မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့သော ကန့်သတ်တားဆီးနေသည့် စည်းမျဉ်းများကြောင့် နောက်သို့ဆွဲထားသကဲ့သို့ ဖြစ်နေဟု ဆို

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့သော ကန့်သတ်တားဆီးနေသည့် စည်းမျဉ်းများကြောင့် နောက်သို့ဆွဲထားသကဲ့သို့ ဖြစ်နေဟု ဆို
Published 21 May 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့သည့် ကန့်သတ်တားဆီးနေသည့် စည်းမျဉ်းများကြောင့် နောက်သို့ဆွဲထားသကဲ့သို့ ဖြစ်နေကြောင်း UMFCCI ၏ တရားဝင် သုတေသနကုမ္ပဏီ New Cross-roads Asia (NCRA) က ၎င်းတို့၏ ၂၀၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်နောက်ပိုင်း၌ ငွေကြေးဖောင်းပွမှုနှင့် အိမ်ခြံမြေ ဈေးကစားမှုများကြောင့် ဘဏ်များပြိုလဲအပြီးတွင် ကန့်သတ်တားဆီးသည့် စည်းမျဉ်းများကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်မှစ၍ ဘဏ်များအနေနှင့် ချေးငွေထုတ်ပေးရာတွင် အိမ်ခြံမြေပိုင်ဆိုင်မှု၊ ရွှေနှင့် အခြားငွေဖြစ်လွယ်သော ပိုင်ဆိုင်မှုပြ အာမခံပစ္စည်းများ ပိုသာစွာတောင်းကာ အာမခံချက်ကောင်းစေရန် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခဲ့ကြရသည်။မြန်မာနိုင်ငံတွင် အပေါင်ပစ္စည်းပြသနိုင်သည့် မိသားစု သို့မဟုတ် စီးပွားရေးလုပ်ငန်းမှာ အနည်းငယ်ခန့်သာရှိပြီး ပုဂ္ဂလိကပိုင်မြေ ပမာဏမှာလည်း နည်းပါးလျက်ရှိသည်။တင်းကျပ်သည့် အဆိုပါ ဘဏ်စည်းမျဉ်းများမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဘဏ်လုပ်ငန်းကဏ္ဍတွင် ချေးငွေ၊ အပ်ငွေအချိုးမှာ ၆၀ ရာခိုင်နှုန်းထက် နိမ့်နေသည်ကို တွေ့ရကြောင်း NCRA က ဖော်ပြခဲ့သည်။အစိုးရဘဏ်များမှာမူ အစိုးရဘဏ်များထက် အခြေအနေကောင်းပြီး ၂၀၁၂ ခုနှစ်၊ မတ်လအထိ စာရင်းများအရ ၁၉၉၁ ခုနှစ် မတိုင်မီကတည်းက တည်ထောင်ခဲ့သော အစိုးရဘဏ် ၄ ဘဏ်တွင် ချေးငွေ၊ အပ်ငွေ အချိုးမှာ ၁၁ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။မြန်မာနိုင်ငံ အနေနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် တိုးတက်မှုများ ရှိခဲ့သော်လည်း ရှေ့ဆက်နိုင်ရန်မှာ အရေးပေါ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဟု NCRA က ထောက်ပြခဲ့သည်။မြန်မာနိုင်ငံတွင် ဘဏ်များထံမှ ငွေချေးမှုကို စည်းမျဉ်းများ တင်းကျပ်စွာ ချမှတ်ထားပြီး ဗဟိုဘဏ်၏ တင်းကြပ်စွာ ပါဝင်မှုများကြောင့် ဘဏ်လုပ်ငန်းမှ နိုင်ငံ၏ ဂျီဒီပီနှင့် ဆက်စပ်မှုများ အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်နေကြောင်း သိရသည်။မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘဏ်အနည်းဆုံးနိုင်ငံတစ်ခု ဖြစ်သော်လည်း ၂၀၀၈ ခုနှစ်မှ စတင်ကာ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့ပြီး လာအို၊ ကမ္ဘောဒီးယားနိုင်ငံများထက် အပ်ငွေမှဂျီဒီပီသို့ ဆက်စပ်မှု တိုးတက်လာခဲ့ကြောင်း သိရသည်။UN မှ ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်နာမည်နှင့် ဘဏ်စာရင်းရှိသော လူဦးရေမှာ ၄ ရာခိုင်နှုန်းသာရှိပြီး နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC ၏ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်းအရ မြန်မာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအောက်သာ ငွေကြေးဝန်ဆောင်မှုရယူသုံးစွဲနိုင်စွမ်း ရှိသည်ဟု ခန့်မှန်းထားသည်။လက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးမှာ မြန်မာ့စီးပွားရေးဘဏ်ဖြစ်ပြီး ၃၁၄ ဘဏ်ဖြင့် ဦးဆောင်လျက်ရှိသည်။၎င်း၏နောက်မှ ကမ္ဘောဇဘဏ်က ဘဏ်ခွဲ ၃၀၀၊ CB Bank က ဘဏ်ခွဲ ၁၂၇ ဘဏ်၊ AYA ဘဏ်က ဘဏ်ခွဲ ၁၁၁ ဘဏ်ဖြင့် ရပ်တည်နေသည်။