အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၀) နှစ်ပြည့် အာရှ-အာဖရိကထိပ်သီး ညီလာခံဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းအဝေးသို့ သမ္မတဦးသိန်းစိန် တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၀) နှစ်ပြည့် အာရှ-အာဖရိကထိပ်သီး ညီလာခံဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းအဝေးသို့ သမ္မတဦးသိန်းစိန် တက်ရောက်
Published 22 April 2015

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ကွန်ဗင်းရှင်းစင်တာ၌ ဧပြီ ၂၂ ရက် နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်သည့် (၁၀) နှစ်ပြည့် အာရှ-အာဖရိက ထိပ်သီးညီလာခံဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အာရှနှင့် အာဖရိနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက အဖွင့်မိန့်ခွန်းပြောကြားကာ အာရှ-အာဖရိက နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများက မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြသည်။လွတ်လပ်ပြီးစ နိုင်ငံများ၏ ထက်သန်ပြင်းပြသည့် ရည်မှန်းချက်များကို တုံ့ပြန်သည့်အနေဖြင့် အာရှ-အာဖရိက နိုင်ငံများမှ ခေါင်းဆောင်များသည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများအနက် အဓိကရပ်တည်ချက်ဖြစ်သည့် ၁၉၅၅ ခုနှစ် အာရှ-အာဖရိက ညီလာခံတွင် ချမှတ်ခဲ့သည့် ဘန်ဒေါင်းအခြေခံမူ (၁၀) ချက်ကို မဟာဗျူ ဟာမြောက် ရည်မှန်းချက် သမိုင်းမှတ်တိုင်အဖြစ် ရဲဝံ့စွာ ဖော်ထုတ်ခဲ့ကြကြောင်း၊ ဘန်ဒေါင်းအခြေခံမူ (၁၀) ချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ထိန်းသိမ်းရန်ဆိုသည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ်စာတမ်းပါ မွန်မြတ်သည့် ရည်ရွယ်ချက်နှင့် အခြေခံမူများနှင့် အညီလက်ရှိ အဖွဲ့ဝင်နိုင်ငံ ၁၂၀ ရှိသည့် ဘက်မလိုက် လှုပ်ရှားမှုကို ပေါ်ပေါက်စေခဲ့ပါကြောင်း စသည်ဖြင့် သမ္မတဦးသိန်းစိန်က ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံသည် အိမ်ရှင်အင် ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့်အတူ ၁၉၅၅ ခုနှစ်တွင် ပထမဆုံး ဘန်ဒေါင်းညီလာခံကို ပူးတွဲအဆိုပြုခဲ့သည့် ငါးနိုင်ငံထဲမှာ ပါဝင်သည်ကို ဂုဏ်ယူစွာ ပြောကြားလိုကြောင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု တိုးတက်စေရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း ခေါင်းစဉ်နှင့် အာရှ-အာဖရိက ညီလာခံ၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ် (ဘန်ဒေါင်းညီလာခံ) ကို အမှတ်ရစေရန် မိမိတို့အားလုံး ဤနေရာတွင် ရောက်ရှိနေခြင်းအတွက် ကျေနပ်အားရမိကြောင်း သမ္မတက ပြောကြားသည်။ထို့နောက် အာရှ-အာဖရိက ထိပ်သီးညီလာခံများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ကျင်းပရာ ပထမမြောက်နေ့အနေဖြင့် သုံးကြိမ်တိုင်တိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent