ကင်မရွန်၏ အံ့ဖွယ်အောင်ပွဲအလွန် ဗြိတိန်၏ ခေတ်သစ်

ကင်မရွန်၏ အံ့ဖွယ်အောင်ပွဲအလွန် ဗြိတိန်၏ ခေတ်သစ်
Published 10 May 2015
နရီမင်း

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ရွေးကောက်ပွဲတွင် အံ့ဖွယ်အနိုင်ရရှိခဲ့ပြီးနောက် မေ ၉ ရက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်အတွင်း လိုက်လျောညီထွေ ပြုရပေတော့မည်။ ကင်မရွန်သည် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကို အပြတ်ဖြတ်နိုင်ခဲ့သော်လည်း စကော့တလန် ခွဲထွက်ရေးသမားများကိုမူ အားကောင်းစေခဲ့သည်။ယခုသီတင်းပတ်အကုန်တွင် ကင်မရွန်က ဝန်ကြီးများအဖွဲ့သစ်အတွက် လူစာရင်းချနေစဉ် စကော့တလန်အမျိုးသားပါတီ (SNP) ကလည်း ၎င်းတို့၏ သိမ့်သိမ့်တုန် အနိုင်ရရှိမှုများအတွက် အောင်ပွဲခံခဲ့ကြသည်။ SNP က ၎င်းတို့သည် ယခုပါလီမန် အသစ်တွင် ဘေးထိုင်နေရတော့မည်မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့ကြသည်။ကျော်ကြားသော စစ်တမ်းကောက်ယူသည့် အဖွဲ့များက မေ ၇ ရက် ရွေးကောက်ပွဲ၌ ကင်မရွန်၏ ကွန်ဆာဗေးတစ်ပါတီသည် ရှုံးနိမ့်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသော်လည်း ကွန်ဆာဗေးတစ်များက ပါလီမန်အမတ်နေရာ ၆၅၀ အနက် ၃၃၁ နေရာရရှိကာ အနိုင်ရရှိခဲ့ပြီး ကင်မရွန်ကို ဒုတိယသက်တမ်း တိုးပေးလိုက်နိုင်သည်။ ယခုရွေးကောက်ပွဲ၌မူ ကင်မရွန်၏ ဗဟိုလက်ယာယိမ်းပါတီသည် မဲအများစုရရှိကာ မိမိဘာသာ အစိုးရဖွဲ့နိုင်ခဲ့သည်။ယခုရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီနှင့် စကော့တလန် အမျိုးသားပါတီတို့သည် သိသိသာသာ အောင်မြင်မှု ရရှိခဲ့သော်လည်း အတိုက်အခံပါတီများ ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။ ပါတီရှုံးနိမ့်မှုကြောင့် လေဘာပါတီနှင့် လစ်ဘရယ်ဒီမိုကရက်ပါတီ ခေါင်းဆောင်များ နုတ်ထွက်သွားကြသောကြောင့် ဖြစ်သည်။ယူကေ လွတ်လပ်ရေးပါတီ (UKIP) ခေါင်းဆောင်သည်လည်း နုတ်ထွက်သွားခဲ့သည်။ UKIP သည် အထင်ကြီးခံရသော ပါတီဖြစ်သော်လည်း အမတ်နေရာ တစ်နေရာသာ ရရှိခဲ့သည်။ဒါဇင်နှင့်ချီသော ခြိုးခြံချွေတာရေးမူ ဆန့်ကျင်ရေးသမားများသည် ကင်မရွန် ထပ်မံအာဏာရရှိသည့်အတွက် မကျေမနပ် ဆန္ဒပြခဲ့ကြသည်။ မေ ၉ ရက်တွင် ဝန်ကြီးချုပ်နေအိမ် အပြင်ဘက်၌ ဆန္ဒပြပွဲ ပြုလုပ်စဉ်အတွင်း ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားပြီး ရဲအရာရှိနှစ်ဦး ဆေးရုံတင်ရကာ ဆန္ဒပြသူ ၁၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ကွန်ဆာဗေးတစ်ပါတီက ယခုအကြိမ် အနိုင်ရရှိမှုသည် ကင်မရွန်အတွက် ယခင်အစိုးရအဖွဲ့ထက်ပင် ပို၍လွတ်လပ်သွားစေခဲ့သည်။ ယခင်ရွေးကောက်ပွဲအပြီး၌ ကင်မရွန်သည် လစ်ဘရယ်ဒီမိုကရက်ပါတီနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ရပြီး လစ်ဘရယ်ဒီမိုကရက်များ၏ ဆန့်ကျင်မှုအချို့ကို ခံခဲ့ရသည်။Times သတင်းစာက ကင်မရွန်သည် ၎င်းရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အစိုးရအဖွဲ့ နေရာအားလုံးကို ကိုင်ထားနိုင်ရန် လိုအပ်လိမ့်မည်ဟု ရေးသားခဲ့သည်။ “အများစု အနိုင်ရခဲ့တယ် ဆိုပေမယ့် ကပ်နိုင်တာပါပဲ။ ဒါကို အသုံးချဖို့ကလည်း လွယ်မှာမဟုတ်ပါဘူး။ သူ့ရဲ့ တကယ့်အလုပ်က အခုမှစမှာပါ” ဟု Times က ပြောကြားခဲ့သည်။ကင်မရွန်သည် ယခင်က ကွန်ဆာဗေးတစ်ပါတီ၏ လက်ယာအုပ်စုနှင့် အင်အားကြီးမားလာသော UKIP ပါတီတို့၏ ဖိအားပေးမှုကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်ရှိရေးမရှိရေးကို ဆုံးဖြတ်ရန် ၂၀၁၇ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပေးမည်ဟု ကတိပေးထားဖူးသည်။ ကင်မရွန်သည် မေ ၈ ရက်တွင် သူ၏ယင်းကတိကို အတည်ပြုကြောင်း အလျင်အမြန် ပြောကြားခဲ့ရသည်။ကင်မရွန်က ဗြိတိန်သို့ ရွှေ့ပြောင်းလာမည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ ရွှေ့ပြောင်းလာသူများ လျော့ကျသွားစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ညှိနှိုင်းနိုင်သေးသမျှ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်လက်ရှိနေရေးအတွက် လှုံ့ဆော်ရပ်တည်သွားမည်ဟု ပြောကြားထားသည့်တိုင် လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်မားလျက်ရှိသည်။ကင်မရွန်၏ ဥရောပသမဂ္ဂ အဖော်အပေါင်းများက သူ ယခုကဲ့သို့ ထပ်မံအနိုင်ရရှိခြင်းအတွက် ကွန်ဂရက်ကျူလေးရှင်းလုပ်ခြင်းထက် တင်းတင်းမာမာ ဆွေးနွေးမှုမျိုးကိုသာ ပြုခဲ့ကြသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဆိုလျှင် သူ့အား ဥရောပတွင် လေးစားလိုက်နာရမည့် စည်းမျဉ်းများရှိကြောင်း ပြောကြားခဲ့သည်။ဥရောပကော်မရှင် အကြီးအကဲ ယန်းကလော်ဒီဂျန်ကာက လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် အပါအဝင် အဖွဲ့၏ ပင်မစည်းမျဉ်းလေးရပ်ကို ညှိနှိုင်း၍ မရနိုင်ဟု သတိပေးခဲ့သည်။မေ ၈ ရက်က လန်ဒန်မြို့ ဝှိုက်ဟောရှိ စီနိုတက်တွင် ပြုလုပ်သော အမှတ်တရအခမ်းအနားသို့ ရောက်ရှိလာသည့် ကင်မရွန် (ဝဲ)၊ စတာဂျီယွန် (ဒု-ဝဲ)၊ လစ်ဘရယ်ဒီမိုကရက်ခေါင်းဆောင် နစ်ကလက် (လယ်) နှင့် မီလီဘန့်တို့ကို တွေ့ရစဉ် (Photo:AFP)
ကင်မရွန်အနေဖြင့် စကော့တလန်ကို ယူနိုက်တက်ကင်းဒမ်းအတွင်း ဆက်ထိန်းထားနိုင်ရန်အတွက် ပြင်းထန်သော တိုက်ပွဲတစ်ရပ်နှင့်လည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ကင်မရွန်သည် ရွေးကောက်ပွဲအပြီး မိန့်ခွန်း၌ ဒေသခံ ပါဝါအသစ်များအား ဖယ်ရှားရေးကို အာမခံရန် ကတိပြုခဲ့ရသည်။ကင်မရွန်သည် သူ၏ အဓိကဝန်ကြီးလေးဦးကို မူရင်းရာထူးအတိုင်း ဆက်လက်ခန့်ထားခဲ့ပြီး သူ၏ ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စဘွန်းကို ပို၍အာဏာရှိအောင် မြှောက်စားခဲ့သည်။ကင်မရွန်သည် မေ ၁၁ ရက်အထိ သူ၏ အစိုးရအဖွဲ့ကို အပြီးသတ် ရေးဆွဲနိုင်လိမ့်မည် မဟုတ်သေးဟု မျှော်လင့်ရသည်။ ဝန်ကြီးဌာနများ၏ ပိုနိမ့်သော ရာထူးများကို အပြီးသတ်ရန်လည်း လာမည့်သီတင်းတစ်ပတ်လုံး အချိန်ယူရဖွယ်ရှိသည်။ရွေးကောက်ပွဲ မဲဆွယ်မှုများအတွင်း ကင်မရွန်သည် ယခုအကြိမ်သည် သူ၏ ဝန်ကြီးချုပ် နောက်ဆုံးသက်တမ်း ဖြစ်လာခဲ့ပြီးပါက နောင်တွင် သူ၏နေရာကို ဆက်ခံမည့်သူများအဖြစ် အော့စဘွန်း၊ ပြည်ထဲရေးဝန်ကြီး သရီဆာမေနှင့် လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်တို့ ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ဗဟိုလက်ဝဲယိမ်း လေဘာပါတီသည် အမတ် ၂၆ နေရာဆုံးရှုံးခဲ့ပြီး ၂၃၂ နေရာသာ ရရှိခဲ့သည်။ ကွန်ဆာဗေးတစ်ပါတီနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့သည့် ဗဟိုဝါဒီ လစ်ဘရယ်ဒီမိုကရက်များက ၄၉ နေရာ ဆုံးရှုံးကာ ရှစ်နေရာသာ ရရှိခဲ့သည်။စကော့တလန်တွင် လက်ဝဲဝါဒီ SNP သည် သမိုင်းဝင်အောင်မြင်မှုကြီး ရရှိခဲ့သည်။ စကော့တလန်တွင် အမတ်နေရာ ၅၉ ရရှိနိုင်သည့်အနက် ၅၆ နေရာတွင် အနိုင်ရရှိခဲ့သည်။ စကော့တလန်ကို ဗြိတိန်မှ ခွဲထွက်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရာတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ခုနစ်လအကြာ၌ ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။စကော့တလန် ပြည်သူများသည် မေ ၇ ရက်ရွေးကောက်ပွဲတွင် SNP ပါတီ၏ ကြေညာချက်ဖြစ်သော ခြိုးခြံချွေတာရေးမူ အဆုံးသတ်ရေးသည် ၎င်းတို့၏ နံပါတ်-၁ ဦးစားပေး ဖြစ်သည်ဟူသည့် အချက်အတွက် မဲပေးခဲ့ကြခြင်းဖြစ်ကြောင်း ပါတီခေါင်းဆောင် အမျိုးသမီး နီကိုလာစတာဂျီယွန်က ပြောကြားခဲ့သည်။ မေ ၉ ရက်၌ အီဒင်ဘတ်မြို့အပြင်ဘက်ရှိ သမိုင်းဝင် Forth Rail Bridge ၌ SNP ၏ အမတ်များစုဝေးစဉ် စတာဂျီယွန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။“စကော့တလန်က ဘေးထိုင်နေရတာမျိုး ဒါမှမဟုတ် လျစ်လျူပြုခံရတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး” ဟု စတာဂျီယွန်က ဆိုသည်။လေဘာပါတီသည် ခေါင်းဆောင်အဖြစ်မှ အက်ဒ်မီလီဘန့် နုတ်ထွက်သွားသောကြောင့် အများကြိုက်နိုင်မည့် အစားထိုးခေါင်းဆောင်ကို ရွေးချယ်ရတော့မည်ဖြစ်သည်။ လေဘာပါတီ၏ ခေါင်းဆောင်ဟောင်း တိုနီဘလဲက ပါတီအား လက်ဝဲဘက်သို့ ယိမ်းယိုင်သွားမှုကို စွန့်လွှတ်ရန် မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ သူက “ထိပ်သို့သွားသည့် လမ်းကြောင်းသည် ဗဟိုကြမ်းခင်းကို ဖြတ်သန်းတည်ရှိသည်” ဟု ဆိုခဲ့သည်။

Most Read

Most Recent