အပေါ်ယံလောက်နဲ့ မဆုံးဖြတ်စေချင်

အပေါ်ယံလောက်နဲ့ မဆုံးဖြတ်စေချင်
Published 9 May 2015
သဲသီရိကျော်

လွန်ခဲ့တဲ့တစ်ပတ်က ကျွန်မရဲ့ရုံးပိတ်ရက်မှာ အိမ်မှာအေးဆေးနားနေတုန်း အိမ်ရှေ့ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်နေတဲ့ အဖေ့ကို အမေက ပွစိပွစိနဲ့ အပြစ်တင်စကား ဆိုနေတာကိုကြားရတော့ ဘာမှဝင်မပါဘဲ ကိုယ့်အိပ်ခန်းထဲကနေပဲ ဘာတွေဆက်ပြောကြမလဲဆိုပြီးသာ နားစွင့်နေလိုက်မိပါတယ်။ ကျွန်မအဖေက သူ့အလုပ်ကိစ္စ မရှိတဲ့အချိန်တွေမှာ အဲ့ဒီလိုပဲ တစ်ယောက်တည်း စာအုပ်ဖတ်ရင်ဖတ်၊ မဟုတ်ရင်လည်း တစ်ယောက်တည်း အေးဆေးထိုင်ပြီး သူ့အလုပ်အကြောင်းတွေ၊ ဘာတွေဆက်လုပ်ရမလဲဆိုတာတွေကို စဉ်းစားနေတတ်တဲ့သူ ဖြစ်ပါတယ်။အမေကတော့ အဲ့လိုနေတာကို ငူငူငိုင်ငိုင်နဲ့နေတယ်၊ အိမ်အလုပ်တွေတော့ ဝိုင်းမကူဘူး၊ မိသားစု နဲ့ ပျော်ပျော်ရွှင်ရွှင်နေရမယ့်အချိန်ကို တစ်ယောက်ထဲ သီးခြားနေနေတယ်ဆိုပြီး အမြင်သိပ်မကြည်တတ်ပါဘူး။ အဲ့ဒါကြောင့်လည်း အဖေ့ကို ဘေးနားကနေ အပြစ်တင်စကားသွားပြောနေတာပါ။ အမေကဘေးနားကနေ သွားပြောနေတော့ အဖေလည်းကြာတော့ သည်းမခံနိုင်တော့ဘူး ထင်ပါရဲ့။ “မင်းတို့က လူတစ်ယောက် ငြိမ်ငြိမ်လေးထိုင်နေရင် သူထိုင်နေတယ်ဆိုတာလောက်ပဲ သိကြတာကိုး။ဘာအလုပ်မှ မလုပ်ဘူး၊ ငူငူငိုင်ငိုင် ထိုင်နေတယ်ဆိုပြီး အပြစ်တင်ဖို့လောက်ပဲ သိကြတယ်။ အဲ့ဒီလူ ဘာတွေတွေးနေလဲ၊ သူဘာတွေလုပ်ဖို့ Plan တွေချမှတ်နေလဲ၊ လူက အလုပ်မလုပ်ပေမယ့် အတွေးတွေက အလုပ်လုပ်နေတာတော့ ကိုယ်မှမသိနိုင်တာ။ မြင်တာလေးလောက်နဲ့ ဝေဖန်ပြစ်တင်မနေပါနဲ့ကွာ” လို့ အဖေက ပြန်ပြောပါတယ်။အဖေ့စကားကို ကြားတော့ ကျွန်မက အဲ့ဒါအမှန်ပဲလို့ စိတ်ထဲကနေ ထောက်ခံနေခဲ့မိပါတယ်။ တကယ်လည်း လူတစ်ယောက်အတွက် သူ့ရဲ့အလုပ်ချိန်တွေပြီးတဲ့အခါမှာ ကိုယ်ပိုင်အချိန်ဆိုတာ ထားရှိသင့်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အချိန်မှာ သူ့ဘာသာ တစ်ယောက်တည်း သီးခြားလွတ်လပ်စွာနေထိုင်ပြီး သူ့အလုပ်အကြောင်း၊သူ့မိသားစု၊ ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စ၊ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းအစီအစဉ်တွေအကြောင်း သူစဉ်းစားရင်လည်း စဉ်းစားနေနိုင်တာပဲလေ။ တစ်ခုခုကို လှုပ်လှုပ်ရှားရှားမလုပ်ဘဲ တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်ပြီး တွေးတောနေရုံနဲ့ “ငပျင်း” တစ်ယောက်လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ စိတ်ကူးတွေထဲကနေမှ လက်တွေ့ဆိုတာ အကောင်အထည်ဖော်ဖြစ်လာတာပါ။အပေါ်ယံအမြင်လောက်နဲ့ လူတစ်ယောက်ကို ကျွန်မတို့တွေးထင်မိသလို ပြစ်တင်ဝေဖန်တာမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ဒါပေမဲ့လည်း ကျွန်မတို့ ရှင်သန်ရာ ပတ်ဝန်းကျင်လောကကြီးထဲမှာတော့ လူအများစုက အဲ့ဒီလိုပဲ လူတစ်ယောက်ရဲ့ အပေါ်ယံအပြင်အဆင်တွေကို ကြည့်ပြီးတော့ သူ့စိတ်နဲ့ ကိုယ်ကျင့်တရားကိုပါ ခပ်လွယ်လွယ် မှတ်ချက်ပေး ဝေဖန်တတ်ကြပါတယ်။ အဲ့ဒီလိုပဲ ကိုယ်အားကျတဲ့ အနုပညာရှင်တစ်ယောက် အတတ်ပညာရှင်တစ်ယောက်ကို အားကျပြီး အတုယူတဲ့အခါမှာလည်း အပေါ်ယံလောက်ကိုပဲမြင်ပြီး အပေါ်ယံတွေကိုပဲ အတုယူသွားတတ်ကြပါတယ်။ဥပမာ ကိုယ်အားကျရတဲ့ celebrity တစ်ယောက် အွန်လိုင်းပေါ်မှာ သူ့ရဲ့တစ်နေ့တာ သွားလာလှုပ်ရှားတာတွေ၊ သူ့မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ စားသောက်နေတာတွေ၊ ဈေးဝယ်ထွက်လိုက်၊ အလှပြင်လိုက်နဲ့ ပုံတွေကိုတင်နေတာ တွေ့ရုံနဲ့ ဒါ့ကြောင့် သူအောင်မြင်နေတာလို့ ထင်ပြီး သူ့လိုပုံစံအတိုင်း အဲ့ဒါတွေလောက်ကို လိုက်တုပရင် မှားသွားပါလိမ့်မယ်။ အောင်မြင်တဲ့လူတွေအားလုံးက နောက်ကွယ်မှာ သူတို့ဘဝအတွက် အမှန်တကယ် ကြိုးစားအားထုတ်မှုတွေ ရှိနေပါတယ်။ Social network တစ်ခုမှာ ကိုယ့်ဘဝအတွက် ဘယ်လို ပင်ပင်ပန်းပန်းကြိုးစားနေသလဲဆိုတဲ့ ပုံတွေကို သူတို့တင်ချင်မှ တင်ပါလိမ့်မယ်၊ သူ့ရဲ့ ရည်မှန်းချက်အတွက် သူဘယ်လိုတွေ အဆင့်ဆင့် စဉ်းစားတွေးတောနေရသလဲ၊ ဘယ်လိုတွေ ရုန်းကန်ဖြတ်သန်းနေရသလဲဆိုတာကို သူပြောချင်မှ ပြောပါလိမ့်မယ်။ ဒါ့ကြောင့်လည်း လူအများစုက သူတို့ရဲ့အပေါ်ယံ နေထိုင်၊ သွားလာမှု၊ ဝတ်စားဆင်ယင်မှုလောက်ကိုပဲ မြင်နိုင်ကြပါတော့တယ်။ လူတစ်ယောက် အောင်မြင်လာတဲ့အခါမှသာ သူတော့ကံ ကောင်းလိုက်တာလို့ ကျွန်မတို့တွေ ပြောတတ်ကြပါတယ်။ တကယ်တော့ ကံဆိုတာ အလုပ်ပါ။ လူကလုပ်လို့ ဖြစ်လာတာပါ။ တခြားသူတွေ တွေးထင်သလို သူကံကောင်းဖို့အတွက် အခွင့်အလမ်းကို သူကိုယ်တိုင် နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေ၊ အချိန်တွေ၊ ဇွဲလုံ့လတွေနဲ့ ကြိုးစားပေးဆပ်ပြီး ရအောင်ယူခဲ့လို့ပဲဖြစ်ပါတယ်။ ဒါတွေကိုတော့ မမြင်ဘဲ အပေါ်ယံလောက်ပဲကြည့်ပြီး ဝေဖန်ဖို့ စောင့်စားနေကြတဲ့ လူတွေအတွက်တော့ လူတစ်ယောက် အောင်မြင်တာက ကံကောင်းလို့ဆိုပြီး ဖြစ်သွားတော့တာပါပဲ။လူတစ်ယောက်ရဲ့ အပေါ်ယံသွားလာ လှုပ်ရှားမှုတွေကို ကျွန်မတို့ မြင်နိုင်ပေမယ့် နောက်ကွယ်က သူ့ရဲ့စိတ်ရင်းအမှန်၊ စာရိတ္တ၊ ကိုယ်ကျင့်တရားစောင့်ထိန်းမှု၊ စေတနာ၊ ကြိုးစားအားထုတ်မှု၊ သူ့ဘဝရဲ့ရည်မှန်းချက်၊ အိပ်မက်တွေ၊ ဘယ်အချိန်မှာဘာဖြစ်ရမယ်ဆိုတဲ့ အသေးစိတ်စီမံကိန်းတွေကို ကျွန်မတို့မှ မမြင်နိုင်တာ။ အဲ့ဒီမမြင်နိုင်တဲ့အရာတွေကို မြင်အောင်ကြည့်ဖို့တော့ မကြိုးစားကြဘဲ လူတစ်ယောက်အောင်မြင်လာမှသာ သူ့ရဲ့အားနည်းချက်တွေ၊ အပေါ်ယံအဝတ်အစား၊ နေထိုင်မှုပုံစံတွေကို လက်ညှိုးထိုး ကဲ့ရဲ့ဝေဖန်ရှုတ်ချတတ်တဲ့ လူ့သဘာဝတစ်ခုကလည်း အရမ်းကို စိတ်ပျက်စရာကောင်းပါတယ်။လူတစ်ယောက်ကို အပေါ်ယံအမြင်လောက်နဲ့ ကြည့်ပြီး မှတ်ချက်ပေးဝေဖန်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်အားကျရတဲ့ လူတစ်ယောက်ကို အောင်မြင်ချင်လို့ အတုယူတဲ့အခါမှာလည်း အပေါ်ယံလောက်ကိုပဲ မြင်ပြီး အတုယူတာမျိုး မဖြစ်သင့်ပါဘူး။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ကပြောဖူးတဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။ “လူတစ်ယောက်ကို အတုယူတဲ့အခါ သူ့ရဲ့အပေါ်ယံအသွင်အပြင်ကို အတုယူရတာ လွယ်ပါတယ်။ တကယ့် အတွင်းအနှစ် အရည်အချင်းကို တုပဖို့ကတော့ ခဲယဉ်းပါတယ်” တဲ့လေ။ တကယ့် အတွင်းအနှစ် အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုကို မြင်အောင်ကြည့်ပြီး အတုယူတတ်မှသာ သူ့လိုအောင်မြင်တဲ့သူတစ်ယောက်ဖြစ်နိုင်မှာပါ။ဒီလိုသာမန်ကိစ္စလောက်မှ မဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အရေးကိစ္စတွေတိုင်းမှာလည်း အပေါ်ယံအမြင်လောက်နဲ့ မဆုံးဖြတ်သင့်၊ လက်မခံသင့်ပါဘူး။ ကိုယ့်ကို တစ်ခုခုကောင်းတာလေး ပေးလိုက်တာနဲ့ အဲ့ဒါကိုပဲမြင်ပြီး ကိုယ့်ဆီက များစွာပြန်ယူသွားတဲ့ လှည့်ကွက်တွေကိုတော့  မမြင်နိုင်လောက်အောင် အရာရာမှာ အပေါ်ယံနဲ့သာယာနေ၊ ကျေနပ်နေတဲ့သူတွေ မဖြစ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။ကျွန်မတို့တွေအတွက် အရာရာမှာ အပေါ်ယံအကြည့်၊ အပေါ်ယံအတွေးတွေနဲ့ တခြားလူတွေကို ကဲ့ရဲ့ပြစ်တင်ဝေဖန်တာမျိုး မလုပ်သင့်သလို၊ အပေါ်ယံလောက်နဲ့ ကျေနပ်နေပြီး ပြောသင့်တာကိုမပြောတာ၊ လုပ်သင့်တာကို မလုပ်တဲ့သူမျိုးတွေလည်း မဖြစ်ဖို့လိုပါတယ်။ နောက်ပြီး အပေါ်ယံငါးစာကို သာမြင်ပြီး ငါးမျှားချိတ်ကိုမမြင်နိုင်တဲ့ သူမျိုးတွေမဖြစ်ဖို့လည်း အရေးအကြီးဆုံးဖြစ်ပါတယ်ဆိုတာ ပြောကြားရင်း အရာရာမှာအပေါ် ယံစိတ်ဓာတ်နဲ့ အပေါ်ယံ အတွေးအခေါ်လောက်နဲ့ ဆုံးဖြတ်တတ်တဲ့ လူသားများမဖြစ်ဖို့ ကျွန်မတို့အားလုံး ကြိုးစားနေထိုင်ကြဖို့ ဆန္ဒပြုရင်း။      

Most Read

Most Recent