တောင်တက်လမ်းတွေကို တက်တဲ့အခါ မှာ တွေ့ဖူးမှာပါ။ အတက်ကားကို ဦးစားပေးပါတဲ့။ ဒီလိုပါပဲ။ လူ့ဘဝလမ်းခရီးမှာလည်း အတက်ကားကို ဦးစားပေးရမှာပါ။ ဘာသာရေးအရ၊ ဓမ္မကြောင်းအရ ကြည့်ရင်တော့ ကြီးသူကို ဦးစားပေးရပါတယ်။ လောကကြောင်းအရ ကြည့်တဲ့အခါမှာတော့ ငယ်သူကို ဦးစားပေးရပါတယ်။ အနောက်တိုင်းမှာတော့ တချို့ကိစ္စတွေမှာ အမျိုးသမီးကို ဦးစားပေးတာလည်း ရှိပါတယ်။ဦးစားပေးတဲ့ကိစ္စဟာ လူ့ယဉ်ကျေးမှုတစ်ခုပါ။ ဦးစားပေးတတ်တဲ့ အသိလေး၊ ဦးစားပေးရကောင်းမှန်းသိတဲ့ အသိလေး၊ ဦးစားပေးချင်တဲ့ စိတ်ကလေး၊ ဦးစားပေးတတ်တဲ့ အကျင့်လေးဟာ လူ့ဝန်းကျင်မှာ လွန်စွာမှ မွန်မြတ်သလို အလွန်ပဲ လိုအပ်လှပါတယ်။ ဦးစားပေးတယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တရဲ့ဆန့်ကျင်ဘက်မို့ လောကကို အလွန်ပဲ ကျက်သရေမင်္ဂလာ ရှိစေပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လောကကို ဖျက်ဆီးနေတဲ့စိတ်ကို ပပျောက်စေပြီး လောကကိုကောင်းကျိုးပြုတာ လူတစ်ဖက်သားကို ဦးစားပေးခြင်းဆိုတဲ့ ယဉ်ကျေးမှုပါပဲ။ လူတိုင်းလူတိုင်းမှာ ဦးစားပေးရမယ့်ကိစ္စတွေ၊ ဦးစားပေးသင့်တဲ့သူတွေအပေါ်မှာ ဦးစားပေးတတ်တဲ့ အကျင့်လေး၊ နူးညံ့တဲ့စိတ်ကလေး ကိုယ်စီရှိကြရင် လူ့လောကကြီးဟာ နေပျော်ထိုင်ပျော် ရှိမှာပါ။မြန်မာ့ယဉ်ကျေးမှုထမင်းဝိုင်းတွေမှာ လူကြီးကို ဦးချပြီးမှစားကြတဲ့ အလေ့တစ်ခုရှိပါတယ်။ လူကြီးသူမကို ဦးဦးဖျားဖျား ပေးစားတာပါ။ ဒီလို လူကြီးသူမတွေကို အဦးကို ပေးစားတာကိုပဲ (ဦး-ပေး-စား) ဦးစားပေးလို့ ခေါ်တာပါ။ အဲဒီလို အစားကနေလာတဲ့ (ဦးပေးစား) ဦးစားပေးဟာ အခြားကိစ္စတွေမှာလည်း အကျုံးဝင်၊ အသုံးဝင်သွားပါတယ်။ လူ့ယဉ်ကျေး လူလိမ္မာတွေဟာ အရာရာမှာ ဦးစားပေးတတ်တဲ့အလေ့ ရှိကြပါတယ်။ ဦးစားပေးတတ်တဲ့အကျင့် ရှိကြပါတယ်။ဦးစားပေးတဲ့အကျင့်ဟာ အတ္တကိုနှိမ်နင်းတာမို့ အလွန်နှစ်လိုဖွယ်ကောင်းတဲ့အကျင့်ပါ။လီကွမ်ယုဟာ အတိုက်အခံတွေကို နာလန်မထူနိုင်အောင် နှိပ်ကွပ်ကာ အာဏာရှင်ဒီမိုကရေစီကို ထူထောင်ခဲ့သူမို့ သူတော်ကောင်းလို့ ဆိုဖို့ခက်ပေမဲ့ လူစွမ်းကောင်းဆိုတာကတော့ လက်ခံကြရမှာပါ။ တစ်ချိန်က တရုတ်ပင်လယ်ပြင်မှ ပင်လယ်ဓားပြတို့အောင်းခိုရာ တံငါရွာကြီးတစ်ရွာကို တတိယကမ္ဘာကနေ ပထမကမ္ဘာသို့ ပို့ဆောင်ခဲ့သူပါ။လီကွမ်ယုဟာ ၁၉၂၃ စက်တင်ဘာ ၁၆ မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၅ မတ် ၂၃ အ သက် ၉၁ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ စင်ကာပူကို ဒီလိုအဆင့်ရောက်လာအောင် ထူထောင်ရာမှာ လီကွမ်ယုတစ်ယောက်တည်း တော်လို့လားဆိုတော့ မဟုတ်ပါဘူး။တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့တော့ ဘာမှလုပ်လို့မရပါဘူး။ လီကွမ်ယုရဲ့ အပေါင်းအဖော် မဟာမိတ်တွေပါ တော်ကြလို့ပါ။၁၉၅၉ ခုနှစ် မေလကုန်ပိုင်း လီကွမ်ယု ဦးဆောင်တဲ့ ပီအေပီပါတီအနိုင်ရတော့ ပီအေပီပါတီ ပါလီမန်အမတ်အများစုမှာ အသက် ၂၀ ကျော် လူငယ်အများစုပါ။ အမတ်အားလုံးရဲ့ ပျမ်းမျှအသက်က ၃၅ နှစ် ဖြစ်ပါသတဲ့။ အသက်အငယ်ဆုံး အမတ်က အသက် ၂၂ နှစ်သာ ရှိပါသတဲ့။ အဲဒီအချိန် လီကွမ်ယု ဝန်ကြီးချုပ်စဖြစ်တော့ သူ့အသက်က ၃၅ နှစ်ပါ။ လီကွမ်ယု ဦးဆောင်တဲ့ လူတစ်စုဟာ လူကြီးတွေလက်ထဲမှာ မအောင်မမြင်ဖြစ်နေတဲ့ စင်ကာပူကို လက်ပြောင်းလွှဲယူလိုက်ပါ တယ်။ ဒီတော့ စင်ကာပူကို ယခုလို ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးနိုင်ငံ ဖြစ်အောင် ဖန်ဆင်းနိုင်ခဲ့တာဟာ လူကြီးတွေမဟုတ်ပါ ဘူး၊ လူငယ်တွေပါ။ ဒါကြောင့် အတက်ကားကို ဦးစားပေးပါ။ပထမ၊ ဒုတိယ၊ တတိယ အရွယ်သုံးပါးမှာ ပထမအရွယ်မှာရှိတဲ့ ကံစွမ်း၊ ဉာဏ်စွမ်း၊ ဝီရိယစွမ်းတွေဟာ အထက်မြက်ဆုံးပါ။ ကြီးယုတ်ဆိုတဲ့အတိုင်း ကြီးလေကံစွမ်း၊ ဉာဏ်စွမ်း၊ ဝီရိယစွမ်းတွေက ယုတ်လျော့တော့တာပါပဲ။ဒါဘာကိုကြည့်သိသလဲဆိုတော့ မဟာဓန သူဌေးသားဝတ္ထုကို ကြည့်ပြီးတော့ သိရတာပါ။ကုဋေ ၁၆၀ ချမ်းသာတဲ့ သူဌေးဇနီးမောင်နှံ အလုပ်မလုပ်ဘဲနဲ့ သုံးဖြုန်းပစ်လိုက်ကြတော့ နောက်ဆုံး ခွက်လက်ဆွဲတောင်းရမ်း စားသောက်ရတဲ့ဘဝကို ရောက်သွားပါတော့တယ်။ တစ်နေ့ ဘုရားကျောင်းတော်မှာ ကိုယ်ရင်လေးတွေ သပိတ်ဆေးတဲ့ အနီးတစ်ဝိုက် ဆွမ်းကျန်ဟင်းကျန်လေးတွေ တောင်းရမ်းနေတာကို ဘုရားမြင်တော့ ...ဘုရားက “အာနန္ဒာ သူတို့ဟာ ပထမအရွယ်က စီးပွားရေးလုပ်ကြမယ်ဆိုရင် ဒီမြို့မှာ ပထမတန်းစားဝင် သူဌေးတွေဖြစ်မယ်။ တရားအားထုတ်မယ်ဆိုရင်လည်း သူဌေးကြီးက ရဟန္တာဖြစ်မယ်၊ သူဌေးကတော်က အနာဂါမ် ဖြစ်မယ်။ ဒုတိယအရွယ်မှာ စီးပွားရေးလုပ်မယ်ဆိုရင် ဒုတိယတန်းစား သူဌေးတော့ဖြစ်ဦးမယ်။ တရားအားထုတ်ကြရင်လည်း သူဌေးကြီးက အနာဂါမ်၊ သူဌေးကတော်ကြီးက သကဒါဂါမ်ဖြစ်မယ်။ တတိယအရွယ်ရောက်မှ စီးပွားရေးလုပ်မယ်ဆိုရင်လည်း တတိယတန်းစား သူဌေးတော့ဖြစ်မယ်။ တရားအားထုတ်ကြမယ်ဆိုရင်လည်း သူဌေးကြီးက သကဒါဂါမ်၊ သူဌေးကတော်ကြီးက သောတာပန် ဖြစ်မယ်။ ဒါပေမဲ့ အချိန်တွေက လွန်ကုန်ပြီ”လို့ မိန့်တော်မူတယ်။ဘုရားရှင်ရဲ့ ဒီမိန့်ဆိုချက်ကို ကောက်ချက်ချကြည့်တော့ ပထမအရွယ်ထက် ဒုတိယအရွယ်၊ ဒုတိယအရွယ်ထက် တတိယအရွယ် တစ်ဆင့်ချင်း အခွင့်အလမ်းတွေ ဆုတ်ယုတ်သွားတာ၊ ဆုံးရှုံးသွားတာ တွေ့ရတယ်။ ပြန်တွက်ရင်လည်း တတိယအရွယ်ထက် ဒုတိယအရွယ်၊ ဒုတိယအရွယ်ထက် ပထမအရွယ်က ပိုပြီးအခွင့်အလမ်းတွေရှိတာကို တွေ့ရတယ်။ဒီအချက်တွေကို ထောက်တဲ့အခါ အတက်ကားကို ဦးစားပေးရမယ်ဆိုတဲ့အဓိပ္ပာယ် ထင်ရှားပေါ်လွင်လာတယ်။ အိုပယ်ဆိုတဲ့အတိုင်း အိုတဲ့သူတွေဟာ သူတို့ ပယ်ချင်စိတ်ရှိ နေတာကိုသိရရင် သူတို့မပယ်ခင် ကိုယ့်ဘာသာ ကြိုကြိုတင်တင် ဖယ်ခွာပေးတာက ကောင်းတယ်။ အိုမင်းမစွမ်းဆိုတဲ့အတိုင်း အများစုမှာ လူအိုစိတ်အိုဖြစ်လာရင်တော့ မင်းလည်းမစွမ်းတော့ပါဘူး၊ ငါလည်း မစွမ်းတော့ပါဘူး။ အဲဒီအခါ မင်းရောငါရော နောက်ဆုတ်ပေးသင့်ပါတယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ရတာမို့ မင်းရောငါရော နှောင်းလူတို့ အတွက်ငဲ့ပြီး ဥပါဒါန်တွေကို လျှော့ချသင့်တာ လျှော့ချ၊ ပယ်သင့်တာ ပယ်ရပါမယ်။ ယခု မြန်မာနိုင်ငံလက်ရှိပြဿနာက အိုပယ်တွေ အပယ်မခံချင်တာ၊ ဖယ်မပေးချင်တာက လာတဲ့ပြဿနာပါပဲ။ဘာပဲဖြစ်ဖြစ် မိမိတို့နိုင်ငံကို တကယ်ကောင်းစေချင်တာပါဆိုရင်တော့ လူငယ်တွေကို ဦးစားပေးကြရပါမယ်။ လူငယ်တွေကို နေရာပေးကြရပါမယ်၊ လူငယ်တွေကို အသိအမှတ်မပြုတာဟာ အနာဂတ်နိုင်ငံတော်ကို လျစ်လျူရှုတာပါပဲ။ လူငယ်တွေကို နေရာမပေးတာဟာ အနာဂတ်နိုင်ငံတော်ကို ဖျက်ဆီးတာပါပဲ။ လူငယ်တွေကို ပြုစုပျိုးထောင်ပေးခြင်း မလုပ်တာဟာ လူကြီးတွေ အတ္တကြီးလို့ ပါပဲ။၂၀၁၄ ခုကုန်ခါနီး ပညာရေးဥပဒေမူကြမ်းထွက်လာတော့ ကျောင်းသားတွေ ကန့်ကွက်ကြတယ်။ မုံရွာ၊ မြင်းခြံ၊ မန္တလေး၊ ကျောက်ဆည်စသည်တို့မှာ ဆန္ဒပြကြတယ်။ ဒါကိုလျစ်လျူရှုပြီး လွှတ်ချော်တဲ့သူတွေ စက်တော်ခေါ်ရာဖြစ်တဲ့ လွှတ်တော်က အဲဒီပညာရေးဥပဒေကြီးကို အတည်ပြုလိုက်တယ်။ ၂၀၁၄ ကုန်ခါနီးရက်ပိုင်းတွေမှာ တစ်နိုင်ငံလုံးက ကျောင်းသားတွေ နာရေးကူညီမှုအသင်းမှာ သုံးရက်အစည်းအဝေး ထိုင်ကြတယ်။ဆုံးဖြတ်ချက်က သပိတ်မှောက် ဆန္ဒပြကြမယ်ဆိုပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လေးရက် ဆန္ဒပြကြတယ်။နောက်အစိုးရကို ကျောင်းသားတွေနဲ့ ရက်ပေါင်း ၆၀ အတွင်းဆွေးနွေးဖို့၊ မဆွေးနွေးရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက် ဆန္ဒပြမယ်လို့ ရာဇသံပေးလိုက်တယ်။ အစိုးရက ဒါကိုလည်း မသိကျိုးကျွံပြုကာ မျက်နှာလွှဲခဲပစ် လုပ်တယ်။ ရက်ပေါင်း ၆၀ ပြည့်တော့ ဗကသ၊ တကသ ကျောင်းသားတွေ မန္တလေးမြို့ အိမ်တော်ရာဘုရားမှ စတာထွက်ကာ ရန်ကုန်သို့ ချီတက်ဆန္ဒပြကြတယ်။ကျောင်းသားတွေ အခက်အခဲမျိုးစုံကြားက ချီတက်လာရာ ရက်ပေါင်း ၄၀ ကျော်တော့ လက်ပံတန်းမှာ တစ်ထောက်နားကြတယ်။ပထမရန်ကုန်မှာ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူ လူကြီးတွေနဲ့ ဆွေးနွေးကြတယ်။လူကြီးတွေဟာ လူငယ်တွေကို ယှဉ်မပြောနိုင်ကြဘူး။ နေပြည်တော်ကို ပြန်ချိန်းတယ်၊ နေပြည်တော်မှာကျ ပွဲ ဖျက်ပစ်တယ်။ ရန်ကုန်ပြန်ချိန်းတယ်။ ကျောင်းသားတွေတောင်းဆိုတဲ့ ၁၁ ချက်ကို သဘောတူပါတယ်ဆိုပြီး နေပြည်တော်ကို ပြန်ချိန်း ပြန်တယ်။ တကယ်တော့ လူကြီးတွေဟာ လူငယ်တွေကို အမျိုးမျိုးလှည့်စားနေတာပဲ။ တကယ်တော့လူကြီးတွေဟာ အေးအေးဆေးဆေး ပြေလည်အောင် လုပ်ပေးလို့ရနိုင်ပါလျက်နဲ့ လုပ်မပေးကြဘူး။ နောက်ဆုံးတော့ လက်ပံတန်းကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ လူကြီးတွေရဲ့ မာယာပရိယာယ် အသွယ်သွယ်ကြားမှာ ဖြိုခွင်းခံလိုက်ရတယ်။ ဖြိုခွင်းတာမှ တရားလက်လွန် ရက်ရက်စက်စက်ပဲ။ရန်သူကို ချေမှုန်းနေသလိုပါပဲ။ ယခု ဗကသ ကျောင်းသားခေါင်းဆောင် ၅၀ ကျော် သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်။ ကျောင်းသားတွေဟာ ပုဒ်မမျိုးစုံနဲ့ စွပ်စွဲခံနေရတယ်။ တရားဟောပုဂ္ဂိုလ်အချို့က မတရားတာတွေ ဟောနေကြတယ်၊ တရားသူကြီးတွေက မတရားတာတွေ လုပ်နေကြတယ်။ရိုးသားဖြူစင်တဲ့ကျောင်းသားတွေက အကျဉ်းထောင်တွေမှာ ဒုက္ခရောက်နေကြတယ်။ ကျောင်းသားတွေဟာ အစိုးရရဲ့ နိုင်ငံရေးကစားကွက်ထဲက နယ်ရုပ်လေးတွေတော့ မဖြစ်စေချင်ပါဘူး။ ကျောင်းသားတွေက သမိုင်းကောင်းပါတယ်။ အစိုးရလည်း သမိုင်းကောင်းစေချင်ပါတယ်။တိုင်းပြည်ကို တကယ်ချစ်တဲ့အစိုးရဟာ လူငယ်တွေကို ပြုစုပျိုးထောင်ပေးတဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူးဖြစ်ရမှာပါ။ ပန်းကောင်းအညွန့်ချိုး မလုပ်ရပါဘူး။ အတက်ကားကို ဦးစားပေးရပါမယ်။ အတက်ကားတွေကို ဦးစားပေးပါ။










