တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်းအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ၏ သဘောထားဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး အစိုးရနှင့် ပြန်လည်ဆွေးနွေးရမည်ဆိုသည့်အချက်ကို NCCT အဖွဲ့ခေါင်းဆောင် ရှင်းပြ

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်းအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ၏ သဘောထားဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး အစိုးရနှင့် ပြန်လည်ဆွေးနွေးရမည်ဆိုသည့်အချက်ကို NCCT အဖွဲ့ခေါင်းဆောင် ရှင်းပြ
Published 3 May 2015
မင်းသီဟဇော်၊ အောင်ဇော်ထွန်း

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ သဘောထားဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး အစိုးရနှင့်ပြန်လည်ဆွေးနွေးရမည် ဆိုသည့်အချက်ကို မေ ၁ ရက်က ပြုလုပ်သည့် ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ရှင်းပြခဲ့သည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောကြားသည်။
 
“ဝ”  ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) က ကြီးမှူးကျင်းပသော ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့  တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့မှ အဖွဲ့အစည်းအချို့သည် UWPC နှင့် NCCTတို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိသေးသည့်အပေါ် ပြန်လည်ရှင်းပြခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
 
ဦးနိုင်ဟံသာက “ရရှိထားတဲ့ မူကြမ်းအပေါ်မှာ အဖွဲ့ပေါင်းစုံက တစ်ဖက်က နားလည်အောင်၊ လက်ခံအောင် ရှင်းပြဖို့လိုတယ်ဗျ။ အခုအချိန်မှာ တချို့အဖွဲ့တွေက အဲဒါ မရှင်းဘူး။ ဒီမူကြမ်းကတော့ ပြင်လို့မရတော့ဘူးလို့ ထင်နေတာလည်း ရှိတယ်လေ။ အဲဒါကို မနေ့က ရှင်းပြပြီးပြီ။ တချို့အဖွဲ့တွေက အဲဒီအပေါ်မှာ မရှင်းဘူးဗျ။ အမှန်ကတော့ တို့မူကြမ်းက မူကြမ်းဆိုတဲ့ဟာက ပြင်လို့ရတယ်ဆိုတဲ့ဟာပေါ့နော်။ အဲဒါကို အများကို ပြန်ရှင်းပြပြီးတော့မှ အဖွဲ့ပေါင်းစုံရဲ့သဘောထားနဲ့ ပြင်ဆင်ဖြည့်စွက်ပြီးတော့မှပဲ တို့က အတည်ယူပြီးတော့မှ တို့က ထပ်ဆွေးနွေးဖို့ ဖြစ်တယ်လေ။ အဲဒီအပေါ်မှာ တချို့က မရှင်းသေးတာလေ” ဟု ပြောကြားသည်။
 
ဆက်လက်၍ ဦးနိုင်ဟံသာက “စာချုပ်မူကြမ်းကိုတော့ ဖြည့်ရမှာပါ။ ဖြည့်ရမယ် ပြင်ရမယ်။ တချို့လည်းရှိမှာပါ။ ဒါကတော့ ရှိပြီးသား။ အဓိက ကတော့ လက်ရှိအနေအထားအရ စိတ်မချရနိုင်တဲ့ အနေအထားတွေ အဲဒီအပေါ်မှာ နည်းနည်းပိုမိုပြီးတော့ ခိုင်မာအောင် စိတ်ချရအောင် နည်းနည်းဖြည့်စွက် ဆွေးနွေးဖို့တော့ရှိမယ်။ အဓိကအားဖြင့်တော့  Code of Conduct (နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ)တို့ JMC (အပစ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့)တို့ အဲဒီကိစ္စတွေလေ။ အဲဒီမှာ လက်မှတ်ထိုးတဲ့ အချိန်မှာ အပြီးပါဝင်နိုင်ဖို့ရယ် နောက် မရှင်းတဲ့ကိစ္စတွေပေါ့ဗျာ။ တချို့ ဝေါဟာရပိုင်း မရှင်းတဲ့ကိစ္စတွေ အပစ်အခတ်နယ်မြေ စသဖြင့်ပေါ့။ အဲဒီဝေါဟာရတွေ သတ်မှတ်ချက်တွေပေါ့ဗျာ။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ဒါတွေကလည်း ပြန်လည်ပြီးတော့ ညှိနှိုင်းဖို့တော့ လိုတယ်ဗျ” ဟု ပြောကြားသည်။
 
NCCT အဖွဲ့ဝင်မဟုတ်သည့် UWSA အနေဖြင့်လည်း  တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ပြီးမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးရန်ဆိုသည့်မူကို ယေဘုယျအားဖြင့် လက်ခံထားသည်ဟု ဦးနိုင်ဟံသာက ဆိုသည်။ 
 
ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း လက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးအပေါ် KNU အဖွဲ့၏ သဘောထားကို တင်ပြခဲ့သည်ဟု အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
 
NCCT အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) လည်းဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက “ပြည်တွင်းနိုင်ငံရေးအခြေအနေကတော့ လက်ရှိပြောင်းလဲမှုရဲ့အနေအထား၊ နောက်တစ်ခုက ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီတို့ လူထုလူတန်းစား အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် လှုပ်ရှားမှုတွေ၊ အစိုးရရဲ့လှုပ်ရှားမှုတွေ၊ စိန်ခေါ်မှုတွေ တင်ပြတာဖြစ်တယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကတော့ အခုလက်ရှိပေါ့လေ ကျွန်တော်တို့ တိုင်းရင်းသားနဲ့အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတာက တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေတဲ့ NCA ကိစ္စကိုလည်း တင်ပြဆွေးနွေးတာ ဖြစ်တယ်။ တိုင်းရင်းသားတွေ ရှေ့ဆက်သွားရမယ့် ဒီမှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေပါသေးတယ်။ ဒါကို ကျွန်တော်တို့ တင်ပြဆွေးနွေးတာပါ” ဟု ပြောကြားသည်။
 

Most Read

Most Recent