အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ ပဋိပက္ခနယ်မြေသို့ ကွင်းဆင်းစစ်ဆေးရန် သဘောတူ

အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ ပဋိပက္ခနယ်မြေသို့ ကွင်းဆင်းစစ်ဆေးရန် သဘောတူ
Published 28 April 2015
ထွန်းလင်းအောင်

အစိုးရနှင့် ကေအိုင်အိုပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ ဖားကန့်ဒေသနှင့် တနိုင်းဒေသတို့မှ တိုက်ပွဲများနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ၌ ဧပြီ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဋိပက္ခနယ်မြေသို့ ကွင်းဆင်းစစ်ဆေးရန် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။ယခုတွေ့ဆုံမှုမှာ ၁၀ ကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်ကဦးဆောင်ခဲ့ပြီး ကေအိုင်အိုဘက်မှ ဗိုလ်မှူးကြီးဇော်တောင်က ဦးဆောင်ခဲ့ကြောင်း သိရသည်။ ဧပြီ ၁၈ ရက်မှ ၂၁ ရက်တွင်းဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို အဓိကဆွေးနွေးခဲ့ပြီး ပြည်သူများတင်ပြသော အခြားသောကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာထဲမှာ အခွန်ကောက်တာ၊ လူသစ်စုဆောင်းတာ၊ လယ်ယာမြေမှာ အခွန်ကောက်တာပါပါတယ်။ အောက်ခြေကို ကျွန်တော်တို့စိစစ်ပြီး အကြောင်းပြန်မှာပါ

မြောက်ပိုင်းတိုင်းစစ်ဆင်ရေး အကြီးတန်းအရာရှိကြီးတစ်ဦးက "အဓိက,ကတော့ နှစ်ဖက်ထိတွေ့မှုတွေဖြစ်နေတာနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းကြမလဲဆိုတာပါ။ လူဖမ်းတာ၊ မိုင်းခွဲတာ၊ ဆက်ကြေးကောက်တာတွေ လည်းဆွေးနွေးကြပါတယ်။ မူးယစ်ဆေးအကြောင်းပြပြီး လူထုဆန္ဒမပါဘဲ လူသစ်စုဆောင်းတာတွေပါ။ မိုင်းနင်းမိပြီး လူတွေသေကြတဲ့ ဆားမှော်ဒေသလယ်ကွင်းမှာ အလုပ်လုပ်နေတဲ့ လယ်သမားကိစ္စတွေလည်း ဆွေးနွေးကြပါတယ်။ သူတို့ဘက်ကလည်း လုံခြုံ ရေးအကြောင်းပြတာတွေရှိပါတယ်။ တနိုင်း- မြစ်ကြီးနားလမ်းပေါ်မှာ တပ်မတော်တပ်ရင်းကို မိုင်းခွဲတဲ့ကိစ္စက ကျွန်တော်တို့ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ အရင်သဘောတူချက်တွေမှာလည်း ဆက်ကြေးကောက် ၊ အများပြည်သူလမ်းမှာ မိုင်းခွဲတာတွေမလုပ်ရဘူးလို့ သဘောတူပြီးသားဖြစ်ပါတယ်။ သူတို့ဘက်ကတော့ သူတို့တပ်ရင်းဘက်ကို တိုက်ဖို့ရည်ရွယ်ချက်ရှိနေတဲ့အတွက်ကြောင့် အောက်ခြေမှာဖြစ်တာလို့အကြောင်းပြပါတယ်။ အကြောင်းပြချက်ကတော့ မကောင်းပါဘူး။ ကျွန်တော်တို့ဘက်ကတော့အထောက်အထားအများကြီးလည်းရှိနေပါတယ်။ နောက်ထပ်မဖြစ်ဖို့ ဆွေးနွေးကြတော့ ကောင်းတဲ့အကျိုးသက်ရောက်မှုရှိလာမယ်လို့ မျှော်လင့်ပါတယ်" ဟုဆိုသည်။ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဇော်တောင်က "ကေအိုင်အေရင်း ၆ ဖားကန့်ဒေသနဲ့ ရင်း ၁၄ နေရာဖြစ်ခဲ့တဲ့ တိုက်ပွဲထိတွေ့မှုကို ဆွေးနွေးကြပါတယ်။ ဧပြီ ၁၈ ရက်ကနေ ၂၁ ရက် အထိ ထိတွေ့မှုဖြစ်တဲ့ကိစ္စတွေကိုပါ။ တိုက်ပွဲထိတွေ့မှုတွေဖြစ်ရတဲ့အကြောင်းက တချို့ နေရာမှာနီးလို့။ တချို့နေရာမှာ လတ်တလောတွေ့လို့။ အကြောင်းအရာတစ်ခုခုကိုအခြေခံပြီး တပ်မတော်ကဝင်လာတဲ့အခါ တပ်ရင်းအနီးရောက်လာလို့ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကို  စဖွဲ့ကတည်းက ပြဿနာကိုမဖြစ်အောင်၊ လျော့ကျသွားအောင်ဖြစ်ပါတယ်။ တပ်တွေ တစ်နေရာနဲ့တစ်နေရာသွားရင် ပဋိပက္ခအဖွဲ့ကိုအကြောင်းကြားဖို့ ညှိနှိုင်းခဲ့ပြီးသားဖြစ်ပါတယ်။ ရှောင်သင့်ရင်ရှောင်ရအောင် ၊ တပ်တွေမတွေ့ဖြစ်အောင်ဖြစ်ပါတယ်။ အောက်ခြေအချင်းချင်းဆက်သွယ်ပြီးသွားဖို့မဟုတ်ပါဘူး။ တပ်မတော်ဘက်က အကြောင်းအရာတစ်ခုတစ်ခုကို အကြောင်းပြလာတာရှိပါတယ်။ ကွဲလွဲချက်တွေရှိလာတော့ ပြဿနာဖြစ်တဲ့နေရာအထိ ကွင်းဆင်းဖို့သဘောတူခဲ့တယ်။ အစိုးရဘက်က အထက်ကိုတင်ဖို့ရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကွင်းဆင်းစစ်ဆေးဖို့ အဆင်သင့်ပါပဲ။ အရပ်သားကိစ္စတွေဖြစ်တဲ့ အရပ်သားအဖွဲ့အစည်းတွေတင်ပြတဲ့စာတွေ ရပါတယ်။ အဲဒီစာထဲမှာ အခွန်ကောက်တာ၊ လူသစ်စုဆောင်းတာ၊ လယ်ယာမြေမှာ အခွန်ကောက်တာပါပါတယ်။ အောက်ခြေကို ကျွန်တော်တို့စိစစ်ပြီး အကြောင်းပြန်မှာပါ" ဟုဆိုသည်။

Most Read

Most Recent