လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှု

လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှု
Published 11 May 2015
တင့်ခိုင်

(၁)
ယနေ့ကမ္ဘာတစ်ဝန်း တောင်းဆိုသံများ ညံနေသော စကားလုံးမှာ ‘တန်းတူညီမျှမှု’ ပင် ဖြစ်သည်။ စကားလုံးငါးလုံးဖြင့် တည်ဆောက်ထားသော အဆိုပါဝေါဟာရသည် အနက်အဓိပ္ပာယ်၌မူ အလွန်သိမ်မွေ့ နက်ရှိုင်းပါ၏။ ကျယ်ဝန်းရှုပ်ထွေးပါ၏။ ဘယ်သူတွေနဲ့ တန်းတူညီမျှမှုလဲ။ ဂန္ဒီတောင်းဆိုသော တန်းတူညီမျှမှု၊ မာတင်လူသာကင်း တောင်းဆိုသော တန်းတူညီမျှမှု ယနေ့ ကျွန်တော်တို့နိုင်ငံတွင် တောင်းဆိုနေကြသော တန်းတူညီမျှမှုတို့သည် အတူတူပင် ဖြစ်သည်။ ဆိုရသော် လူသားများ တောင်းဆိုနေသော တန်းတူညီမျှမှုဟူသည် နိုင်ငံသားတိုင်း၊ တစ်ကမ္ဘာလုံး လွှမ်းခြုံဆိုရသော် လူသားတိုင်း မွေးရာပါ လူ့အခွင့်အရေး တင်းပြည့်ကျပ်ပြည့် ရရှိရေးပင် ဖြစ်သည်။ မွေးရာပါ လူ့အခွင့်အရေးဟူသည် လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားသောအားဖြင့် ဥပဒေအရာ၌ တန်းတူညီမျှမှု ရရှိရေး၊ စီးပွားရေးလုပ်ပိုင်ခွင့်၊ အခြေစိုက်နေထိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ရွှေ့ပြောင်းသွားလာခွင့်၊ မိမိ၊ မိမိဥစ္စာ၊ မိမိမိသားစုတို့ကို ကာကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာ၊ ထင်မြင်ယူဆခွင့် စသည်တို့ ပါဝင်လာသည်။တန်းတူညီမျှမှုသည် ဒီမိုကရေစီနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ၏ အခြေခံကျောရိုးဖြစ်သည်။ သို့ရာတွင် လူတိုင်းအတွက် အရေးကြီးသလို လူတိုင်းရသင့်ရထိုက်သော အခွင့်အရေး ဖြစ်နေပါသော်လည်း တန်းတူညီမျှမှုသည် ထင်သလောက် မလွယ်ကူပေ။ အစိုးရများက အလွယ်တကူ ပြောဆိုနေကြပါသော်လည်း ထိုသို့ ပြောဆိုနေကြသော နိုင်ငံများတွင် လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ရရှိနေကြပြီလား။ နိုင်ငံသားတိုင်းသည် ဥပဒေပါ အခွင့်အရေးများကို အညီအမျှ ရရှိနေကြပြီလား။ ထင်သလောက် မလွယ်ကူပေ။ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် တန်းတူညီမျှမှုဟူသည် အလွယ်တကူ ဖြစ်လာမည်တော့ မဟုတ်။ အဆိုပါကိစ္စသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ယဉ်ကျေးမှု အနိမ့်အမြင့်နှင့်လည်း သက်ဆိုင်နေပြန်သည်။လူ့အဖွဲ့အစည်း၏ သတ်မှတ်စံ ‘NORM’ ဟုသည်က နေ့ချင်းညချင်း ပေါ်လာသည်မျိုး မဟုတ်သလို နေ့ချင်းညချင်း ပြောင်းလဲပစ်၍လည်း မရနိုင်ပါ။ လူတွင်စိတ်ခံစားမှု ရှိသကဲ့သို့ လူ့အဖွဲ့အစည်းတစ်ခုတွင်လည်း စံပြုထားသော စိတ်ခံစားမှု ရှိပါ၏။ အလွယ်တကူ ပြောရပါလျှင် ကပ်စီးယပ်စ်ကလေး (မိုဟာမက်အလီ)သည် ကမ္ဘာ့အိုလံပစ်တွင် ဆိုဗီယက်ကိုနိုင်ခဲ့သဖြင့် ဘားကောင်တာတစ်ခုသို့သွားပြီး သူ၏အောင်မြင်မှုကို ဝမ်းသာအားရ ပြောပြခဲ့ရာ မောင်းထုတ်ခံခဲ့ရဖူးသည်။လူမည်း၏ တိုင်းပြည်ဂုဏ်ဆောင် အောင်မြင်မှုကို လက်မခံနိုင်ကြခြင်းဖြစ်သည်။ သို့ရာတွင် အပြောင်းအလဲကိုကြိုက်သော အမေရိကန်ပြည်သူများသည် ၄၄ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ဘားရတ်အိုဘားမားကို ရွေးချယ်လိုက်ကြသည်။“ယခု ကျွန်တော် အနိုင်ရလိုက်တာဟာ အမေရိကန်ပြည်သူတိုင်း မျှော်လင့်ခဲ့ကြတဲ့ တန်းတူညီမျှရေး အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ တကယ်လို့ အမေရိကန်ပြည်ထောင်စုမှာ အရာရာတိုင်း ဖြစ်နိုင်ပါတယ်ဆိုတာ သံသယရှိသူတွေ ရှိနေမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည် ထူထောင်ခဲ့ကြသူတွေ ချမှတ်ခဲ့တဲ့ အိပ်မက်တွေ ရှင်သန်နေဆဲဆိုတာကို မယုံကြည်ကြတဲ့သူတွေ ရှိနေဦးမယ်ဆိုရင် ဒီမိုကရေစီအင်အားစုကို မေးခွန်းထုတ်သူတွေ ရှိနေဦးမယ်ဆိုရင် အဲဒီလူတွေအတွက် ဒီညဟာ အဖြေပေးလိုက်တာပါပဲ” ဟု ၄-၁၁-၂၀၀၈ နေ့ အိုဘားမားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ 
(၂)
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် တန်းတူညီမျှရေး ရရှိမှုကို အခြေခံသော စစ်ပွဲများဖြစ်သည်။ တန်းတူညီမျှမှုသည် ဥပဒေပြဋ္ဌာန်းပေးလိုက်ရုံမျှနှင့် အလွယ်တကူ ရရှိသွားသည့် အရာမျိုး မဟုတ်ပါ။ လူသားအားလုံးအတွက် နိုင်ငံတကာဥပဒေများ ပြဋ္ဌာန်းပေးထားပါသော်လည်း ထိုသို့သော ဥပဒေများရှိသည်၊ ထိုဥပဒေများ၏ အကာအကွယ်ကို ရယူနိုင်သည်ဟု မသိရှိကြသေးသူများ ကမ္ဘာပေါ်တွင် သန်းပေါင်းများစွာ ရှိနေကြဆဲဖြစ်သည်။တချို့အစိုးရများကမူ ပြဋ္ဌာန်းထားသော နိုင်ငံတကာ ဥပဒေများကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်း မပြုရုံမျှမက အဆိုပါနိုင်ငံတကာ ဥပဒေများကို အသိအမှတ်ပင် မပြုကြပါ။ သူတို့နိုင်ငံ၏ တည်ဆဲဥပဒေများအောက်သို့ သွင်းကာ ဖျောက်ဖျက်ထားလိုက်ကြသည်။နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများသည် အခြေခံနှစ်ရပ်အပေါ်တွင် အဓိကထားသည်။ ၎င်းတို့မှာ ‘လူသားတိုင်းတူညီသော ဂုဏ်သိက္ခာ အခွင့်အရေးတို့နှင့်တကွ လွတ်လပ်စွာ မွေးဖွားလာသည်’ ဟူသော အချက်နှင့် ‘ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး’ တို့ ဖြစ်သည်။အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပိုဒ် ၂ တွင် ဤသို့ပြဋ္ဌာန်းထားသည်။ ‘လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျားမသဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက် သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇာစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်း မရှိစေရ’ ဟု။ 
(၃)
လူ့အခွင့်အရေးနှင့် တန်းတူညီမျှဟူသော ဝေါဟာရသည် အတိုင်းအတာ တစ်ခုအထိ ကျယ်ပြန့်နက်ရှိုင်းနေပါသဖြင့် အကောက်အယူ မှားယွင်းနိုင်ပါ၏။ ထို့ကြောင့်လည်း နိုင်ငံတကာ ရှုခင်းတွင် နှစ်မျိုးသာ ခွဲခြားထားသည်။ တစ်မျိုးမှာ လူသားတစ်ဦး၏ အသက်ရှင်နေထိုင်နိုင်ခွင့်၊ ဘာသာတရားနှင့် ပတ်သက်၍ လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်၊ မိမိ၏ ဆန္ဒသဘောထားကို အချိန်အခါမရွေး လွတ်လပ်စွာထုတ်ဖော် ပြောဆိုနိုင်ခွင့် စသည့်နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေးဖြစ်သည်။ ဒုတိယတစ်မျိုးမှာ အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ရရှိမှု၊ ပညာသင်ကြားခွင့်ကို တန်းတူရရှိမှု စသည့်စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးပင် ဖြစ်သည်။ခြုံ၍ပြောရပါလျှင် မျက်မှောက်ခေတ် လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များသည် နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး သဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး သဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းများမှ ထုတ်ယူသုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ 
(၄)
ယနေ့ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေးမျက်နှာစာများတွင် နိုင်ငံသားအခွင့်အရေး၊ တန်းတူညီမျှမှုများကို လှပသော စကားလုံးများဖြင့် တန်ဆာဆင်ကာ နေပေးနေကြသော်လည်း တကယ့်လက်တွေ့ဘဝတွင်မူ ကမ္ဘာ့ပြည်သူများစွာတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရပါ၏။ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှာလည်း လူသားများအပေါ် ထင်သလောက် အကာအကွယ် မပေးနိုင်ကြပါ။ လူ့အခွင့်အရေး ချိုးဖောက်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ တားမြစ်ထားခဲ့ကြသော်လည်း တချို့အစိုးရများနှင့် အစိုးရ၏ လက်အောက်ခံ အဖွဲ့အစည်းများသည် လူ့အခွင့်အရေး ဆိုးရွားစွာ ဖောက်ဖျက်မှု ရှိနေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းမှတ်တမ်းများတွင် ယနေ့တိုင် တွေ့နေရဆဲဖြစ်သည်။ 
(၅)
လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားထုတ်ဝေခွင့်၊ ထင်မြင်ယူဆခွင့်၊ စီတန်းလှည့်လည်ခွင့်တို့သည် ဒီမိုကရေစီ၏ ဖွားဖက်တော်များဖြစ်သည်။ သို့ရာတွင် အာဏာရှင်ရင်ငွေ့ကို ခိုလှုံပြီး ဒီမိုကရေစီဆိုင်းဘုတ် ထောင်ပြနေကြသော ကမ္ဘာ့နိုင်ငံများတွင် လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုတို့သည် ကျပျောက်ဆုံးရှုံးနေပါသေး၏။ အမှန်ဆိုရပါလျှင် တန်းတူညီမျှမှု မရရှိသရွေ့ ထိုနိုင်ငံသည် ငြိမ်းချမ်းမည်မဟုတ်ပါ။ အကယ်၍ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါသည်ဟု ဆိုပါလျှင် ဥပဒေပါ တန်းတူညီမျှမှုကို ပေးလိုက်ရုံသာ ရှိပါ၏။

Most Read

Most Recent