တောင်သမန်သာ စကားပြောတတ်ခဲ့ရင်

တောင်သမန်သာ စကားပြောတတ်ခဲ့ရင်
Published 11 May 2015
ဌေးလှအောင်

တောင်သမန်အင်း ...။ တောင်သမန်အင်းဟု ခေါ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာကျော် သစ်သားတံတားကြီးတစ်စင်းဖြစ်သည့် ဦးပိန်တံတားကိုပါ တွဲလျက်မြင်ယောင်မိကြပါလိမ့်မည်။ တောင်သမန်အင်းနှင့် ဦးပိန်တံတားဆိုသည်မှာလည်း မည်သို့မျှ ခွဲခြားထား၍လည်း မရနိုင်ပါ။ တောင်သမန်အင်းဒေသခံတို့ သွားလာရလွယ်ကူစေရန် အမရပူရခေတ်က တည်ဆောက်ထားခဲ့သည့် ဦးပိန်တံတား။ ယခင်က တောင်သမန်နှင့် ဦးပိန်တံတားတို့သည် ပနံသင့်လှပေသည်။ ယခုချိန်မှာဖြင့် ...။
 
နွေမိုးဆောင်း ဥတုသုံးလီတို့ဖြင့် ရာသီအလိုက် သဘာဝ၏အရှိတရားအတိုင်း ပြောင်းလဲနေသည့် ယခင်တောင်သမန်အင်းက သူ၏ အလှတရားတို့နှင့် ပြည့်စုံနေခဲ့သည်။ 
 
နွေဆိုလျှင် ရေခန်းခြောက်၍ တောင်သမန်ဒေသခံတို့ ယာလုပ်ငန်းကို လုပ်ကိုင်လျက် မိုးဆိုလျှင် အင်းရေဖွေးဖွေးနှင့် ရေလှိုင်းဘောင်ဘင်ခတ်တွေနှင့်အတူ ရေလုပ်သားတို့ပျော်ရွှင်ကြ၍ ဆောင်းဆိုလျှင် ငွေနှင်းဖြူ၏ အောက်ဝယ် ဘဲငန်းဖြူ များက ဗေဒါပင်တို့အကြား ကူးခပ်ဆော့ကစားလျက် စသည့် စသည့် အလှတရားမျိုးစုံတို့ဖြင့် ပြည့်နှက်နေသည့် တောင်သမန်အား “သုံးပန်လှသည့် တောင်သမန်”ဟု တင်စားခေါ်ဝေါ် သုံးစွဲခဲ့ကြသည်။
 
“သုံးပန်လှ” ခဲ့သည့် တောင်သမန်အင်းကို တောင်သမန်ဒေသခံတို့နှင့်အတူ အလှတရား၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု၏ စံနှုန်းသဘောတရားများကို သိတတ်မြင်တတ်သူအားလုံးတို့က ချစ်ခင်မြတ်နိုး တန်ဖိုးထားခဲ့ကြသည်။ မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်ဟူ၍လည်း ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ အလည်လာသည့် ရွှေဧည့်သည်တို့ကိုလည်း တောင်သမန်ဝယ် လေညင်းခံရင်း တောင်သမန်အလှတံတား အလှနှတောင်သမန်သားတို့၏ ဘဝကို လှစ်ဟပြသခဲ့ကြသည်။
 
ပြောင်းလဲလာသည့် ခေတ်စနစ်များကြောင့်လော၊ တစ်ဖို့တည်း မြင်တတ်သည့် ဝိသမလောဘသားတို့ကြောင့်လောဟူ၍ မပြောတတ်ပါပေ။ တောင်သမန်သည် သူ၏ သဘာဝကပေးထားသည့် အလှတရားကို ထိန်းသိမ်းထားနိုင်ခြင်းငှာ မစွမ်းသာနိုင်တော့ပေ။ နှစ်ပေါင်းများစွာ သဘာဝအင်းအိုင်အဖြစ် စီးဆင်းနေခဲ့ရာမှ ၂၀ ရာစု ကုန်ဆုံးခါနီး နှစ်တစ်နှစ်တွင်(တိတိကျကျ ညွှန်းဆိုရမည်ဆိုပါက ၁၉၉၆ ခုနှစ်ခန့်) ငါးမွေးမြူရေးကန် တစ်ကန်အဖြစ် အသွင်ပြောင်းသွားခဲ့ရတော့သည်။ သဘာဝရေထွက်ပေါက်များ ပိတ်ဆို့ထားလိုက်ခြင်းကြောင့် တောင်သမန်အင်းမှာ ရေဝေရေလဲစနစ်က မကောင်းနိုင်သည့်အပြင် သဘာဝဂေဟစနစ်များပါ ချို့ယွင်းခဲ့ရသည်။
 
သုံးရာသီအလှတို့နှင့် လိုက်ဖက်ညီနေခဲ့သည့် တောင်သမန်အင်းအတွင်း အင်းရေပြင်ညစ်ညမ်းလာမှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုများက ၁၀ စုနှစ် တစ်ခုအတွင်းဝယ် ပိုမိုဆိုးရွားလာခဲ့သည်။ ပို၍ဆိုးသည်ကား အင်းအတွင်းသို့ စီးဝင်နေသည့် ပန်းရံတော်ချောင်းအတွင်းသို့ မန္တလေးစက်မှုဇုန်မှ စွန့်ပစ်ရေဆိုးများ စွန့်ထုတ်ဝင်ရောက်လာခြင်းက အင်းရေပြင် ပိုမိုညစ်ညမ်းစေသည့်အပြင် ပတ်ဝန်းကျင်နှင့် အနီဝန်းကျင်ရှိ နေထိုင်သူများကိုပါ အခက်အခဲများ ဖြစ်ပေါ်လာစေခဲ့သည်။
 
၁၂ လရာသီ အင်းအတွင်း ရေဝပ်နေခြင်း ရေဝေရေလဲစနစ် မကောင်းတော့ခြင်းတို့နှင့်အတူ သဘာဝဘေးဒဏ် လူလုပ်ဒဏ်တို့များကြောင့် အင်းအတွင်း ဖြတ်သန်းဆောက်လုပ်ထားသည့် ကမ္ဘာကျော်သစ် သားတံတားကြီးမှာလည်း တံတားအခန်းအချို့ ပြိုကျပျက်စီးခဲ့ရမှု ခိုင်ခံ့မှု အားနည်းလာမှု အစရှိသည့် ဘေးထွက်ဆိုးကျိုးတို့ဖြင့် လက်ရှိအချိန်၌ ရင်ဆိုင်နေရပြီဖြစ်သည်။
 
နာတာရှည်ရေဂါသည်ဖြစ်နေသည့် တောင်သမန်အင်းနှင့် ဦးပိန်တံတားအား ထိရောက်သည့် ကုသမှုပေးရန် အမြန်လိုအပ်နေပြီဖြစ်သည်။ ယခင်က ကုထုံးများကား ဆေးမြီးတိုဖြင့် ကုသခဲ့ကြသည်။ ရောဂါမှာ ခဏသာ ပျောက်ကင်းခဲ့ပြီး နာတာရှည် ပြန်ဖြစ်နေရဆဲဖြစ်သည်။
 
ဦးပိန်တံတားမှာ သဘာဝဘေးဒဏ် အင်းအတွင်း ရေဝပ်နေမှုများ နှင့်လူလုပ်ဒဏ်များကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဦးပိန်တံတားအား ယခင်က ပြုပြင်ထိန်းသိမ်းမှုအချို့ လုပ်ဆောင်ခဲ့ရာ သစ်အစား အုတ်ကွန်ကရစ်တို့ဖြင့် အစားထိုးလိုက်ခြင်းကြောင့် အများ၏ ဝေဖန်မှုများက ယခုအချိန်ထိ ရပ်တန့်မှုမရှိသေး။
 
သို့သော် စောင့်ကြည့်ရဦးမည့် အလုပ်တစ်ခု ပေါ်လာပြန်သည်။ ယင်းမှာ မန္တလေးတိုင်းဒေသကြီး အစိုးရမှ ငွေကျပ်သိန်းပေါင်း ၂၀၀၀ ကျော် အကုန်အကျခံ၍ ဦးပိန်တံတားအား အကြီးစားပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် စီစဉ်နေသည်။ ကောင်းသောယဉ်ကျေးမှုအမွေအနှစ် စံနှုန်းများဖြင့်သာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ပါစေဟုသာ ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးသူ တစ်ယောက်အနေဖြင့် ဆုတောင်းနေမိသည်။
 
ဦးပိန်တံတားအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်းသည် ရှေးမှုမပျက် သစ်သားများဖြင့်သာ အစားထိုးပြုပြင်ထိန်းသိမ်းနိုင်ပါက ဝမ်းသာကြိုဆိုကြရမည်သာ ဖြစ်သည်။ သို့သော် တံတားအောက်ရှိ အင်းရေပြင် ညစ်ညမ်းနေမှုနှင့် ရေဝေရေလဲပြဿနာကို ဖြေရှင်းပေးရန်မှာ အဓိကအခြေခံအချက်တစ်ခု ဖြစ်နေသည်။ အင်းရေပြင်သန့်ရှင်းမှုနှင့် ရေဝေရေလဲစနစ်များ ကောင်းမွန်မှသာ တံတားမှာလည်း ရေရှည်တည်တံ့နိုင်မည်ဟု ထင်မြင်သုံးသပ်မိပါသည်။ ယင်းသို့ မလုပ်ဆောင်နိုင်သေးဘဲ တံတားကိုသာ အဓိကပြုပြင်နေမည်ဆိုပါက အနာနှင့်ဆေး လွဲချော်နေဦးမည်သာ ဖြစ်သည်။
 
တောင်သမန်အင်း ...
 
တောင်သမန်အင်းသည်ကား မြန်မာပြည်တွင်း၌သာမက ကမ္ဘာ၌ပင် ကျော်ကြားသည့် သဘာဝမြစ်ကျိုးအင်းတစ်ခု။ ဧရာဝတီမြစ်၏ မြစ်ကျိုးအင်းတစ်ခုဖြစ်ပေသည်။ သို့သော် ယခုမူကား...။
 
တောင်သမန်ဆိုသော သဘာဝအင်းတစ်ခုသည် အုပ်ချုပ်သူ လူတန်းစားတစ်စု၏ စီမံခန့်ခွဲမှု လွန်စွာညံ့ဖျင်းမှု လောဘသားတစ်စု၏ အလိုရမ္မက်ကြီးရင့်မှုများနှင့်အတူ ကျဆုံးရတော့မည့်အနေအထား သို့မဟုတ် ကျဆုံးခန်းအခြေအနေသို့ ရောက်ရှိခဲ့လေပြီ။ ယခင်နှစ် အတွင်းက ရေချိုငါးမျိုးစိတ်များ သေဆုံးခဲ့ကြသည်။ ယင်းနောက်တစ်ဖန် ဆောင်းကာလ၌တွင်ပင် အင်းအတွင်းရေချို ငါးမျိုးစိတ်များစွာ အင်းရေညစ်ညမ်းမှုကြောင့် ထပ်မံသေဆုံးခဲ့ရသည်။ တစ်ဖန်...
 
ယခုနှစ်သစ်တွင်လည်း ငါးကောင်ရေများစွာ အင်းရေပြင် ညစ်ညမ်းမှုများကြောင့် သေဆုံးခဲ့ကြရပြန်သည်။ နောက်ထပ် တစ်ပြန်သည်လည်း...။ မှန်သည် အင်းရေပြင်၏ ရေဝေရေလဲစနစ်နှင့် အင်းအတွင်းရေဆိုးစွန့်ပစ်နေမှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာနေမှုများကို စနစ်တကျ ထိန်းသိမ်းနိုင်မှုမရှိပါက ဂျာအေးသူ့အမေရိုက်။ မုန့်လုံးစက္ကူကပ်ကဲ့သို့ ဖြစ်နေဦးမည်သာပင်။
 
“သုံးပန်လှ”ဟု ဆိုခဲ့လေသော ယခင်က တောင်သမန်အင်းသည်ကား ဤအချိန်၌ဝယ် သူ၏ကျန်းမာရေးက လွန်စွာဆိုးရွား၍ လာနေလေပြီ။ သူ၏အလှတရားများ နေဝင်ချိန်သို့ ရောက်လာပြီလား။ သုံးရာသီ အလှတရားတို့ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရရန် အခွင့်အရေးတို့ မရနိုင်တော့ပြီလား။ လက်လွှတ်ဆုံးရှုံးလိုက်ရတော့မှာလား...ဟူ၍ တောင်သမန်သာ သက်ရှိသတ္တဝါတစ်ဦးဆိုပါက တွေးတောနေမည်မှာ အမှန်ပင်။ တစ်ဖန်... လူသားများကဲ့သို့ စကားပြောတတ်ခဲ့ပါက သူ၏ ယခင် အလှတရားများအကြောင်းကို ပုံပြင်တစ်ခုသဖွယ် ပြောပြနေလိမ့်မည်ဟု ထင်မိသည်။
 
အနာသိလျှင် ဆေးရှိသည်ဟု ဆိုစကားရှိသော်လည်း တောင်သမန်အတွက်မူကား အနာကားသိရှိထားသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဆေးကား ဘယ်ဆီဘယ်ဝယ် ရယ်မသိသေး။ တောင်သမန်နှင့် ထိုက်တန်သည့် သမားတော်တစ်ဦးကိုတော့ တောင်သမန်သည် ငံ့လင့်နေလိမ့်မည်။ တရားသဘောတို့တွင် အနိစ္စမမြဲခြင်း သဘောတရားဟူ၍ ရှိလေသော်လည်း တောင်သမန်သည် အနိစ္စအရွယ်သို့ အချိန်မတန်ခင် ကျရောက်နေသကဲ့သို့ ဖြစ်နေရသည်။
 
ဒဏ်ရာဒဏ်ချက်များစွာနှင့် ဂိလာန လူနာတစ်ဦးအသွင် ဆေးမြီးတိုများဖြင့် ကုသခံနေရသည့် တောင်သမန်အင်း...။ အပျိုရည်ပျက်စီးသွားခဲ့ရလေသည့် တောင်သမန်အင်း...။ လောဘသားကောင်များ ဝိုင်းရံခံထားရဆဲဖြစ်သည့် တောင်သမန်အင်း...။ တောင်သမန်အင်း... တောင်သမန်သာ စကားပြောတတ်ခဲ့ မည်ဆိုလျှင် . . .။
 

Most Read

Most Recent