UNA နှင့် NBF နှစ်ဖွဲ့စလုံးတွင် မဟာမိတ်အဖြစ်ပါဝင်ရန် ရခိုင်အမျိုးသားပါတီ် ဆုံးဖြတ်ထား

UNA နှင့် NBF နှစ်ဖွဲ့စလုံးတွင် မဟာမိတ်အဖြစ်ပါဝင်ရန် ရခိုင်အမျိုးသားပါတီ် ဆုံးဖြတ်ထား
Published 21 April 2015
ကျော်ဇင်ဝင်း

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) နှစ်ဖွဲ့လုံးတွင် မဟာမိတ်အဖြစ် ဆက်လက်ပါဝင်ရန် ရခိုင်အမျိုးသားပါတီအနေဖြင့် ဆုံးဖြတ်ထားကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။ထိုသို့ နှစ်ဖက်စလုံးဖြင့် မဟာမိတ်ဆက်ဆံရေးထူထောင်သွားရန် ဆုံးဖြတ်ချက်ကို ဧပြီ ၃ ရက်မှ ၄ ရက်အထိပြုလုပ်သည့် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အကယ်၍ မဟာမိတ်နှစ်ဖွဲ့အနက် တစ်ဖွဲ့ဖွဲ့မှ အခြားတစ်ဖွဲ့တွင်ပါဝင်သဖြင့် ရခိုင်အမျိုးသားပါတီအား မဟာမိတ်အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း ဆုံးဖြတ်ပါကလည်း နာခံရန်အသင့်ရှိကြောင်း ဦးထွန်းအောင်ကျော်ကဆိုသည်။ရခိုင်အမျိုးသားပါတီအဖြစ် ပူးပေါင်းဖွဲ့စည်းထားသည် ရခိုင်တိုင်းရင်းသားနှစ်ပါတီအနက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ (UNA) အဖွဲ့ဝင်ပါတီဖြစ်ပြီး ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှာ (NBF)  အဖွဲ့ဝင်ပါတီအဖြစ် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။    "အစတုန်းကတော့ပြဿနာမရှိဘူး။ သူ့လိုင်းနဲ့သူသွားနေတာပေါ့။ နှစ်ပါတီပေါင်းလိုက်တော့ တစ်ပါတီဖြစ်သွားတဲ့အခါကျတော့ တစ်ဖက်ဖက်ကိုရွေးပါဆိုတော့ ကျွန်တော်တို့က ခွကျတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ခုစလုံးက တိုင်းရင်းသားပါတီတွေဖြစ်နေတယ်။ နောက်တစ်ခုကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်သွားနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်တယ်ဆိုတော့ ဘယ်အဖွဲ့ကို ဘယ်လိုအကြောင်းနဲ့များ မဆက်ဆံဘဲနေကြမလဲဆိုတာ ကျွန်တော်တို့ပါတီအတွက် အများကြီးအခက်အခဲရှိပါတယ်။ ကိုယ့်တိုင်းရင်းသားညီအစ်ကိုအချင်းချင်းဗျာ။ ဘယ်သူ့သွားပြီးအပြစ်ရှာမလဲ" ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။    ယခုကဲ့သို့ ရခိုင်အမျိုးသားပါတီ၏ နှစ်ဖက်စလုံးတွင် မဟာမိတ်ဆက်ဆံရေးထူထောင်ရန်ဆုံးဖြတ်ချက်သည် မဖြစ်နိုင်ကြောင်းနှင့် NBF အဖွဲ့၏မူအရ တစ်ဖက်၌ပါဝင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း NBF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောကြားသည်။    "ကျွန်တော်တို့ နဂိုကတည်းက NBF မူဝါဒရှိပါတယ်။ ကျွန်တော်တို့က ဟိုဘက်သွားလည်း တိုင်းရင်းသားအချင်းချင်းပဲ။ အတိုက်အခံလည်းမဟုတ်ဘူး။ ထိပ်တိုက်ရင်ဆိုင်မယ့်အဖွဲ့လည်းမဟုတ်ဘူး။ သွားတယ်ဆိုရင်ပြဿနာမရှိဘူး။ သို့သော်လည်း နှစ်ဖွဲ့လုံး ဟိုဘက်လည်းပါမယ်။ ဒီဘက်လည်းပါမယ်ဆိုရင်တော့ ကျွန်တော့်မူအရဆိုရင်တော့ လက်ခံမှာမဟုတ်ဘူး။ ဟိုဘက်သွားမယ်ဆိုလည်း ပြဿနာမရှိဘူး။ ကျွန်တော်တို့ထဲလာမယ်ဆိုလည်း ပြဿနာမရှိဘူး။ ဒါပေမဲ့ တစ်ပါတီတည်း နှစ်ဖက်သွားမယ်ဆိုတော့ ကျွန်တော်တို့က ရေရှည်တွက်တာပေါ့နော်" ဟု ဦးစိုင်းလှကျော်ကပြောကြားသည်။

Most Read

Most Recent