ကိုယ့်အလုပ်က ဘာလဲဆိုတာ ကိုယ့်ဘာသာသိဖို့ပဲ အရေးကြီးပါတယ်

ကိုယ့်အလုပ်က ဘာလဲဆိုတာ ကိုယ့်ဘာသာသိဖို့ပဲ အရေးကြီးပါတယ်
Published 9 May 2015
မင်းလွင် (ဆေး-၂)

ဧပြီ ၃၀ ရက် နံနက် ၇ နာရီခန့်က ပခုက္ကူအထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ၌ ဆေးကုသမှုခံယူနေသော အသက်လေး နှစ်အရွယ် ကလေးတစ်ဦး သေဆုံးမှုဖြစ်ပွား ခဲ့သည်။ ဆေးနှစ်လုံးထိုးပြီးချိန်၌ သေဆုံး သွားခြင်းဖြစ်ပြီး သာမန်သေဆုံးမှုမဟုတ်ဟု ဆိုကာ သေဆုံးသူ၏ မိဘများက ယင်းဖြစ်စဉ် အပေါ် ကျေနပ်မှုမရှိသောကြောင့် ပခုက္ကူမြို့ မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သတင်းများ ကို မီဒီယာများတွင် ဖော်ပြခဲ့သကဲ့သို့ လူမှုရေး မီဒီယာတစ်ခုဖြစ်သော Facebook ၌လည်း ပျံ့နှံ့နေကြောင်း တွေ့ရှိရသည်။ 
 
ထုံးစံအတိုင်း အထူးသဖြင့် Facebook တွင်  ဘက်အမျိုးမျိုးမှ အယူအဆအမျိုးမျိုး၊ ထင်မြင်ချက်အမျိုးမျိုးနှင့် ဝေဖန်သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်လာသည်။ လူနာဘက်မှ ရပ်တည်၍လည်းကောင်း၊ ဆေးဝန်ထမ်းများ ဘက်မှ ရပ်တည်၍လည်းကောင်း Comment များ အမျိုးမျိုးပေးကြရာတွင် ဒေါသတကြီးဖြင့် စိတ်လိုက်မာန်ပါ အလွန်အကျွံရေးသားမှုများ လည်း ရှိလာသည်။
 
လူနာဘက်မှရပ်တည်၍ ပခုက္ကူမြို့ခံ များက မေ ၉ ရက်တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားမှုလည်းရှိပြီး မေ ၆ ရက်တွင် ယင်း အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်းလည်း သိရသည်။  ကလေးငယ်၏ အသားစ ဓာတု ဗေဒစစ်ဆေးမှုရလဒ်၊ ကုသရာတွင် အသုံးပြု ခဲ့သော ဆေးဝါးအား အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ စစ် ဆေးမှုရလဒ်နှင့် ကာယကံရှင်မိသားစုများ အား ဆေးရုံတာဝန်ရှိသူများဘက်မှ နှစ်သိမ့် ဆွေးနွေးပေးခြင်းအပေါ်မူတည်၍ ဆန္ဒထုတ် ဖော်မှုအား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
 
လူနာများဘက်မှ ထမင်းရည်ပူလောင် ခြင်းသည် သေလောက်သောဒဏ်ရာမဟုတ် သည့်အပြင် ဧပြီ ၃၀ ရက် နံနက် ဆေးမထိုးမီ အထိ ကလေးငယ်သည် ကောင်းစွာစကား ပြောနိုင်ပြီး ဆေးထိုးပြီးနောက်မှ သေဆုံးရ ခြင်းကြောင့် ကျေနပ်မှုမရှိသည်ကို တွေ့ရှိရ သည်။ ဆေးဝန်ထမ်းများဘက်မှလည်း ပဋိဇီ၀ ဆေးဝါးတစ်မျိုးဖြစ်သော Cefotaxime ကို ဧပြီ ၂၉ ရက်တွင် စမ်းသပ်ပြီးမှ ပထမအကြိမ် အဖြစ် ထိုးပေးခဲ့ခြင်းဖြစ်ပြီး ဧပြီ ၃၀ ရက် နံနက်တွင် ဒုတိယအကြိမ်ထိုးသည့်အခါတွင် မှ ရှော့ခ်ဖြစ်ကာ အရေးပေါ်ကုသမှုများပေးခဲ့ သော်လည်း သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ Delayed Hypersensitivity ဟုခေါ်သော နောက်ကျမှပေါ်သည့် ဆေးဓာတ်မတည့်ခြင်းအတွက် ဆေးဝန်ထမ်း များ၌ အပြစ်မရှိဟု ဆိုကြသည်။
 
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ထင်ရာမြင် ရာ ပြောနေကြမည့်အစား အချက်သုံးချက် အပေါ်မူတည်၍ စဉ်းစားကြည့်စေလိုပါသည်။
ယင်းအချက်သုံးချက်အနက် ပထမဆုံး အချက်မှာ တာဝန်ယူမှုဟုခေါ်သော Responsibility ဖြစ်သည်။ ဆရာဝန်/ဆေးဝန် ထမ်းအနေဖြင့် လူနာကို လက်ခံကုသပေးပြီ ဆိုကတည်းက တာဝန်ယူလိုက်ရပြီဖြစ်သည်။ ဆေးကုသမှုဆိုင်ရာ မိမိ၏လုပ်ရပ်တိုင်းနှင့် ပတ်သက်၍ တာဝန်ခံရမည်ဖြစ်သည်။ ယခု ဖြစ်စဉ်ကဲ့သို့ လူနာဘက်မှ ကျေလည်မှုမရှိ သည့်အခါ အမှန်အတိုင်း ကျေနပ်အောင် ရှင်းပြရမည်ဖြစ်သည်။ လူနာဘက်မှ တရား စွဲဆိုလာလျှင်လည်း အမှုကို ရင်ဆိုင်ရမည်မှာ လည်း တာဝန်ယူမှုဖြစ်သည်။ လူနာရှင်များ ဘက်မှ မကျေနပ်၍ ဆန္ဒဖော်ထုတ်ခွင့်လည်း ရှိပါသည်။ သို့သော် ဆန္ဒဖော်ထုတ်သူတိုင်း မှန်၍ ဆန္ဒဖော်ထုတ်ခံရသူတိုင်း မှားသည်ဟူ သည့် သဘောလည်းမရှိပါ။ မိမိ၏အလုပ်ကို မိမိဘာသာ ရွေးချယ်ပိုင်ခွင့်ရှိသကဲ့သို့ ရွေး ချယ်မှုတိုင်းတွင် တာဝန်ယူမှုက မလွဲမသွေ ကပ်၍ပါလာမည်သာဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် ပြောစရာရှိ သည်မှာ"ကိုယ့်အလုပ်က ဘာလဲဆိုတာ ကိုယ့် ဘာသာ သိခြင်း" ဟူသည့် Professionalism ဖြစ်သည်။ စစ်တပ်ထဲသို့ဝင်သည့် စစ်သားသည် အရေးကြုံလာပါက စစ်တိုက်ရမည်သာ ဖြစ်သည်။ စစ်တိုက်ခြင်းက သူ့အလုပ်ဖြစ်သည်။ "ငါတို့ အသေခံပြီး စစ်တိုက်နေရတယ်" ဟု ကျေးဇူးအတင်ခံလို၍မရ။ ကိုယ်နှင့်မဆိုင် သော အခွင့်အရေးများ လိုချင်၍မရ။ 
 
ထို့အတူ ဆရာဝန်၊ ဆေးဝန်ထမ်းအလုပ် ကို ရွေးချယ်ခဲ့လျှင် လူနာများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးရမည်မှာ မိမိ၏ အလုပ်ဖြစ်သည်။ လူနာအား ရောဂါပျောက် အောင် ကုသပေးလိုက်ခြင်းကြောင့် ကျေးဇူး အတင်ခံချင်နေ၍မရ။ လူနာများအား ကျေး ဇူးရှိသည်ဟုဆိုကာ အပြစ်တစ်ခုခုကျူးလွန်ခဲ့ ပါက ယင်းအတွက် ကင်းလွတ်ခွင့်လည်းမရှိပါ။ ဂျာနယ်လစ်များ၏အလုပ်မှာလည်း အများ ပြည်သူ သိသင့်သိထိုက်သည့် သတင်းများကို အမှန်အတိုင်းဖော်ပြပေးရန်ဖြစ်ပြီး ယခုကဲ့သို့ သတင်းဖော်ပြခြင်းမှာလည်း ကိုယ့်အလုပ် ကိုယ်လုပ်ခြင်းသာဖြစ်သည်။ မှားယွင်းမှုများ ရှိခဲ့ပါက ဂျာနယ်လစ်များ ကိုယ့်တာဝန်ကိုယ် ယူရပါသည်။ ဂျာနယ်လစ်များ တရားစွဲဆိုခံရ သည်များလည်းရှိပါသည်။ မိမိမှားသည် မှန် သည် ဆိုသည့်ကိစ္စအတွက် တရားရုံးသို့ ရောက်ရပါသည်။
 
နောက်ဆုံးအချက်မှာ Rules of Law  ဟူသည့်အတိုင်း တရားဥပဒေ၏ စည်းမျဉ်း များအတိုင်း အဆုံးအဖြတ်ခံရန်ဖြစ်ပါသည်။ မိမိဘက်က မှန်သည်ဆိုလျှင် တရားရုံး၌ သက်သေပြနိုင်ရန်သာ လိုပါသည်။ ရဲစခန်း ၌ အမှုဖွင့်ထားလျှင် သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရ ပါလိမ့်မည်။ တရားဥပဒေကြောင်းအရသာ သွားရပါမည်။ တရားဥပဒေသည်သာ အဓိက အဆုံးအဖြတ်ဖြစ်ပြီး ဘက်လိုက်ခြင်းနှင့် အုပ် ချုပ်ရေးဘက်မှ ဝင်ရောက်စွက်ဖက်ခြင်းတို့ မရှိရန်သာ လိုအပ်ပါသည်။ ယခုအမှု၏ အမှားအမှန်ကို မီဒီယာများက အဆုံးအဖြတ် ပေးနိုင်သည်မဟုတ်ဘဲ တရားဥပဒေကသာ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။ မြန်မာ နိုင်ငံဆေးကောင်စီအနေဖြင့်လည်း လွတ်လပ် သောအဖွဲ့ဖွဲ့ကာ စစ်ဆေးပေးရန်လိုအပ်မည် ဖြစ်သည်။
 
စာရေးဆရာ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး သူ၏ Facebook တွင် ရေးသားသကဲ့သို့ ဆေးထိုးမှားသည်ဟု ရေးကြသောကြောင့် လူနာများ ဆေးရုံမလာရဲကြတော့ဘဲ သေဆုံး ကြဖွယ်ရှိသည့်အရေးကိုလည်း စိုးရိမ်စရာ မလိုပါ။ ပြည်သူအများစုအနေဖြင့် အစိုးရ ဆေးရုံများကိုသာ အားကိုးနေရဦးမည်ဖြစ်သည်။ ယခုအစိုးရလက်ထက်တွင် ယခင် အစိုးရလက်ထက်ထက် ကျန်းမာရေးဘတ် ဂျက်များတိုး၍ ချထားပေးပြီး အစိုးရဆေးရုံ များ၌ ပုဂ္ဂလိကဆေးရုံများ၌ မပေးနိုင်သည့် ဝန်ဆောင်မှုများ ရနိုင်သောကြောင့် အခြေခံ လူတန်းစားများသာမက လူလတ်တန်းစား များပါ အစိုးရဆေးရုံများကို အားကိုးအားထား ပြုလာကြရသည်။ မီဒီယာများက ရေးရုံဖြင့် လူနာများ ဆေးရုံမလာကြတော့ဟု ပူပန်စရာ မလိုပါ။
 
အခြားဆရာဝန်တစ်ဦး Facebook တွင် ရေးသားထားသည့် "ဆန္ဒပြကြပါဦးဗျို့၊ တောင်ငူဆေးရုံမှာ သစ်ခြောက်ကိုင်း လည်ပင်းကို ထုတ်ချင်းပေါက်သွားတဲ့လူနာကို ဆေးရုံကဆရာဝန်တွေ ခွဲစိတ်ကုသပေးလိုက်တာ အသက်ရှင်သွားလို့ မကျေနပ်တဲ့သူများ ဆန္ဒပြကြပါဦးဗျို့" ဟူသော ရေးသားချက်မျိုး မှာ သင့်လျော်ခြင်းမရှိပါ။ လူနာနှင့် ဆရာဝန် တို့ အပြန်အလှန် လေးစားမှုရှိရမည်ဖြစ်သည်။ 
ဆရာဝန်များအနေဖြင့်လည်း လူနာ၏ဆန္ဒကို အလေးထားရမည်ဖြစ်သည်။ လူနာ၏ အခွင့် အရေးကို စော်ကားသည့် အရေးအသားမျိုး မပြုသင့်ပါ။ အမှန်တကယ်၌ သစ်ခြောက်ကိုင်းလည်ပင်းထုတ်ချင်းပေါက်သွားသည့် လူနာကို ခွဲစိတ်ကုသပေးခြင်းသည် ဆရာဝန်က ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းသာဖြစ်ပြီး အထူးအထွေ ပြောဖွယ်မရှိပါ။ စေတနာထား ပြီး ကုသပေးခြင်းကြောင့် ဆရာဝန် ဘာလုပ်လုပ်မှန်သည်ဆိုခြင်းမျိုးက နည်းလမ်းမကျပါ။
 
အမှန်တကယ်၌ ဆေးကုသရာ၌ မှား ယွင်းမှုရှိသောကြောင့် သေဆုံးမှုများရှိခဲ့ဖူး သည်မှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါ။ နိုင်ငံတကာ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စသာ ဖြစ်သည်။ တရားစွဲအရေးယူခံရမှုများသည် လည်း နိုင်ငံတကာ၌ မည်သို့မျှ မထူးဆန်း သော ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာဖြစ်သည်။ ထို့ ကြောင့် ယခုကိစ္စသည်လည်း မည်သို့မျှ မထူး ဆန်းဘဲ မိမိဘက်က မှန်နေပါသည်ဆိုပါက ရင်ဆိုင်ရုံသာရှိသည်။ "ကိုယ့်အလုပ်က ဘာ လဲဆိုတာ ကိုယ့်ဘာသာသိဖို့ပဲ အရေးကြီးပါ တယ်" ဟုသာ ပြောရန်ရှိပါတော့သည်။
 
 

Most Read

Most Recent