၂၀၁၈ ခုနှစ် လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတင်းကျပ်စွာ ချထားနိုင်ရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများက တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်နေကြောင်း တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးရမ်ဇမန်းက ပြောကြားသည်။
“တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ် ချထားနိုင်ဖို့အတွက် ဒေသဆိုင်ရာအဖွဲ့အစည်းတွေရယ် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေရယ် ဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့ စီစဉ်နေပါတယ်” ဟု ဦးရမ်ဇမန်းက ပြောကြားသည်။
တမူးမဲဆန္ဒနယ်မြေတွင် မဲဆန္ဒရှင် ၃၅၄၂၂ ဦးနှင့် မဲရုံပေါင်း ၃၈ ရုံ ဖွင့်လှစ်ထားပြီး လက်ရှိအချိန်ထိ မဲဆန္ဒနယ်ပြင်ပမှ ကြိုတင်မဲပေးသူ ၄၉ ဦးသာရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန် ၂၉ ရက်က တမူးမဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထန်ခိုဟောက် ကွယ်လွန်သွားခဲ့သောကြောင့် ၎င်းနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရခြင်း ဖြစ်သည်။
တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီလေးခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဦးအောင်ရွှေ (ခ) ဦးဇကာလ်ခါးမာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဦးရိုထန်းပွီးယာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဦးအွန်ခိုထန် (ခ) ဦးချစ်မောင်နှင့် ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဇမ်ကဲမ်မန်တို့က ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒအမှတ် (၂) (အကျုံးဝင်သောမြို့နယ် မြစ်ကြီးနား) ဖြစ်သည်။
ထို့အတူ လစ်လပ်တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့ဖြစ်ကြောင်း သိရသည်။