သတင်းစာဆရာနှင့် သတင်းထောက်

သတင်းစာဆရာနှင့် သတင်းထောက်
Published 26 April 2015
မြေနီသစ္စာ

လွန်ခဲ့သော (၇၇ နှစ်) (၂၆-၂-၁၉၃၈) နေ့စွဲဖြင့် သတင်းစာဆိုင်ရာ စာအုပ်တစ်အုပ် ထွက်ရှိလာသည်။ တိုးတက်ရေးဦးစိန် (ဦးပဂျီငို) က အခမဲ့ ထုတ်ဝေလိုက်သည့် သတင်းစာဆရာနှင့် သတင်းထောက်။မြန်မာသတင်းစာလောက ထွန်းသစ်စကာလတွင် ရှေးဦးမြန်မာသတင်းစာ ဆရာတို့သည် သတင်းစာလောက ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ယင်းသို့ကြိုးပမ်း အားထုတ်ရာတွင် တိုးတက်ရေးဦးစိန်သည် ရှေ့ဆုံးက ပါသည်။ သတင်းစာဆရာနှင့် သတင်းထောက်ကို ထုတ်ဝေလိုက်သည့်အတွက် ရည်ရွယ်ချက်နှစ်ရပ် ရှိသည်။ သတင်းစာပညာ  ထွန်းကားပြန့်ပွားလာစေရန်နှင့် မြန်မာ့သတင်းစာ လောကအတွက် မျိုးဆက်သစ်တို့ကို စည်းရုံးမွေးထုတ်ပေးရန် ဖြစ်သည်။‘သတင်းစာလုပ်ငန်းသည် တကယ်တမ်း လုပ်မည်ဆိုလျှင် လုပ်ငန်းတကာတို့တွင် ရပ်နားခြင်း အချိန်မရှိနိုင်လောက်အောင် ကြီးလေးသောလုပ်ငန်း ဖြစ်လေသည်။ သတင်းစာတိုက်တွင် လုပ်ကိုင်ရရှာသော သတင်းစာဆရာများမှာလည်း လောကကြောင်း၊ ဓမ္မကြောင်းတို့ကို မတိမ်းမစောင်းရအောင် အထူးကြိုးစားဆောင်ရွက်ကာ နေကြရကုန်၏။တကယ့် သတင်းစာဆရာတို့မှာ မှန်ကန်သည်ကိုသာ အဂတိတရားလေးပါး မလိုက်စားဘဲ တော်မှန်ဖြောင့်မတ်စွာ ဆောင်ရွက်ရလေသည်။ သတင်းစာများတွင် ကျွနု်ပ်တို့ဟု ရေးသားသုံးနှုန်းလေ့ ရှိကြလေသည်။ တစ်နည်းအားဖြင့် ကျွနု်ပ်တို့ဟူသော စကားကို သုံးခြင်းမှာ သတင်းစာများသည် တိုင်းပြည်ကိုယ်စားလှယ်ကြီး ပြည်ကြီးဝန်ကို ထမ်းရွက်နေကြရသော တိုင်းသူပြည်သား လူအများတို့၏ ကိုယ်စားလှယ်ကြီးများဟု ယူဆကာ သုံးစွဲကြခြင်းလည်း ဖြစ်လေသည်။ ယင်းသတင်းစာ သုတတို့ဖြင့် သူလေ့လာပွားများမှုတို့ကို ဖွဲ့ညွှန်းထား၏။တိုးတက်ရေး ဦးစိန်သည် တိုးတက်ရေးသတင်းစာဖြင့် သတင်းစာလောကသို့ မရောက်မီက ဓနိတောဘီအိုစီစာရေး၊ စတန့်မင်းသားနှင့် ရုပ်ရှင်ဒါရိုက်တာ၊ ကြီးပွားရေးလမ်းပြ စာရေးဆရာဘဝတို့ကို ဖြတ်သန်းကျော်လွှားခဲ့သည်။ တိုးတက်ရေးသတင်းစာကို မထုတ်ဝေနိုင်မီ တိုးတက်ရေးမဂ္ဂဇင်းကို သူ့အသက် ၃၆ နှစ် ၁၉၃၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ စင်စစ် တိုးတက်ရေးမဂ္ဂဇင်းသည်ပင် တိုးတက်ရေးသတင်းစာ ဖြစ်ထွန်းပေါ်ပေါက်လာရန် ပျိုးခင်းသဖွယ် ဖြစ်လေသည်။တိုးတက်ရေးဦးစိန်သည် မြန်မာသတင်းစာလောကတွင် ထင်ရှားကျော်ကြားသော သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ လက်ဦးဆရာလည်းဖြစ်သည်။ ဟံသာဝတီ ဦးဝင်းတင်ကို ပြည်သူလူထုဘက်က ရပ်တည်သော သတင်းစာဆရာကြီးဘဝသို့ ရောက်ရှိအောင် ‘ကြိုးစားက ဘုရားဖြစ်နိုင်သည်’ ဆောင်ပုဒ်ဖြင့် ဦးဆောင်ခဲ့သူဖြစ်၏။၁၉၃၆ ခုနှစ်တွင် တိုးတက်ရေးသတင်းစာ အရင် ဘားမားဂျာနယ်ကို ထုတ်ဝေခဲ့သေး၏။ ယင်းနောက် ၁၉၃၈ သို့ ရောက်သောအခါတွင် သူ့အတွေ့အကြုံနှင့် ဆည်းပူးအား ထုတ်မှုတို့ကို အရင်းတည်လျက် တိုးတက်ရေးသတင်းစာကို ထုတ်ဝေလိုက်ခြင်း ဖြစ်လေသည်။ သူ၏ အားထုတ်မှုမှာ ချီးကျူးရလောက်ပေသည်။ တိုးတက်ရေးသတင်းစာကို ထုတ်ဝေစဉ်မှာပင် တိုးတက်ရေးမဂ္ဂဇင်းနှင့် ဘားမားဂျာနယ်တို့ကို တစ်ပြိုင်တည်း ထုတ်ဝေခဲ့သူဖြစ်၏။ မဂ္ဂဇင်း၊ ဂျာနယ် သတင်းစာတို့ကို အောင်မြင်အောင် တစ်ပြိုင်တည်း ထုတ်ဝေနိုင်သူဖြစ်၍ မြန်မာစာနယ်ဇင်းလောကတွင် ထူးခြားထင်ရှားသည့် စာပေပညာရှင်အဖြစ် ကျော်ကြားခဲ့သူဖြစ်၏။တိုးတက်ရေးဦးစိန်၏ သတင်းစာဆရာနှင့် သတင်းထောက်တွင် ကမ္ဘာ့သတင်းစာလောက၏ သတင်းစာတို့အတွက် လမ်းညွှန်ချက် ၁၂ ရပ်ကို ထည့်သွင်းဖော်ပြထား၏။ ဦးစိန်သည် အလွန်ကြိုးပမ်း အားထုတ်သူဖြစ်ရာ သူ၏ တိုးတက်ရေးသတင်းစာအတွက် သာမက သတင်းထောက်နှင့် သတင်းစာဆရာများ အတွက်လည်း လမ်းညွှန်ချက်တစ်ရပ်ကို ချမှတ်ထား၏။ ယင်းလမ်းညွှန်ချက်မှာ အကောင်းဆုံးသတင်းကို အမှန်ဆုံးရအောင် ကြိုးစား၍ အမြန်ဆုံးရေးသား ဖော်ပြရန်သည် အရေးအကြီးဆုံး ဖြစ်လေသည်ဟူသော သတိပေးချက်ပင်။တိုးတက်ရေးသတင်းစာနှင့် သူ့ဂျာနယ် မဂ္ဂဇင်းနှစ်စောင်တို့သည်လည်း ကျွန်ဘဝတွင် ရေးသားထုတ်ေ၀ ဖြန့်ချိရသည်ဖြစ်ရာ ကျွန်ဘဝက လွတ်မြောက်အောင် မြန်မာ့လွတ်လပ်ရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီလျက် တိုက်ပွဲဝင်ရေးသားခဲ့ရသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ထိုခေတ်ထိုကာလက မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲအဆင့်ဆင့်ကို အခက်အခဲ အမျိုးမျိုးတို့ကြားက ဖြတ်သန်းကျော်လွှားနေရချိန်တွင် တိုးတက်ရေးသတင်းစာသည်လည်း ဗိုလ်ချုပ်၏ လွတ်လပ်ရေးနှင့်အမီ သတင်းစာဂျာနယ်လစ်တို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့လေသည်။ သူ၏ သတင်းစာဆရာနှင့် သတင်းထောက်တွင် နောက်ဆုံး အရေးကြီးဆုံးအချက်အဖြစ် ဘုရားဟောဒေသနာတော်ကို မိန့်မှာထားသည်။ ဘုရားရှင်သည် တပည့်သားတို့အား ‘ချစ်သားတို့ သတိမမေ့ကြကုန်လင့်၊ သတိနှင့် ကောင်းစွာပြည့်စုံကြလော့’ ဟူသော (အပ္ပမာ ဒေန သမ္မာဒေထ) မိန့်မှာချက်ပင်။သတင်းစာဆရာ၊ သတင်းထောက်တို့အတွက် သတိသည် မမေ့မလျော့ အမြဲရှိနေရပေမည်။ သတိတစ်ချက် လစ်သွားသည်နှင့် တာဝန်နှင့် ဝတ္တရား ချို့ယွင်းသွားရသည်တို့သည် သတင်းစာလောကတွင် မကြာခဏ ဖြစ်တတ်၏။ ယင်းကြောင့် ဆရာကြီး တိုးတက်ရေးဦးစိန်သည် (အပ္ပမာဒေန သမ္မာ ဒေထ) ကို အထူးနှလုံးသွင်းလျက် အစဉ်တည်ထောင် ဆောင်ရွက်သွားဖို့ မိန့်မှာထားခြင်းဖြစ်၏။သတင်းစာဆရာနှင့် သတင်းထောက်သည် ယနေ့ခေတ် သတင်းစာလောကသို့ ရောက်ရှိလာအောင် ပို့ဆောင်ပေးသော ရှေးဦးအကျိုးဆောင် ယာဉ်ရထားတစ်စင်းဖြစ်သည်ဟု ပုံဆောင်တင်စားလိုက်ရမည် ဆိုပါက ထင်ရှားသိသာစွာပင် ဆိုသင့်ဆိုအပ်လှပေတော့၏။