ကျွန်တော့်အတွေး မွေးစားပေးကြပါ

ကျွန်တော့်အတွေး မွေးစားပေးကြပါ
Published 15 May 2015
နန္ဒဝင်း (ဆေး-၁)

ကျွန်တော်တာဝန်ကျတဲ့ အင်္ဂပူမြို့ကလေးမှာ ဆင်းရဲနွမ်းပါးပြည်သူများအတွက် အဓိကရည်စူးပြီး တန်ဖိုးသင့်ညစာဆိုတဲ့ အစီအစဉ်ကလေးကို ၁၃၇၇ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့နောက်ပိုင်းက စတင်ခဲ့ပါတယ်။ ထမင်းတွေ သီးစုံပဲကုလားဟင်းတွေ ဝက်သားတွေ ကြက်သားတွေချက် ဆိုက်ကားတစ်စီးပေါ်တင် စေတနာ့ဝန်ထမ်းများက နွမ်းပါးတဲ့ ရပ်ကွက်တွေကိုတွန်းသွားပြီး ထမင်းနှင့်သီး စုံကုလားဟင်းဆို နှစ်ရာကျပ်၊ ထမင်းနှင့်ဝက်သားဟင်းဆို သုံးရာကျပ်၊ ထမင်းနှင့်ကြက်သားဟင်းဆို ငါးရာကျပ် အသီးသီး ရောင်းချပေးခဲ့ပါတော့တယ်။ အဓိက ကျွန်တော်ရည်ရွယ်တာက တစ်နေ့တာ ပင်ပန်းနွမ်းနယ်နေကြတဲ့ တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲနွမ်းပါးသူ မိသားစုများဟာ သူတို့ရဲ့ညနေစာကို အာဟာရတန်ဖိုး ပြည့်ပြည့်နှင့် စားသောက်နိုင်စေရေးပဲ ဖြစ်ပါတယ်။ ယခင့်ယခင် ကျွန်တော်တို့ သွားရောက်မရောင်းခင်ကဆို အာဟာရစံညွှန်း အနည်းငယ်သာပါတဲ့ ငါးပိချက် (ခုနောက်ပိုင်း ငါးပိပါ ဈေးတက်ကုန်လို့ ငါးပိနည်းနည်းကို အရည်ဖျော်) နှင့် မိသားစုတစ်စုလုံး ဖြစ်သလိုစားခဲ့ရပါတယ်။ ခုတော့ ငါးပိချက် ငါးပိဖျော်သာမက အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တွေအကုန်ပါတဲ့ သီးစုံပဲကုလားဟင်းကိုတော့ ငွေနှစ်ရာကျပ် (သူတို့အဆိုဆို ထင်းဖိုးသာသာနှင့်) စားသောက်နိုင်ခဲ့ပါပြီ။ ရောင်းချပေးနေတဲ့နောက်ကို တစ်ရက်လောက်လိုက် ကြည့်သူတိုင်း ပီတိဖြစ်ကြရပါတယ်။ နွမ်းနွမ်းပါးပါးသူတို့ဟာ ဆိုက်ကားနားကပ်လာတယ်။ ပြီးရင် ဟဲ့ကြက်သားအိုးပြပါဦး၊ ဝက်သားအိုးပြပါဦး၊ ဒီနေ့ အသားကောင်းသားဟဲ့၊ ကဲကဲ သီးစုံကုလားဟင်းပဲ ထည့်ဆိုတာမျိုးလေးတွေ။ ဒီနေ့တော့ ပိုက်ဆံပိုတယ်ဟေ့၊ ကြက်သားနှင့်စားမှာဟဲ့၊ ဝက်သားလောက်တော့ ဒီနေ့စားမှ ဖြစ်မယ်ဆိုတဲ့အသံတွေဟာ ပင်ပန်းခံရောင်းချပေးနေတဲ့ စေတနာ့ လုပ်အားရှင်တွေအတွက် အားဆေးတွေပါပဲ။ ဝက်သား ကြက်သားနှင့်ဝယ်ပြီးပေမယ့် ထမင်းပေါ် သီးစုံကုလားဟင်းလေး စမ်းပါဦးဆိုလည်း အမြတ်အတွက် ရောင်းနေတာမဟုတ်တဲ့ ကျွန်တော့်လူတွေက စမ်းပေးလိုက်တာပါပဲ။ ဆိုက်ကားတစ်စီးနှင့် အိမ်ခြေ ၁၀၀ ကိုဘဲ အခြေပြု ရောင်းချနေရာကနေ ခုဆို ဆိုက္ကား လေးစီး အိမ်ခြေ ၄၀၀ အထိကို တိုးချဲ့နိုင်ခဲ့ပါပြီ။ ဆိုခဲ့သလိုပါပဲ၊ စိစိစစ်စစ် ထည့်ပေးတာမဟုတ်ဘဲ ပိုပိုသာသာ ထည့်ပေးတတ်တဲ့ လုပ်အားရှင်တွေကြောင့် အမြတ်ကတော့ ဆိုက္ကားတစ်စီး တစ်နေ့ (၁၅၀၀-၂၀၀၀) လောက်ပဲ မြတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမြတ်ကြမ်းတယ်ဆိုရပါ့မယ်။ ဆိုက္ကားတစ်စီးအတွက် တစ်နေ့ ရင်းနှီးငွေဟာ ၁၅၀၀၀ ကနေ ၁၈၀၀၀ အထိပဲ ရှိပါတယ်။ အနည်းဆုံး ၁၀ ရာခိုင်နှုန်း နေ့စဉ်မြတ်တယ်ဆိုကတည်းက အမြတ်ကြမ်းတာပါပဲ။ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလို့ ဆိုရမှာပါ။ အနယ်နယ်အရပ်ရပ်ကလည်း စိတ်ဝင်တစားနှင့် အရင်းအနှီးတွေ မ,တည်ပေး စေတနာ့ဝန်ထမ်းတွေကို လက်ဆောင်တွေ ဝယ်ပေးကြတာ တစ်လအတွင်း မှာ သိန်းငါးဆယ်လောက် အလှူငွေရခဲ့ရတာ အားရစရာပဲဖြစ်ခဲ့ပါတယ်။ တန်ဖိုးသင့်ညစာ အားပေးနေတဲ့ ဆင်းရဲနွမ်းပါးမိသားစုတွေကို သီးသန့်နေ့ရက်ကလေးတွေမှာ ဟင်းသက်သက်ချက်လှူပေးပါဆိုလို့ ဘဲဥချဉ်ဟင်း၊ ကြက်သားဟင်း၊ ဝက်သားဟင်း စတာတွေကို ချက်လှူပေးခဲ့ရတာလည်း ရှိခဲ့ပါတယ်။ ကျွန်တော်စည်းရုံးထားတဲ့ စေတနာ့လုပ်အားရှင်တွေကလည်း ပံ့သကူသားရအောင် (ရန်ဘေးမဲ့ အလှူဖြစ်အောင်) စီမံနိုင်ခဲ့ခြင်းကိုလည်း ဂုဏ်ယူစွာ မှတ်တမ်းတင်ရမှာပါ။ အလှူရှိတဲ့နေ့လည်း တန်ဖိုးသင့်ညစာဟာ အရောင်းမပျက်ပါဘူး။ ပြည်သူတွေကလည်း အားပေးမပျက်ပါဘူး။ အိုးမှောက်ခွက်လှန် ကုန်စင်အောင် အားပေးကြပါတယ်။
 
ဒီနေရာမှာ ရောင်းတယ်ဆိုတာကလည်း ပထမအစ ဆောင်းပါးတွေမှာ ကျွန်တော်ဖော်ပြခဲ့သလိုပါပဲ။ (၁) ငွေရင်းမပျောက် ရေရှည်လုပ်နိုင်မယ်။ (၂) စားသုံးသူတွေမှာ ဂုဏ်ရှိစေပါတယ် (ပိုက်ဆံပေး ဝယ်စားတာ အလကားစားတာ မဟုတ်ဘူး)။ (၃) လုပ်ငန်းအရောင်းသွက်လာရင် လုပ်ကိုင်သူ စေတနာ့လုပ်အားရှင်တွေအတွက် အထောက်အပံ့ဖြစ်စေပါလိမ့်မယ် (ကြက်သား၊ ဝက်သားကို နွမ်းပါးသူတွေရဲ့  မျှော်လင့်ချက်အဖြစ်သာ ရောင်းချပေးနေတာပါ။ သုံးရာ ငါးရာဆိုတာ မမြတ်ပါဘူး။ ရှုံးပါတယ်။ တကယ်လို့ သီးစုံပဲကုလား ဟင်းတစ်မျိုးတည်း ထမင်းနှင့်ရောင်းလို့ကတော့ နှစ်သောင်းရင်း ငါးထောင်သေချာမြတ်ပါတယ်။ ခုတော့ သူ့အမြတ်က ကြက်သား ဝက်သားအတွက် မျှခံပေးနေရလို့ အမြတ်နည်းနေတာ ဖြစ်ပါတယ်။
 
သတင်းမီဒီယာတွေ လူမှုကွန်ရက်တွေကတစ်ဆင့် တန်ဖိုးသင့်ညစာကို သိကြပြီး အနယ်နယ်အရပ်ရပ်က စိတ်ဝင်တစား ဖုန်းဆက်ကြ မေးကြ မက်ဆေ့ချ်ပို့ကြတာလည်း ကျေနပ်စရာပါပဲ။ လိုက်ပါလုပ်ဆောင်လိုသူများပေမယ့် နေ့စဉ် ချက်ရပြုတ်ရရောင်းရဆိုတော့ အချိန်မပေးနိုင်ကြပါဘူး။ ဒီ့အတွက်ကြောင့် လုပ်ချင်တယ် ခက်နေတယ်ဆိုတဲ့ မိတ်ဆွေများကို အကြံလေးတွေ ပေးချင်ပါတယ်။ ဒီအကြံတွေပေးနိုင်တာကလည်း ကျွန်တော့် အိပ်မက်ထဲမှာ တန်ဖိုးသင့်ညစာကလေးကို မက်နေခဲ့တာ သုံးလေးနှစ်ကြာခဲ့မှ အောင်မြင်ခဲ့တာဆိုတော့ ကြိုတွေးမိထားတာလေးတွေပါ။
 
(၁) ကျွန်တော်တို့လို ဆိုက်ကားပေါ် တင်ရောင်းမှ ရောင်းဖြစ်မှာ မဟုတ်ပါဘူး။  နွမ်းပါးသူများတဲ့ လက်လုပ်လက်စားများတဲ့  နေရာတွေမှာဆို တစ်ပိုင်တစ်နိုင် မိမိအိမ်ရှေ့မှာတင် တန်ဖိုးသင့် ညစာဆိုင်ကလေး ဖွင့်နိုင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ လက်လုပ်လက်စား အိမ်ခြေ ၁၀၀ ရှိရင် ဖွင့်လို့ရပါပြီ။ အဲဒါဆိုရင် လိုက်လံရောင်းရတဲ့ဒုက္ခ ကင်းဝေးသွားပါပြီ။ တစ်ခုရှိတာက အိမ်ဆိုင်ဖြစ်လို့ စားသောက်စရာ ပုဂံခွက်ယောက် အိုး၊ ခုံ၊ စားပွဲခင်း အစရှိသော ဆိုင်ခင်းပစ္စည်းများ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီလိုအိမ်ဆိုင်ဖွင့်မယ် တန်ဖိုးသင့် ညစာအမည်ကို ယူမယ်၊ ဈေးကလည်း ကျွန်တော်တို့လို သီးစုံ+ထမင်း ၂၀၀၊ ဝက်သားနှင့် ၃၀၀၊ ကြက်သားနှင့် ၅၀၀ ရောင်းမယ် ကျွန်တော်တို့ချက်သလို စံချိန်စံညွှန်းနှင့်ချက်မယ်ဆိုရင် (အချို မှုန့်မသုံး စားအုန်းဆီမသုံးခဲ့ရင်) အိုးတစ်စုံ စာရယ်၊ ၉ လက်မစတီးဇလုံ ၂၀ ရယ်၊ (ထမင်းဟင်းပုံစားရန်) ငွေအရင်း သုံးသောင်းရယ် ဆိုင်အမည်ဆိုင်းဘုတ် ဗီနိုင်းတို့ကို ထောက်ပံ့ပါ့မယ်။ အဆင်ပြေမယ်ဆိုရင် တန်ဖိုးသင့်ညစာအကြောင်းကို သက်ဆိုင်ရာဒေသတွေမှာ လာရောက်ရှင်းပြချင်ပါတယ်။ 
(ကျွန်တော် တာဝန်ကျရာ အင်္ဂပူနဲ့လည်း နီးစပ်မယ်၊ ကျွန်တော်လည်း အားမယ်ဆိုရင်ပေါ့။ ကျွန်တော်ကလည်း ဆေးရုံဆေးခန်း ခွဲခန်း ဇီဝိတဆေးခန်း ရုံးအလုပ်များ အစည်းအဝေးလူကြီးခရီးစဉ်နှင့် တစ်နေ့တစ်နေ့ အသက်တောင်ခိုးရှူ နေရတော့ အာမမခံနိုင်ပါ။ စိတ်ထဲကတော့ ရှိနေပါတယ်။)
 
(၂) ငွေကြေးတတ်နိုင်သူ သူဌေးများ လုပ်ငန်းရှင်များအနေဖြင့် အဲဒီလုပ်ငန်းကို ဝန်ထမ်းများခန့်ထားပြီး လုပ်နိုင်ပါတယ်။ ကျွန်တော့်မှာသာ လုံလောက်တဲ့ငွေကြေးရှိရင် အဲဒီလိုလုပ်မှာပါ။ နေရာတစ်ခုရှာမယ်။ ချက်ပြုတ်တဲ့သူတွေ ခန့်မယ်၊ ချက်မယ် မိသားစု လေးငါးရာစာ ချက်မယ် (လက်ရှိ ကျွန်တော်တို့ချက်နေတာ ၃၀၀ စာ) Light Truck ပေါ်မှာတင်မယ်။ နွမ်းပါးတဲ့နေရာတွေကို လိုက်ရောင်းမယ်။ အရောင်းဝန်ထမ်းပါခန့်မယ်။ မြတ်မြတ်ရှုံးရှုံး လုပ်ငန်းစုတစ်ခုအနေနှင့်ကို လုပ်မယ် (ကျွန်တော့်တွက်ချက်မှုအရ စီးပွားဖြစ်မမြတ်ပေမယ့် လုံးဝမရှုံးပါဘူး။ စီးပွားရေးသမားကြီးတွေ နယ်အသီးသီးမှာ တစ်နှစ်စာ လိုက်လံအလှူပေးနေတဲ့ငွေရဲ့ တစ်ဝက်လောက်တောင် ရင်းစရာမလိုပါဘူး။ တစ်လစာ ဧည့်ခံပွဲတွေမှာအသုံးပြုမယ့်ငွေထဲက အနည်းငယ် ချွေတာလိုက်ရင်တောင် ဖြစ်နိုင်ပါတယ်) 
ကျွန်တော်ကတော့ -င်မနိုင်ဘဲ ပဲဟင်းစားလိုက်ပါဦးမယ်။ အကယ်၍များ စီးပွားရေးသမားများက ရေရှည်ပရဟိတအာဟာရ တန်ဖိုးသင့်ညစာ လုပ်ချင်တယ်ဆိုပါရင် မည်သည့်နေရာမှာ လုပ်ချင်တယ်သာပြောပါ လိုအပ်ချက် ကုန်ကျစရိတ် အားလုံးကိုတွက်ချက်ပြီး အဏုစိတ်စီမံချက် (microplan) အခမဲ့ ဉာဏဒါနပြုပါရစေ ဆွဲပေးပါ့မယ်။
 
(၃) တစ်ယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့် ယူသော်ရ၏ ဆိုတာ ကြားဖူးမှာပါ။ ညီညွတ်တဲ့ရပ်ကွက်တွေမှာဆို ဆွမ်းချက်အသင်းတွေ နေ့တိုင်းရှိပါတယ်။ ဆွမ်းချက်အသင်းလိုက်စိတ်တူကိုယ်တူရင်  တန်ဖိုးသင့်ညစာကို အလှည့်ကျချက်လို့ရပါတယ်။ ဥပမာ တနင်္လာညနေတိုင်း (--) လမ်း ထိပ်ဓမ္မာရုံတွင် တန်ဖိုးသင့်ညစာရောင်းသည် စသည်ဖြင့်ပေါ့။ အဲဒီလိုဆိုလည်း ကျွန်တော်တို့ စခဲ့တဲ့ တန်ဖိုးသင့်ညစာမိသားစုက တတ်စွမ်းသရွေ့ လာရောက်ခွဲေ၀ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။
 
မည်သည့်နည်းကို သုံးသည်ဖြစ်စေ အရေးအကြီးဆုံးကတော့ Food Safety ပါပဲ။ လတ်ဆတ်တဲ့အသား သီးနှံကျန်းမာရေးနှင့် ညီညွတ်တဲ့ ပါဝင်ပစ္စည်းများ သန့်ရှင်းတဲ့ကိုင်တွယ်မှု ကျန်းမာပြီး ကူးစက်ရောဂါကင်းတဲ့ အစားအစာပြင်ဆင်ချက်ပြုတ်သူများ အားလုံးလိုအပ်ပါတယ်။ စေတနာက ဝေဒနာဖြစ်လို့မရပါဘူး။ ငယ်ငယ်တုန်းက စာထဲမှာသင်ရသလို အင်္ဂလန်ကမေရီဆိုတဲ့ ဘုရားရှိခိုးကျောင်းက ထမင်းချက်အဘွားကြီးကနေ တစ်ဆင့် တိုက်ဖိုက်ရောဂါ (အူရောင်ငန်းဖျားရောဂါ) ကပ်ရောဂါအသွင်ကူးစက်ခံရဘူးပါတယ်။ တိုက်ဖွိုက်မေရီဆိုတာ နာမည်ကြီးပါပဲ။ ကျွန်တော့်မှာ စာအုပ်လေးတစ်အုပ် ( ခုတော့ ကွန်ပျူတာထဲမှာ Folder လေးတစ်ခုပေါ့) ရှိပါတယ်။ မမက်ရသေးသော အိပ်မက်များပေါ့။ အခါအခွင့်သင့်ကြုံကြိုက်လို့ တွေးမိတဲ့အတွေးတိုင်းကို ချရေးထားတာပါ။ သတိရတဲ့အခါတိုင်း လှန်ဖတ်ဖြစ်တော့ အတွေးဆက်မပြတ်တော့ပါဘူး။ ခု တန်ဖိုးသင့်ညစာကလည်း အဲဒီအတွေးထဲကနေ ပေါက်ဖွားလာတဲ့ ရင်သွေးငယ်တစ်ဦးပါပဲ။ (ဆရာလို အစ်ကိုလို ရင်းနှီးတဲ့ စာရေးဆရာကြီးတစ်ဦးရဲ့ စကားငှားဆိုရရင် ကိုးလ ဆယ်လလွယ်ထားရတဲ့ ရင်သွေးကို မိခင်ဟာမနေနိုင်တော့ဘဲ မွေးထုတ်လိုက်ရသလို ရင်ထဲကမနေနိုင် မထိုင်နိုင် ဥဒါန်းကျူးရင့်သလို မထွေးထားနိုင်လို့ အန်ထွက်လာတဲ့အတွေးဖြစ်ပါတယ်) တန်ဖိုးသင့်ညစာလုပ်ငန်းကလေးဟာ ကျွန်တော့အတွေး ရင်သွေးဖြစ်ပေမယ့် အများပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် မည်သူမဆို ခေါ်ယူမွေးစားနိုင်ပါတယ်။ လိုက်လံ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော့်ကိုလည်း ခိုင်းနိုင်ပါတယ်။ ဆင်းရဲတာတွေကို မပျောက်နိုင်သေးပေမယ့် ကျွန်တော်တို့ရဲ့စေတနာတွေကြောင့် ပြည်သူတွေကြားချို့တဲ့တာတွေ ကိုတော့ လျော့ပါးသွားအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မိနေပါတော့တယ်။ ကျေးဇူးတင်ပါတယ်။