ကိုယ်ကျင့်တရားကောင်း

ကိုယ်ကျင့်တရားကောင်း
Published 10 May 2015
မြေနီသစ္စာ

လူမိုက်ကို ရှောင်ကြဉ်ပါ။ ပညာရှိကို ပေါင်းသင်းပါဟူသော သြဝါဒအဆိုအမိန့်သည် အခိုင်အခံ့တည်ဆောက်ထားသော အကျိုးအကြောင်းတရားတို့နှင့်အတူ တည်မှီ ဖြစ်ထွန်းလာခြင်းပင်။
 
မိုက်မဲရမ်းကား၊ ဆိုးသွမ်းတေပေလျက် မကောင်းမှုမှန်သမျှ လုပ်နေသူကို လူမိုက်ဟုခေါ်၏။ ပညာရှိကား ဆင်ခြင်တုံတရားရှိ၏။ အမှားအမှန်ကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နားလည်၍ အမှန်ကို ညွှန်ကြားပြသ၏။ အမှားကို ဖယ်ရှား၏။ လူမိုက်နှင့်ပေါင်းလျှင် အဆိုးရ၍၊ ပညာရှိနဲ့ပေါင်းလျှင် ကောင်းမြတ်သော အကျိုးရ၏။ ယင်းကြောင့် လူမိုက်ကို ရှောင်ကြဉ်ပါ။ ပညာရှိကို ပေါင်းသင်းပါဟူသော သြဝါဒအဆိုအမိန့်သည် တည်မှီဖြစ်ထွန်းလာခြင်း ဖြစ်၏။
 
လူဖြစ်လာလျှင် တစ်စုံတစ်ရာသော အကျိုးသက်ရောက်မှုရှိသည့် အလုပ်ကို လုပ်ကြရသည်။ တချို့က အလုပ်ကို ကောင်းသော အကျိုးတရားရှိအောင် လုပ်၏။ တချို့တလေ သို့မဟုတ် ရည်ရွယ်ချက်အပျက်ရှေးရှုသူတို့ကတော့ အကုသိုလ်အမှု မကောင်းမှုကို ပြုလုပ်တတ်ကြ၏။ အကုသိုလ်အမှုဖြင့် အသက်မွေးတတ်ကြ၏။
 
အကုသိုလ်အမှုသည် ရာဇဝတ်မှုမှာသာမက နိုင်ငံရေးကိစ္စမှာပင် ထွေးလုံးရစ်ပတ် ဝင်ရောက်နေရာ ယူတတ်သေး၏။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးကို ရိုးသားသော၊ အကျိုးများသော ကိစ္စကောင်းအဖြစ် ဖော်ပြ၏။ နိုင်ငံရေးကို ညစ်ပတ်ယုတ်မာသည့် ကိစ္စအဖြစ် မြင်ရှုကြခြင်းသည် ညစ်ပတ်ယုတ်မာသော သူတို့က နိုင်ငံရေးထဲသို့ ဝင်လာပြီးသော် ညစ်ပတ်ယုတ်မာသော အမှုကိစ္စတို့ကို လုပ်ကိုင်ကြ၍ နိုင်ငံရေး ရိုးဖြောင့်သော နာမည်ပျက်ခြင်းဖြစ်၏။ နိုင်ငံရေး နာမည်ပျက်ခြင်းဖြစ်၏။
 
“နိုင်ငံရေးသမားဆိုရင် ဘယ်နိုင်ငံမှာမှ သိပ်ပြီး အကောင်းမမြင်ကြဘူး။ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတဲ့လူတွေ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောသူတွေ မဲလိုချင်တဲ့အခါ လူထုကို ဖျာလိုလိပ် ထိပ်ပေါ်တင်ပြီး အရွေးခံရပြီးတာနဲ့ လူထုကို ဖျာလိုခင်းပြီး နင်းခြေတတ်တဲ့ ကလိမ်ကကျစ်တွေ ဘာမဆို ငါ့ဖို့ ငါ့ဖို့ဆိုပြီး အိတ်ထောင်ထဲ တွေ့သမျှ ဆွဲသွင်းတဲ့ “ငို့ဘ” သမားတွေ စတဲ့ တံဆိပ်မျိုးစုံတွေ တပ်ပြီး ကဲ့ရဲ့လေ့ရှိကြတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ ရှေးခေတ်အဆက်ဆက်ကတည်းက နိုင်ငံရေး နယ်ပယ်ထဲမှာ “စုန်းပြူး” တွေရှိ ခဲ့လို့ပဲ။ ဒီစုန်းပြူးတွေက နိုင်ငံရေးမျက်နှာဖုံးစွပ်ပြီး အချောင်နှိုက်ဖို့လောက်သာ ချောင်းနေတတ်ကြတယ်။
 
ဒီလိုလူမျိုးတွေက ခေတ်အဆက်ဆက်မှာ များခဲ့လေတော့ နိုင်ငံရေးသမားအားလုံး နာမည်ပျက်တော့တာပေါ့။ တကယ်တော့ ဘဝတစ်လျှောက်လုံး ဖြူဖြူစင်စင်နဲ့ ရိုးရိုးကုပ်ကုပ် နေသွားခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို၊ ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံရေးသမားတွေလည်း အများကြီးရှိပါတယ်။”
 
(လူထုစိန်ဝင်း ကိုယ့်နေရာ ကိုယ်နေ၊ ပြည်သူ့ခေတ်(၁၃-၁-၂၀၁၁) 
 
ယင်းသည် ကိုယ်ကျင့်တရားပျက်သူတို့ အများအကျိုး ကိုယ်ကျိုးစွန့်လုပ်ရသည့် နိုင်ငံရေးထဲဝင်၍ နာမည်ဖျက်အိုးမဲသုတ်ကြခြင်းပင်။ စင်စစ် တကယ့်နိုင်ငံရေးသမားသည် ပရဟိတသမားသာဖြစ်၏။ ကိုယ်ကျင့်တရား ကောင်းမွန်သူတို့ ရာသက်ပန် အမှန်တရား အများအကျိုးအတွက် ရပ်တည်ဆောင်ရွက်သွားကြသည့် အလုပ်သည်ကား နိုင်ငံရေးပင်။
 
နိုင်ငံရေးပြဿနာ၊  စစ်ရေးပြဿနာ၊ စီး ပွားရေးပြဿနာတွေ ထွေပြားလှသော လူမှုရေးပြဿနာတွေကို ဖြေရှင်းသည့်နေရာတွင်လည်း ကိုယ်ကျင့်တရားလို၏။ ကိုယ်ကျင့်တရားကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သော ပုဂ္ဂိုလ်များက ဦးဆောင်လျှင် ကြီးသည့်အမှုသည် တစ်စတစ်စ သေးငယ်သွားမည်။ သေးသောအမှုတို့ တစ်စတစ်စ ပပျောက်သွားမည်ဖြစ်၏။ စင်စစ် ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်မှုသည် တရားမျှတမှုကို ဦးတည်သည်။ ကွေ့ကောက်မဖြောင့်ဖြူးသော  မမှန်မကန်လမ်းကြောင်း ပေါ်ရောက်နေသောကိစ္စတို့ကို ရိုးသားဖြောင့်မတ်စွာ မျှမျှတတဖြေရှင်းခြင်းဖြင့် ပြီးပြေသွားစေနိုင်ပေသည်။
 
ကိုယ်ကျင့်တရားသည် နေရာတကာမှာ အရေးကြီးပေသည်။ ကိုယ်ကျင့်တရား ကောင်းသူသည် အလွယ်တကူ ဒေါသမထွက်ပါ။ ဆင်ခြင်စဉ်းစား၍ ပြေလည်ရာပြေလည်ကြောင်း ပြောဆိုတတ်သည်။ ယင်းကြောင့် ကိုယ်ကျင့်တရားကောင်းသော မိသားစုတွင် ငြိမ်းချမ်းပျော်ရွှင်မှုရှိနေသည်ကို တွေ့ရှိနိုင်ပေသည်။
 
ကိုယ်ကျင့်တရားကောင်းမှုကြောင့် အလွယ်တကူဒေါသထွက်ခြင်းကို အားမပေးသည့် အနှစ်သာရသည်။ ဘာပဲဖြစ်လာဖြစ်လာ ပြဿနာကို ခေါင်းအေးအေးထားလျက် စဉ်းစားဆင်ခြင်နိုင်သောကြောင့် ဖြစ်ပေသည်။
 
ယနေ့ရုံးပြင်ကနားသို့ ရောက်ရှိလာသည့် မှုခင်းတိုင်းသည် မဆင်ခြင်မစဉ်းစားဘဲ ရုတ်တရက် ဒေါသထွက်လျက် မဆင်မခြင်ပြုမူပြောဆိုမှုတို့ကြောင့်ဖြစ်၏။ ပြီးခဲ့သည့် အပတ်က ခြံစည်းရိုးကာမှုနှင့် ပတ်သက်၍ နှစ်ဖက်အိမ်နီးချင်းတို့ ဒေါသထွက်ကာ အလွန်အကျွံပြောဆိုစွပ်စွဲရာက လူသတ်မှုဖြစ်သွားသည်အထိ ရောက်ရှိသွားရခြင်းသည် မစဉ်းစားမဆင်ခြင်ဘဲ ဒေါသအထွက်လွန် ကာ ပြုမူပြောဆိုကြသောကြောင့် ဖြစ်ပေသည်။ အကယ်၍ ကိုယ်ကျင့်တရားကောင်းမှုကို အခြေခံလျက် အေးချမ်းစွာ ဖြေရှင်းလိုက်မည် ဆိုပါလျှင် ရိုးရိုးသားသားပင် ပြီးပြေသွားပေလိမ့်မည်။ 
 
ပုဂံခေတ်တွင် ကိုယ်ကျင့်တရားကောင်းထားလျက် စိတ်ထားမြင့်မြတ်သူ ဘုရင်ကြီးတစ်ပါး ရှိသည်။ ကျန်စစ်မင်းကြီးဖြစ်သည်။ မွန်ကျောက်စာတွင် ရေးထိုးဖော်ပြထားသော မင်းကြီး၏ ကိုယ်ကျင့်တရားသည် ဤသို့ဖြစ်သည်။ “ စိတ်နှလုံး မသာယာသူ၏ အညစ်အကြေးတည်းဟူသော နှပ်ကို အကျိုးစီးပွား စောင်ခြင်းဖြင့် သနားခြင်းတည်းဟူသော ရေဖြင့် ဆေးကြောလတ္တံ့။ လက်ယာလက်ဖြင့် ထမင်းမုန့်ကို လူအပေါင်းတို့အား ပေးလတ္တံ့။ ခပ်သိမ်းသော လူအပေါင်းတို့ကို အမိ၏ ရင်ဝယ်သားကဲ့သို့ အကျိုးစီးပွားဖြင့် စောင့်ရှောက်လတ္တံ့။ မိမိတို့၏ ကိုယ်နှုတ်နှလုံးတို့ ဖြင့် မညီမညွတ်မတိုက်ဆိုင် သူတို့ကို ညီညွတ် တိုက်ဆိုင်အောင် ပြုလုပ်လတ္တံ့”။
 
“အလုံးစုံသော တိုင်းနိုင်ငံကြီးသည်လည်း ဆူးငြောင့်သဖွယ်ဖြစ်သော သူခိုးများ မရှိသည် ဖြစ်လတ္တံ့။ ထူထပ်သော တောသဖွယ်ဖြစ်သော ရန်သူလည်း မရှိသည်ဖြစ်လတ္တံ့။ အထူးသဖြင့်  ထွန်ယက်စိုက်ပျိုးသော လူတို့သည်လည်း  တစ်ပါးမက များလှစွာသော မုယောစပါးတို့ကို  ကျီကြတိုက်တာ၌ ဖြစ်ကြကုန်လတ္တံ့။ အိမ်တိုင်း အိမ်တိုင်းရှိ လူအပေါင်းတို့သည် ရတနာတို့ဖြင့် များစွာ ကြွယ်ဝချမ်းသာကြကုန်လတ္တံ့”။
 
စင်စစ် ကျန်စစ်မင်းကြီးကဲ့သို့ ပြည်သူလူထုအပေါ်တွင် ကိုယ်ကျင့်တရားကောင်းထားလျက် စိတ်ထားမြင့်မြတ်စွာ ကျင့်ကြံဆောင်ရွက်ပေးမည်ဆိုပါက ဤပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံသားတို့သည် စားဝတ်နေရေး ပြေလည်လျက် ပျော်ရွှင်ချမ်းမြေ့စွာ ရပ်တည်နေထိုင်သွားနိုင်ကြမည်သာ ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။
 

Most Read

Most Recent