စံနှုန်းနှင့်ညီသောလူ့သိက္ခာ

စံနှုန်းနှင့်ညီသောလူ့သိက္ခာ
Published 16 May 2015
တက္ကသိုလ် မိုးဝါ

သက်ဆိုင်ရာအစိုးရဌာနများမှ လွှတ်တော်၌ ပြည်သူများအတွက် လမ်း၊ တံတား ဆောက်လုပ်ပေးမည်ဟု ကတိပေးထားပြီးနောက်ပိုင်း အချို့တည်ဆောက်ရေးလုပ်ငန်းများမှာ အရည်အသွေးမပြည့်မီမှုများ တွေ့ရှိရသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောကြားသည့် သတင်းတစ်ပုဒ်ဖတ်ရှုရသည်။  ယင်းသို့ စီမံကိန်းဖော်ဆောင်မှုအပေါ်တွင် အရည်အသွေးမပြည့်မီခြင်းများ စစ်ဆေးတွေ့ရှိချက်များမှာ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု အလွန်တရာထူပြောသော ဤနိုင်ငံတွင် အဆန်းတကြယ် မဟုတ်တော့သည့် သတင်းမျိုးဖြစ်သည်ဟု ဆိုရပေမည်။  တည်ဆောက်ရေးစံနှုန်း မမီခြင်းများ၊ ပစ္စည်းပစ္စယ ဝယ်ယူရာ၌ ပစ္စည်းအရည်အသွေးမမီခြင်း၊ မမှန်ကန်ခြင်း၊ ဝယ်ယူဈေးနှုန်း နှင့် ပစ္စည်း၏ အမှန်တန်ဖိုး ကွာဟခြင်းစသည့် ကိစ္စရပ်များအား တွေ့ရှိလာရပြန်သည်။  မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်ရာတွင်ဖြစ်စေ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင်ဖြစ်စေ စံနှုန်းတစ်ခုကိုတော့ မှန်ကန်တည့်မတ်စွာ ထိန်းသိမ်းထားရမည်ဖြစ်သည်။ ပြီးတော့ ဖြစ်လေ့ဖြစ်ထရှိသည့် အခြင်းအရာတစ်ခုမှာ မမှန်မကန် ဆောင်ရွက်မှုအပေါ် မည်သို့မျှအရေးယူခြင်းမရှိသည့် အခြင်းအရာဖြစ်သည်။  စံနှုန်းနှင့် မကိုက်ညီခြင်းကိစ္စအား စစ်ဆေးအရေးယူအပြစ်ပေးမှု မရှိခြင်းသည် ဥပဒေတစ်ခုကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည်။ ဥပဒေပြဋ္ဌာန်းချက်တွင် စီမံကိန်းတစ်ရပ်ဖော်ဆောင်ရာ၌ စံချိန်စံညွှန်း မည်ရွေ့ မည်မျှကိုက်ညီရမည်ဟူ၍ တိတိကျကျ ဖော်ပြပါရှိတတ်သောကြောင့် စံနှုန်းမမီသည့်ကိစ္စ ပေါ်ေပေါက်လာပါက တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည်ဟု ဆိုရမည်ဖြစ်သည်။  
ဥပဒေတစ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် “ဥပဒေနှင့်အညီ”  မဖြစ်တော့။  နေရာတကာတွင် တစ်စုံတစ်ယောက်ကို ကိစ္စတစ်ခုအတွက် အရေးယူအပြစ်ပေးတော့မည်ဆိုလျှင် “ဥပဒေနှင့်အညီ” ဟူသော စကားလုံးကို ဖောဖောသီသီ ကြားနေရလေ့ရှိစေကာမူ၊ လုပ်ငန်းစီမံကိန်း ဖော်ဆောင်ခြင်းများ နှင့်ပတ်သက်လာလျှင်မူ “ဥပဒေနှင့်အညီ” ဟူသော စကားကိုကြားရရန် ခက်ခဲလာသည်။  မမှန်မကန်လုပ်သော လုပ်ငန်းရှင်များအား နာမည်ပျက်စာရင်း သွတ်သွင်းခြင်းဖြင့် အရေးယူမှုမှာလည်း ထိရောက်သော နည်းလမ်းတစ်ရပ်မဟုတ်သည်ကို သိကြပြီးဖြစ်သည်။
 
အိမ်၊ စက်ရုံ၊ လုပ်ငန်းဌာနတို့၌ လျှပ်စစ်ကြိုးသွယ်တန်းရာတွင်လည်း နိုင်ငံတကာ လျှပ်စစ်စံနှုန်း သတ်မှတ်ချက်ထားရှိပြီးဖြစ်သည်။ အိမ်တစ်အိမ်၊ စက်ရုံတစ်ရုံတွင် စွမ်းအားမည်မျှ သုံးမည်ဆိုသည့်အပေါ် မူတည်၍ သူ့အပိုင်းနှင့်သူ နန်းကြိုးအရွယ်အစား အမျိုးမျိုးတွက်ချက်ရွေးချယ်ပြီးမှ သွယ်တန်းတပ်ဆင်ပေးရသည်။ အဆိုပါ အိမ်၊ စက်ရုံ၌အသုံးပြုရန်လိုအပ်မည့် လေအေးပေးစက်၊ အပူပေးစက်များ၊ ဖိသိပ်စက်၊ မော်တာအမျိုးမျိုး၊ ဓာတ်လှေကားများနှင့် လျှပ်စစ်မီးနှင့် ဆက်စပ်သော ပစ္စည်းကိရိယာအားလုံးသည်လည်း နိုင်ငံတကာ၏ သတ်မှတ်စံနှုန်းအတိုင်း ရှိရမည်ဖြစ်သည်။  အကယ်၍ သတ်မှတ်စံနှုန်းအတိုင်းမဟုတ်ဘဲ စစ်ဆေးတွေ့ရှိချက်အရ အပြစ်တစ်စုံတစ်ရာဖြစ်ပါက ဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ခံရရန် သေချာသည်။  
လျှပ်စစ် နှင့်ပတ်သက်သော မှားယွင်းချွတ်ချော်မှုများသည် အသက်တစ်ချောင်း ဆုံးရှုံးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် အမှားအယွင်း တစိုးတစိကိုမျှ လက်ခံနိုင်သည့်ကိစ္စ မဟုတ်။ သို့ဖြစ်၍ ဥပဒေစိုးမိုးသောနိုင်ငံများ၌ လျှပ်စစ်ဥပဒေ စည်းမျဉ်းစည်းကမ်းများ အလွန်တင်းကျပ်သည်။ စံနှုန်းနှင့်ညီသောကြောင့် ဥပဒေနှင့်အညီလည်း ဖြစ်ရုံမျှမက လူ့သိက္ခာ လူ့တန်ဖိုးလည်း ကျဆင်းသွားရန် အကြောင်းမရှိတော့ပေ။
 
အလျဉ်းသင့်၍ ဤနေရာတွင် ခုံးကျော်တံတား တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် သတင်းတစ်ပုဒ်၌ ရှစ်မိုင်လမ်းဆုံနှင့် ကုက္ကိုင်းလမ်းဆုံတို့တွင်လည်း တည်ဆောက်ရန် လျာထားချက်ရှိသေးကြောင်း သိရသည်။  ယခု အစိုးရသစ်သက်တမ်းအတွင်း ရန်ကုန်ရှိ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ မြေနီကုန်း စသည့်နေရာတို့တွင် ခုံးကျော်တံတားလေးစင်း ဆောက်လုပ်ခဲ့ပြီးစေကာမူ ကြိုတင်လေ့လာဆန်းစစ်မှု အားနည်းခဲ့သောကြောင့် ကနဦးရည်ရွယ်ရင်းဖြစ်သည့် ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းနိုင်ခဲ့ခြင်းမရှိကြောင်း အများ၏ဝေဖန်မှုအား ကြားသိနေရသည်။  ယင်းကိစ္စကို အရိုးရှင်းဆုံး လေ့လာသုံးသပ်မည်ဆိုပါက ပြဿနာ၏အဖြေက ပေါ်လွင်နေပြီး ဖြစ်သည်။ စကတည်းက မေးခွန်းအများအပြား ထုတ်စရာကောင်းခဲ့သော ရည်ရွယ်ချက်များဖြင့် နိုင်ငံတွင်းသို့ ယာဉ်တင်သွင်းခွင့်ကို ကြာမြင့်စွာ ပိတ်ပင်ခဲ့သည်ကစခဲ့သည့် ဇာတ်လမ်းဖြစ်သည်။ ပြီးတော့ အများပြည်သူ “ကားစီးနိုင်ရန်”ဟုဆိုကာ စေတနာဗရပွဖြင့် အထိန်းအကွပ်မဲ့ ကားတင်သွင်းခွင့် ပြုလိုက်ပြန်သည်။  
 
တစ်ချိန်တည်းမှာပင် မြို့ပေါ်ရှိ မြေနေရာလွတ်၊ မြေကွက်လပ်အားလုံးနီးပါးကို တာဝန်ရှိသူတို့က နီးစပ်ရာသို့ လက်လွှဲရောင်းချလိုက်သဖြင့် ကားရပ်နားရန် အထပ်မြင့်အဆောက်အအုံဆောက်လုပ်ရန်ပင် မြေနေရာရှာမတွေ့တော့။ အပြီးသတ်တွင်တော့ များပြားလှသည့် ကားအရေအတွက်တို့သည် မြို့ပေါ်ရှိနဂိုရှိပြီး လမ်းနေရာ အကျယ်အဝန်းအတွက် မဆံ့အင်တန် ဖြစ်သွားသည်။
 
ယာဉ်ကြောကျပ်တည်းမှု မဖြေရှင်းနိုင်ခြင်းကိစ္စသည်လည်း တစ်နည်းအားဖြင့် စံနှုန်းနှင့်မညီခြင်းသာဖြစ်ကြောင်း ပြောရမည် ဖြစ်၏။ စီမံကိန်းတစ်ရပ်ကို တာဝန်ခံပြီးချ မှတ်လိုက်သော်လည်း အောင်မြင်မှုမရရှိခြင်းသည် စံနှုန်းနှင့် မကိုက်ညီခြင်းသာဖြစ်၏။  
လုပ်ငန်းအောင်မြင်စေရန် လုပ်ဆောင်မည်ဟု ကတိပေးခဲ့မှုအပေါ် ချိုးဖျက်ခြင်းသည်လည်း ဥပဒေနှင့်မညီသည့်ကိစ္စ ဖြစ်နေသည်။ စံနှုန်းနှင့် မညီတော့သည့်အတွက် ယုတ္တိဗေဒနည်းဖြင့်ပြောပါက ဥပဒေနှင့်လည်းမညီ၊ တစ်ဖန်၊ ဥပဒေနှင့်အညီမဖြစ်သည့်အတွက် ကတိတည်ခြင်းလည်း မရှိ။ ကတိတည်ခြင်းမရှိသည့်အတွက် လူ့သိက္ခာနှင့် တန်ဖိုးကျဆင်းသွားရခြင်း ဖြစ်သည်။
 
စာရေးသူ၏ ကိုယ်ပိုင်အမြင်အယူအဆ တစ်ခုရှိသည်။ အယူအဆချင်းတူသည် မတူသည်ကို ဤနေရာတွင် အငြင်းပွားရန်မလိုဟု ထင်ပါသည်။  ထိုအယူအဆမှာ လူ့သိက္ခာတွင်လည်း စံနှုန်းတစ်ခုရှိသည်ဟူသော အယူအဆဖြစ်သည်။ လူ့သိက္ခာအတွက် အမြင့်ဆုံးစံနှုန်းတစ်ခုမှာ သိက္ခာကို ရိက္ခာနှင့် အလဲအလှယ်မပြုလုပ်ခြင်းဟူသော စံနှုန်းဖြစ်သည်။  ယင်းအဓိကစံနှုန်းကဲ့သို့ မမြင့်မားသော်လည်း အရေးပါမှု မယုတ်လျော့သော သိက္ခာနှင့်သက်ဆိုင်သည့် အခြားစံနှုန်းများစွာရှိသေးသည်။  အချို့သောအချက်ကို ပမာထားပြောရလျှင် သူတစ်ပါး၏ မျက်ခုံးမွေးပေါ် စင်္ကြ ံမလျှောက်ခြင်း၊ ဗြဟ္မစိုရ်တရားထားခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စာနာထောက်ထားခြင်း၊ အများပိုင်ပစ္စည်းကို မိမိပစ္စည်းကဲ့သို့ ဥပဒေမဲ့ အရယူမှုမရှိခြင်း၊ တရားစီရင်မှု တည့်မတ်မှန်ကန်ခြင်း စသည့်လူ့အခွင့်အရေးများအား ချိုးဖောက်ခြင်းမရှိလျှင် လူ့သိက္ခာ၏ စံနှုန်းသည် မြင့်မားမလာစရာအကြောင်း မရှိပေ။
 
ပြည်သူ့ဘဏ္ဍာငွေများကို စနစ်တကျ စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲခြင်းမရှိ၍ အရေးယူအပြစ်ပေးခြင်းမရှိပါက တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်မှာ အပြောသာဖြစ်နေမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တစ်နေ့ကပဲ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။ ( The Daily Eleven ၁၃-၅-၂၀၁၅ နေ့ထုတ်)။
 
ပြောကြားချက်ကို သုံးသပ်လျှင် မှန်သည်ဟုဆိုရပေမည်။ ပြည်သူ့ဘဏ္ဍာငွေအား သုံးစွဲပြီး လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီအချို့သည် ဆောင်ရွက်ဆဲလုပ်ငန်းကို ဆက်၍ မဆောင်ရွက်နိုင်တော့ဘဲ စွန့်ခွာသွားခြင်း၊ သတ်မှတ်ချိန်အတွင်း လုပ်ငန်းမပြီးစီးရုံမျှမက အရည်အသွေးမပြည့်မီခြင်းစသည့် ဖြစ်စဉ်မျိုးနှင့် ကြုံတွေ့နေရသည်ဆိုသည်။  အဆိုပါ ပြောကြားချက်အတိုင်းဆိုလျှင် သက်ဆိုင်ရာဖြစ်စဉ်တို့သည် စံနှုန်းနှင့်အညီ မဟုတ်ကြောင်း သိသာထင်ရှားသည်။ စံနှုန်း နှင့်အညီ မဟုတ်သဖြင့် တည်ဆဲဥပဒေနှင့်အညီလည်း မဖြစ်တော့။  ဥပဒေနှင့်အညီမဖြစ်လျှင် သက်ဆိုင်ရာတာဝန်ရှိသူ၊ တာဝန်ခံသူများတွင် စံနှုန်းမြင့်သော လူ့သိက္ခာနှင့် လူ့ တန်ဖိုးကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ခဲယဉ်းနေပေလိမ့်မည်။
 
နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် လူ့သိက္ခာနှင့်လူ့တန်ဖိုးသည် ဘဝခရီးလမ်း၌ အရေးပါအရာရောက်ဆုံးဖြစ်သည့် ပန်းတိုင်သို့ အရွေ့တွန်းအားတစ်ခု ဖြစ်လေသည်။