နှစ်စဉ်နှစ်တိုင်းမှာ မေ ၃၁ ကို ကမ္ဘာ့ဆေးရွက်ကြီး မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဆေးလိပ်နဲ့ အခြားဆေးရွက်ကြီးထွက် ပစ္စည်းတွေရဲ့ အန္တရာယ်ကို အများပြည်သူ သတိပြုမိကြစေဖို့ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်စဉ်ကမ္ဘာ့ ဆေးရွက်ကြီး မသုံးစွဲရေးနေ့အတွက် ခေါင်းစဉ်တစ်ခုကို ရွေးလေ့ရှိပါတယ်။
အဲဒီခေါင်းစဉ်ပါ အချက်တွေကို အများပြည်သူ သတိပြုစေရုံသာမကဘဲ နိုင်ငံတွေက တာဝန်ရှိသူတွေကိုပါ တစ်စုံတစ်ခုဆောင် ရွက်ဖြစ်အောင် တိုက်တွန်းတဲ့သဘောဖြစ်ပါ တယ်။ ဒီနှစ်ခေါင်းစဉ်ကတော့ တရားမဝင်တင်သွင်း ရောင်းချနေတဲ့ ဆေးလိပ်နဲ့ အခြားဆေး ရွက်ကြီးထွက် ပစ္စည်းတွေနဲ့ သူတို့ရဲ့ သက်ရောက်မှုတွေကို သတိပြုမိကြဖို့ပါ။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွက်ရင် ဆေးလိပ် ၁၀ လိပ်တိုင်းမှာ တစ်လိပ်က တရားမဝင်တင်သွင်း ရောင်းချတာမို့ အဲဒါကို ဦးတည်ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဆိုပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ရရှိတဲ့ ကျန်းမာရေးပြဿနာတွေက တစ်ကမ္ဘာလုံး ထိခိုက်ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ နေ့စဉ်တွေ့မြင်နေရလို့ ယဉ်ပါးပြီး ဘာမှမဟုတ်လောက်ပါဘူးလို့ ထင်ရတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေက တစ်နှစ်တစ်နှစ်ကို လူသတ်တာ ခြောက်သန်းပတ်ဝန်းကျင် ရှိပါတယ်။
အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျားကြောင့် နှစ်စဉ်သေဆုံးသူ အားလုံးပေါင်းတောင် သူ့ကို မမီပါဘူး။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းလို့ ပြောတိုင်းမှာ ဆေးရွက်ကြီး ဈေးကွက်ရဲ့ရာခိုင်နှုန်း အများဆုံးကို ယူထားတဲ့ ဆေးလိပ်က အဓိကနေရာမှာ ရှိပါတယ်။
ဆေးလိပ်၊ ဆေးရွက်ကြီး မသုံးစွဲဘဲ ဆေးလိပ်က ထွက်တဲ့ အငွေ့တွေကို တစ်ဆင့်ခံရှူ ရရင်း၊ ထိတွေ့ရရင်း သေဆုံးရသူတွေက နှစ် စဉ်ခြောက်သောင်းကျော်ရှိပါတယ်။
အဲဒီလို ဆေးလိပ်ငွေ့ရှူရ၊ ထိတွေ့ရရင်း သေဆုံးသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေပါ။ လုပ်သင့်လုပ်ထိုက် တာတွေကို သေသေချာချာ ကောင်းကောင်းမွန်မွန် မလုပ်ရင် ၂၀၃၀ မှာ နှစ်စဉ် သေဆုံးသူ ကိန်းဂဏန်းက ရှစ်သန်းကျော် ဖြစ်လာစရာရှိတယ်လို့ ပညာရှင်တွေက တွက်ချက်ခန့်မှန်းထားပါတယ်။ ဒါ့အပြင် သေဆုံးသူ အများစုက ကျွန်မတို့ နိုင်ငံလို ဝင်ငွေအနည်းဆုံးနိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ် နိုင်ငံတွေက ဖြစ်ကြမှာ ဖြစ်ပါတယ်။ အဲဒီတော့ လုပ်သင့်လုပ်ထိုက်တာတွေဆိုတာ ဘာတွေဖြစ်ပါသလဲ။
ကမ္ဘာ့ပညာရှင်တွေ ထောက်ခံပြောဆိုထားတာက MPOWER လို့ အတိုကောက်ခေါ်တဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းချုပ်ရာမှာ ထိရောက်တဲ့ နည်းလမ်းစုဖြစ်ပါတယ်။
M ဆိုတာ monitor tobacco use and prevention policy &J Y ရဲ့ ထိပ်စာလုံးအမ်ကို ယူထားခြင်း ဖြစ်ပါတယ်။ မိမိနိုင်ငံက ဆေးလိပ်နဲ့ အခြားဆေးရွက်ကြီးထွက် ပစ္စည်းတွေကို သုံးစွဲမှုအနေအထားနဲ့ သုံးစွဲမှုတွေကို တားဆီးကာကွယ်တဲ့ မူဝါဒတွေရဲ့ အနေအထားတွေကို စောင့်ကြည့်ပါလို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကွမ်းစားတဲ့ အလေ့အထကြောင့် အငွေ့မထွက်တဲ့ ဆေးရွက်ကြီး သုံးစွဲမှုက ဆေးလိပ်သောက်မှုထက် ပိုများတယ်လို့ ဆိုကြပါတယ်။ ကွမ်းယာဆိုင်တွေကို နေရာအနှံ့အပြား တွေ့နေရသလို ဘယ်သွားသွား ဆေးလိပ်ငွေ့တွေကို ရှောင်မရတာကလဲ သိသာထင်ရှားတဲ့ အချက်ပါ။
ဒါတွေကို တိကျခိုင်မာစွာ ကောက်ယူထားတဲ့ စစ်တမ်းတွေ၊ သုတေသနတွေ ရှိဖို့လိုအပ်ပါတယ်။ တွေ့ရှိချက်တွေကို အများပြည်သူ နားလည်နိုင်မယ့် ပုံစံနဲ့ချပြဖို့လည်း လိုအပ်ပါတယ်။ မူဝါဒအနေအထားမှာတော့ MPOWER ကို အမှန်တကယ် ဆောင်ရွက်နေသလားလို့ ပြည်သူလူထုက စောင့်ကြည့်မေးမြန်းသင့်ပါတယ်။
P ဆိုတာ protect people from tobacco smoke ရဲ့ ထိပ်စာလုံးပီကို ယူထားတာဖြစ်ပါတယ်။ လူတွေကို ဆေးလိပ်ငွေ့တွေကနေ အကာအကွယ်ပေးပါလို့ အဓိပ္ပာယ်ရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှူရရုံ၊ ကပ်ကျန်ခဲ့တဲ့ဆေးလိပ်ငွေ့တွေကို ထိတွေ့ရရုံနဲ့ ရောဂါရ၊ သေဆုံးနိုင်တဲ့အတွက် ဆေးလိပ်မသောက်ဖို့ ရွေးချယ်သူတွေကို ဆေးလိပ်ငွေ့တွေကနေ အကာအကွယ်ပေးဖို့ နိုင်ငံကို ဦးဆောင်သူ၊ အစိုးရမှာ တာဝန်ရှိပါတယ်။
အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ တွေမှာ ဆေးလိပ်မသောက်ရလို့ သတ်မှတ်လိုက်ချိန်မှာ နိုင်ငံရဲ့ လမစေ့ဘဲ ကလေးမွေး ဖွားမှုနှုန်း ကျဆင်းသွားတဲ့အထိကောင်းတဲ့ သက်ရောက်မှုရှိတဲ့ နိုင်ငံရှိခဲ့ဖူးပါတယ်။ ဘယ် ဂျီယံနိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အချို့ပြည်နယ်တွေမှာ မိမိနေအိမ်ထဲမှာဆေး လိပ်သောက်ရင်တောင် အိမ်ကနေ ဖယ်ခိုင်းတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဆေးလိပ်သောက် သူဘက်ကကြည့်ရင် မတရားဘူးလို့ ထင်ရပေမယ့် ဆေးလိပ်မသောက်တဲ့ အိမ်နီးချင်းတွေနဲ့ အိမ်သားတွေ ခံစားရနိုင်တဲ့ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ၊ ကြုံရနိုင်တဲ့ ဆေးကုသခ ကုန်ကျစရိတ်တွေကို တွေးကြည့်ရင် လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ မြင်သာပါတယ်။
တိုက်ခန်းတွေနဲ့ နေသူတွေက ဆင်းရဲလို့ နေကြရတာဖြစ်ပြီး ဘေးခန်း၊ အောက်ခန်းစတဲ့ နေရာတွေကလာတဲ့ ဆေးလိပ်ငွေ့တွေ ကို ရွေးချယ်နိုင်စွမ်းမရှိစွာ ရှူနေကြရပါတယ်။ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ အဆောက်အအုံရဲ့ အတွင်းမှာတင်မကဘဲ အဆောက်အအုံရဲ့အပြင် အမိုးအောက်မှာတောင် ဆေးလိပ်မသောက်ရ၊ သောက်ရင် ဒဏ်ငွေဘယ်လောက်ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့နေမြင်နေရပြီ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ တက္ကစီပေါ် ဆေးလိပ်သောက်ရင်၊ ဘတ်စ်ကားပေါ် ဆေးလိပ်သောက်ရင်တောင် ဘယ်သူ့တိုင်ရမှန်းမသိတဲ့ အဖြစ်မျိုးတွေကြုံ နေရဆဲပါ။
O က offer help to quit tobacco use ရဲ့ ထိပ်စာလုံးအိုကို ယူထားတာဖြစ်ပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီး စွဲနေသူတွေကို ဖြတ်နိုင်အောင် အကူအညီပေးပါလို့ အဓိပ္ပာယ် ရပါတယ်။ ဆေးလိပ် ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်က ဦးနှောက်ထဲမှာ ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့အတွက် အလွယ်တကူ ဖြတ်လို့ မရပါဘူး။ အချို့သူတွေက မိမိဘာ သာ ဖြတ်လို့ရနိုင်ပေမယ့် အများစုအတွက် အကူအညီ လိုအပ်ပါတယ်။ နီကိုတင်းကို အစားထိုးတဲ့ ဆေးဝါးတွေ၊ ပလတ်စတာတွေ၊ အကြံပြုဆွေးနွေးမှုတွေ၊ လက်တွဲခေါ်မှုတွေ စတာတွေ အများကြီး လိုအပ်ပါတယ်။ အခု မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ အီးစီးကရက်က နီကိုတင်းကို အစားထိုးတဲ့ ဆေးဝါးထဲ မပါသလို၊ အစားထိုး အသုံးပြုဖို့ကိုလည်း ပညာရှင်တွေက မထောက်ခံထားပါဘူး။ အီးစီးကရက် ကိုယ်တိုင်က အန္တရာယ်ပေးနိုင်ကြောင်းကိုလည်း တစ်စထက်တစ်စ ပိုမိုတွေ့ရှိလာပြီဖြစ်ပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ အကြံဉာဏ်တွေ ဆွေးနွေးမှုတွေ ကုသမှုတွေပေးနိုင်မယ့် ဆေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေ ပေါ်ပေါက်လာအောင်လည်း သင်ကြားလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
W ဆိုတာ warn about danger of tobacco ဆိုတဲ့ ထိပ်စာလုံး ဒဗလျူကို ယူထားတာ ဖြစ်ပါတယ်။ ဆေးလိပ်နဲ့ အခြားဆေးရွက်ကြီးထွက် ပစ္စည်းတွေရဲ့အန္တရာယ်ကို အများပြည်သူကို သတိပေးပါလို့ အဓိပ္ပာယ်ရပါတယ်။ သတိပေးရာမှာ အထိရောက်ဆုံးနည်း လမ်းတွေထဲက တစ်ခုက တစ်နိုင်ငံလုံးကို ပြန့်နိုင်တဲ့ မီဒီယာတွေကို အသုံးပြုပြီး ဆေးလိပ် ဆေးရွက်ကြီးကြောင့် လက်တွေ့အမှန်တကယ် ခံစားနေရသူတွေ အကြောင်းကို ပြသ ပြောဆိုပေးတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာများက ပြုလုပ်တဲ့ “ဆေးလိပ်သောက်ခဲ့သူများထံမှ အကြံပြုချက်များ” ဆိုတဲ့ အစီအစဉ်ကြောင့် အမေရိကန်နိုင်ငံမှာ ဆေးလိပ်ပြတ်ခဲ့သူ၊ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆေးလိပ်ဘူးခွံတွေရဲ့ အပြင်ဘက်မှာ ရုပ်ပုံပါတဲ့ သတိပေးစာတန်းတွေ ကပ်တာကလည်း များစွာထိ ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ သတိပေးတဲ့ ရုပ်ပုံ ကီးလေ၊ သတိပေးမှုက ထိရောက်လေလို့ သိရပါတယ်။ ရုပ်ပုံထည့်သွင်းရတဲ့ ကုန်ကျစရိတ်ကို ဆေးလိပ်ကုမ္ပဏီတွေက ကျခံရမှာ ဖြစ်ပါတယ်။ ဒါတွေ မြန်မာနိုင်ငံမှာ မရသေးဘူးဆိုတာ ထင်ရှားပါတယ်။
အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ရုပ်ပုံပါတဲ့ သတိပေးချက်တွေ ကို ၂၀၀၅ ခုနှစ်ကတည်းက စခဲ့ပါတယ်။ အများပြည်သူကို ဆေးလိပ်အန္တရာယ် သတိပေး ရာမှာ ဆေးလိပ်လုပ်ငန်းတွေ လုပ်တတ်တဲ့ ပီအာဆိုတဲ့ ပြည်သူ့ဆက်ဆံရေး သဘောတရားကိုလည်း သိထားကြဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံလို နေရာမျိုးမှာတော့ ဆေးလိပ်ကို ပီအာရ် လုပ်တတ်ရင် ဘယ်လုပ်ငန်းမှာ မဆို ပီအာရ်လုပ်စားလို့ ရပြီလို့ ပြောစမှတ်ပြုကြတဲ့ အထိ ရှိပါတယ်။ ဆေးလိပ်လုပ်ငန်းတွေက သုတေသနတွေ့ရှိချက်တွေနဲ့ အခိုင်အမာ ထွက်လာတဲ့ ဆေးလိပ်ရဲ့အန္တရာယ်တွေကို တိုက်ရိုက်ပြန်မငြင်းဘဲ လူတွေက အဲဒီအန္တရာယ်တွေကို ဇဝေဇဝါ ဖြစ်သွားအောင် လုပ်လေ့ရှိပါတယ်။ ဥပမာ - ဆေးလိပ်ထဲမှာပါတဲ့ အန္တ ရာယ်ရှိတဲ့ အရာတွေ အကြောင်း ပြောရင်းက အခြားသုံးစွဲနေတဲ့အရာတွေထဲမှာလည်း အလားတူပစ္စည်းမျိုးတွေ ပါနေတာပဲ ဆိုတာမျိုး ပြောတတ်ပါတယ်။ အားလုံး အန္တရာယ်ရှိ နေမှတော့ ဘာကိုကြောက်နေရမှာလဲဆိုတဲ့ သဘောတရားမျိုး ဖြစ်သွားအောင် ကျန်းမာ ရေးပညာပေးသလိုနဲ့ ပြောသွားတာကို ဒီနိုင်ငံထဲမှာတင် နားထောင်ခဲ့ဖူးပါတယ်။ ပြောသူကိုယ်တိုင်က ဆရာဝန်တစ်ယောက် ဖြစ်လေတော့ အတော်ကြောက်စရာ ကောင်းပါတယ်။ သာမန်ပြည်သူတွေကတော့ သူဟာ ဆေးလိပ်ကုမ္ပဏီပိုင်သူတွေနဲ့ ဆက်စပ်နေမှန်း သိမှာမဟုတ်ပါဘူး။ အဲဒီလို ဇဝေဇဝါ ဖြစ်မှုတွေကို ချေဖျက်နိုင်ဖို့ နားလည်လွယ်ပြီး တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေ ကို ပေးဖို့လိုအပ်ပါတယ်။
တကယ်တော့ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဘယ်လိုအန္တရာယ်တွေ ကြုံနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်တွေက သုတေသန ထောင်ပေါင်းများစွာရဲ့ ရလဒ်ဖြစ်ပါတယ်။ လူတစ်ယောက် ဆေးလိပ်သောက်ပြီး နှစ်အနည်းငယ် အကြာမှာ အဆုတ်ကင်ဆာဖြစ်ရင် ဒါဆေးလိပ်ကြောင့်ပဲ ဖြစ်မှာပေါ့ဆိုပြီး ရမ်းစွပ်စွဲတာမျိုး မဟုတ်ပါဘူး။ အခုအချိန်မှာ ဓာတ်ခွဲခန်းတွေမှာ မျိုးရိုးဗီဇထိခိုက်မှုအဆင့်အထိ လေ့လာနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ကလည်း သာမန်ဆက်စပ်မှုမျိုး မဟုတ်တဲ့ “သူ့ကြောင့် ဖြစ်ပါတယ်” ဆိုတဲ့သက်သေ (causal relation) ကို အခိုင်အမာပြပြီးမှ ဒါကြောင့် ဒါဖြစ်ပါတယ်လို့ ပြောခွင့်ရခြင်း ဖြစ်ပါတယ်။ မိမိနိုင်ငံမှာ သုတေသန ကြီးကြီးမားမား မလုပ်နိုင်ရင်တောင် သူများနိုင်ငံမှာ လုပ်ထားတဲ့ တွေ့ရှိချက်တွေကို နားလည်လွယ်မယ့် အနေအထားနဲ့ ချပြတာမျိုးတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ဂျပန်နိုင်ငံ အိုကလာဟိုးမားတက္ကသိုလ်၊ စတီဖင်ဆန် ကင်ဆာစင်တာကနေ ဆေးလိပ်ငွေ့အနည်းငယ်ကို ထိတွေ့မိရုံနဲ့ ဒီအင်န်အေထဲမှာ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ တွေ့ခဲ့ပါတယ်။
E က enforce bans on tobacco advertising, promotion and sponsorship ဆိုတဲ့ စာသားရဲ့ ထိပ်စာလုံး အီးကိုယူထားတာ ဖြစ် ပါတယ်။ ဆေးလိပ်နဲ့အခြားဆေးရွက်ကြီး ထွက် ပစ္စည်းတွေကို ကြော်ငြာမှု၊ အရောင်း မြှင့်တင်မှု၊ စပွန်စာပေးမှုတွေကို ပိတ်ပင်တား ဆီးပါလို့ အဓိပ္ပာယ်ရပါတယ်။ လူငယ်တွေ၊ အရွယ်မရောက်သေးသူတွေ ဆေးလိပ်စသောက်ဖြစ်ကြတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ကြော်ငြာမှု၊ အရောင်းမြှင့်တင်မှု၊ စပွန်စာပေးမှုတွေ ပါနေကြောင်း သုတေသနတွေမှာ အခိုင်အမာတွေ့ရှိထားလို့ ဒါတွေကို ပိတ်ပင်ဖို့ ပညာရှင်တွေကထောက် ခံတောင်းဆိုထားတာပါ။ ကြော်ငြာမှု၊ အရောင်းမြှင့်တင်မှု ဆိုတဲ့ အထဲမှာ ဆေးလိပ်ကို အခမဲ့ဝေခြင်း၊ ကံစမ်းမဲ အစီအစဉ် ပြုလုပ်ခြင်း၊ ဆေးလိပ်တံဆိပ်ပါတဲ့ ပစ္စည်းတွေကို ဝေငှခြင်းစတာတွေလည်း ပါဝင်ပါတယ်။
ဆေးလိပ်ဘူးတွေကို အရောင်းကောင်တာနားမှာ လှပမြင်သာပြီး ဝယ်ချင်အောင် ပြသထားတာကလည်း ကြော်ငြာခြင်းတစ်မျိုး ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက ဒီနှစ်ထဲမှာ အဲဒီလို လှပမြင်သာအောင် ပြသထားမှုတွေကို စတင် ပိတ်ပင်နေပြီး နှစ်ကုန်မှာ အပြီးသတ်ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ ထိုင်းနိုင်ငံမှာတော့ ပိတ်ပင်ထားပြီးသား ဖြစ်ပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီး ကုမ္ပဏီတွေကပေးတဲ့ ထောက်ပံ့မှုတွေ၊ စပွန်ဆာပေးမှုတွေ၊ ပညာသင်ဆုတွေကလည်း လက်မခံသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ “ကလေးတွေကို မကောင်းတဲ့ ရုပ်ရှင်ရိုက်ပြီးရလာတဲ့ ပိုက်ဆံနဲ့ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့မရသလိုဘဲ” လို့ ကမ္ဘာ့ပညာရှင်တစ်ဦးက ဝေဖန်ထောက်ပြခဲ့ပါတယ်။ အခုအချိန်မှာ ဆေးလိပ်တံဆိပ်ပါ တဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မြင်နေပါတယ်။ လက်ဖက်ရည်ဆိုင် အများစုမှာလည်း ဆေးလိပ်တံဆိပ်ပါတဲ့ တစ်ရှူးထည့်တဲ့ ပုံးတွေကို သုံးစွဲနေကြပါတယ်။ ဒါတွေက မဖြစ်သင့်၊ မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ပိုပြီး စိတ်မကောင်းစရာ ကောင်းတာက မြန်မာနိုင်ငံ ဆရာဝန်အသင်း ရုံးခန်းလိုနေရာမျိုးမှာ ဆေးလိပ်တံဆိပ်ပါတဲ့ တစ်ရှူးပုံးတွေကို တွေ့ရတာပါပဲ။ သက်ရောက်မှု အတိုင်းအတာကို သတိရှိသင့်ပါတယ်။
R က raise taxes on tobacco ရဲ့ ထိပ်စာလုံးကို ယူထားတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က ဆေးလိပ်ဆေးရွက်ကြီးနဲ့ သက်ဆိုင်တဲ့ အခွန်အခတွေကို မြှင့်တင်ဖို့ပါ။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဆေးရွက်ကြီး မသုံးစွဲရေးနေ့ရဲ့ ခေါင်းစဉ်လည်းဖြစ်တာမို့ သတိပြုမိလိုက်ကြမယ် ထင်ပါတယ်။ အခွန်အခတွေ မြှင့်တင်စေလိုခြင်းက ဆေးလိပ်နဲ့ အခြားဆေးရွက်ကြီးထွက် ပစ္စည်းတွေ ဈေးမြင့်မားလာပြီး အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စွမ်း မရှိတဲ့ အနေအထားမှာ ရှိနေစေဖို့ ဖြစ်ပါတယ်။ အဲဒါကို မြန်မာနိုင်ငံမှာ လုပ်နေတယ်၊ ထိရောက်မှုလည်း ရှိတယ်လို့ သတင်းအချို့မှာ ဖတ်ရပါတယ်။ ဟုတ်၊ မဟုတ် စောင့်ကြည့်ဖို့အတွက်က အများပြည်သူ အားလုံးမှာ တာဝန်ရှိတဲ့ M ထံကို ပြန်သွားရမှာ ဖြစ်ပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်နဲ့ ဝန်ပိခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
(ညွှန်း - CDC, WHO, Tobacco Atlas, BMJ, World Lung Foundation)










