းလမ်းဆုံမှာ ဖြစ်ပွားခဲ့သည်။မကြာသေးမီကတော့ မြေနီကုန်းမှာ ခုံးကျော်တံတားသစ်တစ်စင်း ထပ်ပြီးဖွင့်လှစ်လိုက်သည်။ မြေနီကုန်းသည်လည်း လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက အလွန်စည်ကားသော လမ်းဆုံတစ်ခု ဖြစ်သည်။ ယခု ဒဂုံစင်တာ အဆောက်အအုံကြီး မရှိမီက ဤနေရာမှာ မြေနီကုန်းညဈေးဟူ၍ ဈေးတစ်ခု ရှိခဲ့သည်။ ညပိုင်းအထိ ဖွင့်လှစ်သော ဈေးဖြစ်ပြီး စာအုပ်အဟောင်းဆိုင်များ စားသောက်ဆိုင်များနှင့် စည်ကားခဲ့သော နေရာဖြစ်သည်။ ယခု မြေနီကုန်းဝန်းကျင်မှာ ဟိုယခင်ဝန်းကျင်နှင့်ယှဉ်လျှင် လုံးဝအခြားနားကြီး ခြားနားသွားခဲ့ပြီ။ လူဦးရေ တိုးပွားလာခြင်း၊ မြို့ပြများ ကြီးထွားလာခြင်းမှာ နိုင်ငံတိုင်း၌ ရင်ဆိုင်ကြုံတွေ့ရသည့် ကိစ္စဖြစ်သည်။ စီမံခန့်ခွဲမှုကောင်းသော၊ သန့်ရှင်းသည့်အစိုးရများရှိသော နိုင်ငံတွေမှာတော့ မြို့ပြဆိုင်ရာ စီမံကိန်းတွေကို စနစ်တကျ ဖော်ဆောင်ကြတာ တွေ့ရသည်။ယနေ့ ရန်ကုန်လူထု ရင်ဆိုင်နေရသော အဓိကပြဿနာတစ်ခုမှာ တစ်နေရာမှ တစ်နေရာသို့ ကူးလူးသွားလာရေး (တစ်နည်းအားဖြင့်) ‘သယ်ယူပို့ဆောင်ရေး’ ဖြစ်သည်။ ထိုင်း ဂျပန်၊ စင်ကာပူ၊ မလေးရှားတို့မှာ ဤပြဿနာ ကို အဓိကပြဿနာတစ်ရပ် အနေနှင့် အစိုးရက ကိုင်တွယ်သည်။ ပြည်သူလူထု သွားလာရေး အဆင်ပြေချောမွေ့ရေးအတွက် (Public Transportation) ကို ဘတ်ဂျက်ငွေအမြောက်အမြား သုံးစွဲ၍ ဖြေရှင်းပေးသည်။ ထို့ကြောင့်လည်း ထိုနိုင်ငံများမှာ ယခုရန်ကုန်မြို့ကြီး ကြုံတွေ့နေရသလို ပြည်သူလူထု သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲ သိပ်မတွေ့ရ။ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ နိုင်ငံ၏ အရေးကြီးကဏ္ဍတစ်ခု ဖြစ်သည်ကို သူတို့အစိုးရများက သဘောပေါက်ကြသည်။ စီးပွားရေးတံခါး ဖွင့်လိုက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်လိုက်ချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ အင်တင်တင် ဖြစ်သွားကြသည့်  ကိစ္စတစ်ခုမှာ ကျွန်တော်တို့ဆီက အလွန်တရာ ညံ့ဖျင်းလှသော ‘သယ်ယူပို့ဆောင်ရေးစနစ်’ ဖြစ်သည်။ဒီလို ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းနေပုံမျိုးနှင့်ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်သွားကြမည်အမှန်။ ပြဿနာ က ဤတစ်ခုတည်း မဟုတ်ပါ။ နှစ်ပေါင်းများစွာ ကြုံတွေ့နေခဲ့ရသော ‘လျှပ်စစ်မီး မလုံလောက်မှုကလည်း ရင်းနှီးမြှုပ်နှံကြသူတွေအတွက် ခေါင်းခဲစရာဖြစ်သည်။ ယခု ရန်ကုန်မြို့ကြီးမှာ ကြုံတွေ့နေရသည်က ဤပြဿနာ တွေဖြစ်သည်။ တာဝန်ရှိအစိုးရက လူထုကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းကို မဖြေရှင်း၍ မဟုတ်။ ပြည်ပနိုင်ငံ အဖွဲ့အစည်းတွေက မနေသာသဖြင့် အကူအညီ အထောက်အပံ့ မြောက်မြားစွာပေးကာ ဖြေရှင်းဖို့ ကြိုးစားသည်။ လမ်းတွေဖောက်သည်။ လမ်းတွေချဲ့သည်။ တံတားတွေဆောက်သည်။ တံတားတွေချဲ့သည်။ ခုံးကျော်တံတားတွေ ဆောက်သည်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ မီးပွိုင့်စနစ်တွေ ပြင်သည်။ ဘတ် (စ်) ကားယာဉ်ကြောအတွက် ကွန်ကရစ်တုံးများချပြီး ကန့်သည်။ ‘ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ (JICA) သည် လက်ရှိရန်ကုန်မြို့ကြီး ကြုံတွေ့နေရသော ပြဿနာများအတွက် ငွေကြေးအမြောက်အမြား ထောက်ပံ့ထားသလို ရန်ကုန်အစိုးရကလည်း ဘတ်ဂျက်အမြောက်အမြားသုံးပြီး နေ့စဉ် လမ်းတွေခင်းနေကြသည်။ တံတားတွေ တစ်ခုပြီးတစ်ခု ဆောက်နေကြသည်။သို့သော် ပြဿနာက ပြေလည်မသွားသေးပါ။ မပြေလည်သည့်အပြင် အရာမထင်၊ အကျိုးမထူးသော လုပ်ငန်းပြ၊ ဘတ်ဂျက်သုံး၊ ကိုယ်ကျိုးရှာ ကိစ္စတွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေသည်။ ပြည်သူလူထု ကြုံတွေ့ရင်ဆိုင်နေရသော ပြဿနာအခက်အခဲတစ်ခု ဖြေရှင်းနိုင်ဖို့ ဆိုသည်မှာ သန့်ရှင်းသောအစိုးရ (Clean Government)၊ ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance)၊ အမှန်တကယ် ရှိပါမှဖြစ်မည်။ သမ္မတဦးသိန်းစိန်ကတော့ လွန်ခဲ့သည့်လေးနှစ်ကျော် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲကတည်းက ဒီစကားနှစ်ခွန်းကို ပြောကြားခဲ့သည်။ လက်တွေ့မှာတော့ ရန်ကုန်မြို့ကြီးနှင့်တကွ နိုင်ငံတော်သည် အရိုးစွဲအကျင့်ပျက် ဗျူရိုကရက်နှင့် အာဏာရှင်တစ်စု၏ လက်ထဲမှာ ဖရိုဖရဲ ရှိနေဆဲ....။

Most Read

Most Recent