လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း
Published 5 May 2015
ကျွန်း

မကြာမီက အလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေ ပိုမိုစိတ်ဝင်စားတဲ့ အကြောင်းအရာမို့ တက်ရောက်သူထဲမှာ အမျိုးသားအရေအတွက်က သိသာထင်ရှားစွာ နည်းပါးပါတယ်။ ဆွေးနွေးပွဲရဲ့ တစ်နေရာမှာ အဖွဲ့ငယ်နှစ်ဖွဲ့ခွဲ၊ အဖွဲ့လိုက် ဆွေးနွေးပြီး ရလဒ်ကို ပြဇာတ်တိုကလေးနဲ့ ပြန်လည်တင်ပြရတဲ့ ကဏ္ဍလေးတစ်ခု ပါပါတယ်။ အဲဒီ တင်ပြချက်ကလေးတွေ ပြီးတဲ့အချိန်မှာ ဦးဆောင်ဆွေးနွေးသူက အဖွဲ့တစ်ဖွဲ့မှာ အမျိုးသားနှစ်ယောက်စီပဲပါပြီး ကျန်သူအားလုံးက အမျိုးသမီးတွေ ဖြစ်နေပေမယ့် ပြဇာတ်တိုကို ဦးဆောင်စီစဉ်သွားသူက နှစ်ဖွဲ့စလုံးမှာ အမျိုးသားတွေပဲ ဖြစ်နေကြောင်း ထောက်ပြ ပြောဆိုပါတယ်။ခေါင်းဆောင်ဆိုတာက အမျိုးသားပဲ ဖြစ်ရမယ်လို့ အားလုံးရဲ့ မသိစိတ်က ခံစားကြရင်းက ဖြစ်သွားတာလားလို့ ဆက်ဆွေးနွေးကြရင်း၊ ‘မသိစိတ်က ဘက်လိုက်ခြင်း’ ဆိုတဲ့ အကြောင်းအရာကလေး ကျွန်မခေါင်းထဲ ရောက်လာပါတယ်။ တကယ့် ဖြစ်ရပ်မှန်က ကျွန်မတို့ပါဝင်တဲ့ အဖွဲ့မှာ ဦးဆောင်စီစဉ်သူက အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးသူက သူမဘေးက ပံ့ပိုးကူညီသူ အမျိုးသားကို ခေါင်းဆောင်လို့ ထင်မှတ်မှားသွားခြင်းပါ။ ဒီနေရာမှာ ဦးဆောင်ဆွေးနွေးသူ ကိုယ်တိုင်ရဲ့ မသိစိတ်ကိုက ဘက်လိုက်ပြီး အမြင်မှားသွားခဲ့ပုံရပါတယ်။ အမျိုးသားတွေပဲ ခေါင်းဆောင်လုပ်ကြမှာ၊ အမျိုးသမီးတွေက နောက်လိုက်အဖြစ် ကျေကျေနပ်နပ် ခံယူကြမှာပဲဆိုတဲ့ တွေ့နေကျ ပုံရိပ်တွေက မသိစိတ်ထဲမှာ စွဲနေပုံရပါတယ်။  မသိစိတ်က ဘက်လိုက်ခြင်းလို့ မိမိဘာသာ နားလည်လွယ်အောင် ဘာသာပြန်ထားတဲ့ Implicit bias ဆိုတဲ့ သဘောတရားကလေးကို ကျွန်မ သိနားလည်ခွင့်ရတာ မကြာသေးပါဘူး။ အင်တာနက်ပေါ်မှာ အခမဲ့ တက်ခွင့်ရတဲ့ လူမှုရေးစိတ်ပညာအတန်း တစ်ခုကနေ သိနားလည်ခွင့် ရခဲ့ခြင်းပါ။ မသိစိတ်ထဲက မှတ်ဉာဏ်တွေကို ဆန်းစစ်တဲ့ စမ်းသပ်မှု (Implicit Association Test) ကို ပူးတွဲဖန်တီးခဲ့သူ ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်၊ သုတေသီ ပရော်ဖက်ဆာ မဇာရင်ဘန်နာဂျီရဲ့ ရှင်းပြချက်ကလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ကျွန်မတို့ စိတ်ပညာနဲ့ ဦးနှောက်နဲ့ အာရုံကြောသိပ္ပံပညာရှင် အများစုက လူ့စိတ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက သိစိတ်မပါဘဲ အလုပ်လုပ်နေကြတယ်လို့ ယုံကြည်ကြပါတယ်။ ကမ္ဘာပေါ်မှာ လူအချင်းချင်း အန္တရာယ်ပြုမှုတွေကို မြင်တွေ့ရတဲ့အခါ ကျွန်မတို့က ‘လူကောင်းတွေက အခြားသူတွေကို ဘယ်လိုပုံစံမျိုးနဲ့ အန္တရာယ် ပြုတတ်ကြသလဲ’ ဆိုတဲ့ မေးခွန်းကို စတင်မေးမြန်းဖို့ လိုအပ်လာကြပါတယ်။ ဥပမာလေးတစ်ခုက ကျွန်မတို့ လေ့လာခဲ့ကြတဲ့ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့က ဆရာဝန်အချို့အကြောင်း ဖြစ်ပါတယ်။အဲဒီဆရာဝန်တွေက အလွန်ကို စိတ်ထားကောင်းမွန်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က ဆင်းရဲသားတွေကို ဂရုစိုက်ကြပါတယ်။ သူတို့က ကျန်းမာရေးအာမခံ မရှိတဲ့ လူတွေကို ကုသပေးတဲ့ ဆေးရုံလို နေရာမျိုးတွေမှာ အလုပ်လုပ်ကြပါတယ်။ တကယ်ကို ကြည်နူးအံ့သြစရာကောင်းတဲ့ အလုပ်တွေကို လုပ်နေကြတဲ့သူတွေပါ။ ဒါပေမဲ့ စိတ်ပညာရှင်တွေ စမ်းသပ်မှုတွေ ပြုလုပ်ပြီး ရလာတဲ့ ရလဒ်က အဲဒီလို စိတ်ကောင်းစေတနာကောင်းရှိလှတဲ့ ဆရာဝန်တွေထဲမှာတောင် မသိစိတ်က ဘက်လိုက်ခြင်း၊ ခွဲခြားခြင်းဆိုတဲ့ အရာတွေ ရှိနေကြပါတယ်တဲ့။ကျွန်မတို့ရဲ့ စမ်းသပ်မှုက ဆရာဝန်တွေရဲ့ မသိစိတ်ထဲက မှတ်ဉာဏ်နဲ့ စကားလုံးတွေ ဆက်စပ်ခြင်းကို တိုင်းတာတဲ့ စမ်းသပ်မှုပါ။ ကောင်းတဲ့အရာတွေ (အချစ်၊ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ မိတ်ဆွေ သူငယ်ချင်းဖြစ်ခြင်း အစရှိတဲ့ စကားလုံးတွေ) ကို လူဖြူ၊ လူမည်း နှစ်အုပ်စုနဲ့ ဘယ်လောက် မြန်မြန်ဆန်ဆန် တွဲစပ်ကြည့်နိုင်သလဲဆိုတဲ့ တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ လူမည်းတွေကို ကောင်းတဲ့အရာတွေနဲ့ ဆက်စပ်ကြည့်ဖို့ ခက်ခဲတယ်လို့ တွေ့ရှိရတဲ့ ဆရာဝန်တွေက လူမည်းတွေကို ဆေးကုသမှုပေးရာမှာ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါတယ်။အဲဒါက အလွန်ကို အံ့သြတုန်လှုပ်စရာကောင်းတဲ့အချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အဲဒီလိုလုပ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြပါဘူး။ အားလုံးကို တန်းတူရည်တူ ကုသပေးဖို့ ရည်ရွယ်ခဲ့ကြသူတွေပါ။ အဲဒီတွေ့ရှိချက်တွေက ကျွန်မတို့က မိမိအပေါ် မိမိထားရှိတဲ့ စံနှုန်းတွေကို ပိုမြှင့်ဖို့ လိုလာပြီဆိုတာကို ပြသနေပါတယ်။ မသိစိတ်ထဲက ဘက်လိုက်နေရင်ကို အမှန်တကယ် လူကောင်းတွေဖြစ်ကြဖို့ ခဲယဉ်းပါတယ်။ အဲဒီတော့ မိမိကိုယ်မိမိ အပြည့်အ၀ ဖွင့်ထုတ်ပြီး သိရှိဖို့ လိုအပ်လာပါတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အတွင်းစိတ်အထိ အပြည့်အ၀ သိရှိပြီးရင်တော့၊ ကွဲပြားတဲ့ ဆုံးဖြတ်ချက်တွေကို ချမိကောင်း ချမိကြပါလိမ့်မယ်။ မသိစိတ်က ဘက်လိုက်မှုတွေရဲ့ ဗဟိုချက် ဖြစ်ပါတယ်။ဘာကြောင့် အဲဒီလိုတွေ ဖြစ်ရပါသလဲ။ ဖြစ်ရပ်တွေ၊ အကြောင်းအရာတွေက အချို့လူအုပ်စုဝင်တွေနဲ့ တွဲရင် ကောင်းတတ်ပြီး၊ အချို့လူအုပ်စုဝင်တွေနဲ့ တွဲရင် ဆိုးတတ်တယ် ဆိုတာမျိုးကို ကျွန်မတို့ အမြဲတမ်း မြင်တွေ့နေရလို့ပါပဲ။ အဲဒီလို ရိုးရိုးလေး မြင်တွေ့နေရတာတွေက အချိန်ကြာလာတဲ့အခါ သက်ရောက်မှုတွေ ရှိပါတယ်။ ‘ထိတွေ့ရုံမျှသာဖြင့်’ ဆိုတာက အလွန်ကို အားကောင်းတဲ့ စကားစုလေး ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သင်က လမ်းဘေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးပေါ်မှာ ရုပ်ပုံတစ်ခုကို တွေ့မိပါမယ်။ အဲဒီလို တွေ့လိုက်ရတဲ့ ရုပ်ပုံက သင့်ကို ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရုပ်ပုံက သင်ဒီအတိုင်း မတွေးမိမယ့် အရာတွေကို သတိရစေနိုင်လို့ပါ။မသိစိတ်က ဘက်လိုက်မှုအတွက် ကျွန်မတို့ ပထမဆုံး လုပ်နိုင်တာက အဲဒါတွေကို သတိပြုမိကြဖို့ပါပဲ။ သတိပြုမိခြင်းကနေ အပြုအမူတွေကို ပြောင်းလဲနိုင်ကြပါတယ်။ တစ်ခါတစ်ရံမှာ လူတွေက ကျွန်မကို မေးတတ်ကြပါတယ်။ ‘အခု မင်းက မင်းကိုယ်တိုင်ရဲ့ မသိစိတ်က ဘက်လိုက်တာတွေကို သိပြီ၊ အဲဒီတော့ ဒီအတွက် မင်းဘာလုပ်သလဲ’ တဲ့။ကျွန်မအတွက် ကျွန်မလုပ်တဲ့ အရာတွေထဲက တစ်ခုကတော့ လအနည်းငယ်တိုင်းမှာ တစ်ကြိမ်၊ ကျွန်မရှေ့က ကွန်ပျူတာပေါ်မှာ လည်နေမယ့် ပုံရိပ်အသစ်တစ်ခု တင်ပါတယ်။ အဲဒီပုံရိပ်တွေထဲက တစ်ခုက အမျိုးသမီးတစ်ဦးရဲ့ ရုပ်ပုံဖြစ်ပါတယ်။ သူမက ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဖြစ်ပါတယ်။ သူမက ဂျင်းဘောင်းဘီ၊ လေးပင်တဲ့ လည်ရှည်ဖိနပ်ကို ဝတ်ထားပြီး မာကျောတဲ့ ဦးထုပ်ကို ဆောင်းထားပါတယ်။ ပြီးတော့ သူမက နေ့လယ်ထမင်းစားချိန်မှာ ကလေးကို နို့တိုက်နေပါတယ်။ တကယ်လို့ ကျွန်မက ‘ဆောက်လုပ်ရေးလုပ်သား’ လို့ပြောရင် ဘယ်လိုပုံရိပ်မျိုးတွေ သင့်ခေါင်းထဲ ရောက်လာသလဲ။ ဒီလိုပုံမျိုးတော့ မဟုတ်နိုင်ပါဘူး။ ကျွန်မရဲ့ မျှော်လင့်ချက်က အဲဒီလို အလွယ်တကူ မမြင်မိတတ်တဲ့ပုံမျိုး များများစားစား မြင်လာတဲ့အခါ သင့်ရဲ့စိတ်က ပိုမိုကျယ်ပြန့်လာပြီး ဖြစ်နိုင်တဲ့ အရာအားလုံးကို မြင်ယောင်စွမ်း ရှိလာပါလိမ့်မယ်။အရပ်ပုတဲ့ လူတစ်ဦးကိုလည်း သမ္မတအဖြစ် မြင်ယောင်ကြည့်လို့ ရနိုင်လာပါမယ်။  အဲဒါက အမေရိကန်နိုင်ငံမှာ မဖြစ်နိုင်သလောက်လို့ ပြောရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲတိုင်းမှာ အနည်းငယ် အရပ်ပိုရှည်တဲ့သူက အနိုင်ရပါတယ်။ အဲဒီတော့ သင်က သင့်အရပ် အနိမ့်အမြင့်က ဒီအလုပ်ကို ရမယ်မရဘူး ဆိုတာမျိုး ဆုံးဖြတ်ပေးမယ့် နိုင်ငံမျိုးမှာ နေချင်မှာ မဟုတ်ပါဘူး။ သင့်ဦးနှောက်၊ သင့်အိုင်ဒီယာ၊ သင့်တန်ဖိုးထားမှုတွေကသာ ဒါကို ဆုံးဖြတ်ပေးတာ ဖြစ်သင့်ပါတယ်။မီဒီယာက ဦးနှောက်အတွက် ‘အစားအစာ’ နဲ့ တူပါတယ်။ ကျန်းမာစေမယ့် အစာကို စားမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သင်က သင်နဲ့ထိတေ့ွမယ့် မီဒီယာတွေကို ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ အစားအသောက်ကို ရွေးချယ်စားသောက်သလို ပုံစံမျိုးနဲ့ တွေးကြည့်ဖို့ သင့်တယ်လို့ ထင်ပါတယ်။ ဦးနှောက်ကို မှန်ကန်တဲ့ အစားအစာတွေ ကျွေးခြင်းက မသိစိတ်က ဘက်လိုက်ခြင်းတွေကို လျော့ကျစေနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။(ညွှန်း - www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာသင်ကြားပို့ ချချက်)

Most Read

Most Recent