မကြာမီပြန်စမည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအပါအဝင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။(၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ဧပြီလအတွင်းမှစ၍ ခေတ္တရပ်နားထားပြီး မေ ၁၁ ရက်တွင် ပုံမှန်အစည်းအဝေးများကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။"ဥပဒေကြမ်းတွေကတော့ အမြဲတမ်းကျန်နေမှာပေါ့။ အဲဒီတော့ အရေးကြီးတာတွေကိုကြီးသလို ဦးစားပေးအလိုက် ဆောင်ရွက်သွားရမှာပေါ့။ မျိုးစောင့်ဥပဒေတို့ နောက် အမျိုးသားလွှတ်တော်ကိုရောက်နေတဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေတို့ ဒါတွေကို လတ်တလော အဓိကဆွေးနွေးသွားမယ်" ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းကပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သို့မဟုတ် ရွေးကောက်ပွဲနောက်ဆုံးကာလအထိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဟု အမေရိကန်သို့ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို မေ ၁၁ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်တွင်ဆွေးနွေးရန် ရာခိုင်နှုန်း ၉၀ သေချာကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားထားသည်။ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မစုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မပေါင်း ၂၁၀ ခုအားပြင်ဆင်ရန် အကြံပြုထားသည်။အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၃၁ ချက်ဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုထားကာ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ထားသည်။အမျိုးသားပညာရေးဥပဒေပုဒ်မ ၆၂ ။(က) တွင် နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ ရာခိုင်နှုန်း ၂၀ အနည်းဆုံးသုံးစွဲမည်ဟု ပညာရေးဝန်ကြီးဌာနမှ အဆိုပြုပြဋ္ဌာန်းထားသည်။အဆိုပါ "ဥပဒေပုဒ်မ ၆၂ ။ (က) အား နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း သင့်လျော်သည့်ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သုံးစွဲနိုင်ရန် ရည်မှန်းဆောင်ရွက်ရမည်" ဟု အမျိုးသားလွှတ်တော်ကအတည်ပြုထားပြီး ယင်းအတည်ပြုချက်အား ပြည်သူ့လွှတ်တော်က "နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်ကို နိုင်ငံအသုံးစရိတ်အားလုံး၏ ရာခိုင်နှုန်း ၂၀ အထိရောက်ရှိရေးအတွက် ရည်မှန်းချက်ထားရှိဆောင်ရွက်ရမည်" ဟု ပြင်ဆင်အတည်ပြုထားသည်။မေ ၁၁ ရက်တွင် ပြန်လည်ပြုလုပ်မည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေး၌ မျိုးစောင့်ဥပဒေကြမ်းများကိုလည်း ဆွေးနွေးအတည်ပြုရန်ရှိကြောင်း သတင်းရရှိသည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော်က ဥပဒေပေါင်း ၁၅၉ ခုအား ပြဋ္ဌာန်းအတည်ပြုထားသည်။
မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအပါအဝင် အမျိုးသားပညာရေးနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်