(၁)ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ပြောနေကြတယ်။ ခင်ဗျားလည်း ဘာမှဝင်မပြောပါလား။ ပြောချင်တာပေါ့ဗျာ။ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်တဲ့အခါမှာ အချက်သုံးချက် လိုအပ်တယ်။ အဲဒါတွေကတော့ စာကြည့်တိုက်ရှိရမယ်။ စာကြည့်တိုက်မှူး ရှိရမယ်။ ကျောင်းသားတွေကို စာကြည့်တိုက်ဝင်ဖို့အတွက် အကူအညီပေးရမယ်။(၂)ပညာရေးအတွက် စာကြည့်တိုက်ရှိရမှာကို အားလုံးလက်ခံနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကျောင်းသွားပြီး စာတွေကို အလွတ်ကျက်တာ မဟုတ်ပါဘူး။ ဆရာတွေကလည်း ဒါပဲကျက်ပါ၊ အမှတ်တစ်ရာဆိုတာမျိုးပြောတဲ့ဟာ မမှန်ဘူးဆိုတာ အားလုံးသိကြပါတယ်။ဒီတော့ ကျောင်းသွားတယ်ဆိုတာ ဘာလုပ်တာလဲ။ ပညာသင်တာပေါ့။ ပညာကိုရအောင် ဘာလုပ်ရမလဲ။ ပညာရအောင် စိတ်ဝင်စားရမယ်။ မေးခွန်းမေးရမယ်။ ဆွေးနွေးရပါမယ်။ ဒီအတွက် ကျောင်းမှာ စိတ်ဝင်စားတဲ့စာအုပ်တွေ ရှိရပါမယ်။ဆရာသင်ပြတဲ့ အကြောင်းအရာတွေကို အမြင်အမျိုးမျိုး နဲ့ရေးထားတဲ့စာအုပ်တွေ ရှိရပါမယ်။ စာအုပ်တွေမှာ အတွေးအမြင်တွေကို ပုံစံအမျိုးမျိုးနဲ့ ရေးသားထားတာတွေကို တွေ့ရမယ်။ မတူတဲ့အမြင်တွေကိုရမယ်။ ဒီတော့မှ ဆရာတွေကို မေးမြန်းနိုင်တယ်၊ ဆွေးနွေးလာနိုင်မယ်။(၃)ဒီလို ပညာရပ်တစ်ခုခုကို ဆရာသင်ပြတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် သိလိုတဲ့စိတ်နဲ့ ဆွေးနွေးချင်တယ်ဆိုရင် စာအုပ်တွေ ဖတ်ရမှာပေါ့။ ဒါပေမဲ့ ဘာစာအုပ်တွေ ဘယ်မှာဖတ်ရမလဲ။ ပထမအဆင့်ကတော့ ကျောင်းစာကြည့်တိုက်ပေါ့။ စာကြည့်တိုက်မှူးက စာအုပ်တွေ ထားပုံ သိုပုံကအစ ကက်တလောက်တွေနဲ့ လုပ်ထားတာရှိရင် ကျောင်းသားအနေနဲ့ အဆင်ပြေတာပေါ့။ ကျောင်းစာကြည့်တိုက်မှာ အသစ်ရောက်လာတဲ့ စာအုပ်တွေထဲက ဘာရှိသလဲ။ အဟောင်းထဲက ဘာတွေကောင်းလဲ။ စာကြည့်တိုက်မှူးက နောက်ဘာစာအုပ်တွေ ဝယ်ရင်သင့်တော်လဲ၊ စတာတွေကို သိထားရမယ်။ ကျောင်းသားတွေကို ညွှန်ပြနိုင်ရမယ်။ ဒီလိုသိဖို့ စာကြည့်တိုက်ပညာကို သင်ထားတဲ့သူတွေ ရှိရပါမယ်။ ယနေ့ စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ရထားသူတွေနဲ့ စာကြည့်ပညာဝိဇ္ဇာဘွဲ့ရထားသူတွေ အများကြီးရှိတယ်။ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကို အပိုတာဝန်ပေးပြီး ခိုင်းမယ့်အစား စာကြည့်တိုက်မှူးတွေကို ခန့်ထားသင့်တယ်။ ဆရာ၊ ဆရာမတွေကို အပိုတာဝန်ဆိုပြီးခိုင်းတာ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ စာကြည့်တိုက်ပညာဆိုတာ အင်မတန်အရေးကြီးလို့ပါပဲ။(၄)သမိုင်းကိုကြည့်ရင် လူတွေတိုးတက်လာတာ စာအုပ်စာပေကြောင့်ပဲဆိုတာ ပညာရှင်တွေအားလုံး လက်ခံကြပါတယ်။ အရှေ့တိုင်းမှာ တိုးတက်နေတဲ့အချိန်မှာ အနောက်တိုင်းကလူတွေ အမဲလိုက်နေဆဲပဲတဲ့။ ဒါကို မာကိုပိုလိုရဲ့ မှတ်တမ်းမှာ တွေ့နေရတယ်။ ဒါပေမဲ့ ဂိုတင်ဘာ့ချ်က ပုံနှိပ်စက်တီထွင်ပြီးတဲ့နောက်မှာတော့ အနောက်တိုင်းဟာ အရှေ့တိုင်းထက်ကို အများကြီး တိုးတက်သွားသတဲ့။ဒါကြောင့်လည်း ကမ္ဘာ့တီထွင်မှုတွေထဲက အကောင်းဆုံးတီထွင်မှုကိုမေးရင် ပုံနှိပ်စက်တီထွင်မှုပဲလို့ ဆိုတယ်။ တကယ်တော့ တီထွင်မှုတွေထဲမှာ လျှပ်စစ်မီးသီး တီထွင်မှုတို့၊ ကွန်ပျူတာတီထွင်မှုတို့ကို အကောင်းဆုံးလို့ ပြောသင့်တာပေါ့။ ဒါပေမဲ့ စာအုပ်တွေအများကြီးကို ဈေးပေါပေါနဲ့ မြန်မြန်ထုတ်လုပ်လာနိုင်တဲ့ ပုံနှိပ်တီထွင်တာဟာ အရေးအပါဆုံးပဲလို့ အားလုံးအသိအမှတ်ပြုကြတယ်။ ဒီစာအုပ်တွေဟာ တသီးတသန့် ဒါမှမဟုတ် ပရမ်းပတာဖြစ်နေရင် ဘယ်လိုမှ ဖတ်လို့အဆင်မပြေနိုင်ဘူး။ သူတို့ကို စနစ်တကျထားရှိဖို့လိုတယ်။ လိုတဲ့အခါ ဖတ်လို့ရအောင် ထားပေးရမယ်။ ဒီလိုနေရာတွေထဲမှာ အကောင်းဆုံးကတော့ စာကြည့်တိုက်ပါပဲ။ စာကြည့်တိုက်တွေကို ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားပြီး လူတိုင်းလူတိုင်း ဖတ်လိုတာကို ဖတ်လို့ရအောင်လို့ လုပ်ဆောင်ပေးနိုင်ရင် အဲဒီနိုင်ငံကလူတွေ တိုးတက်တော့တာပါပဲ။ဒါကိုသိလာတဲ့နောက်မှာ တိုးတက်နေတဲ့ နိုင်ငံတွေဟာ စာကြည့်တိုက်ကို တန်ဖိုးရှိရှိ အသုံးချလာကြတယ်။ ဒီတော့ စာကြည့်တိုက်ကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်လာကြတယ်။(၅)အခု ကျွန်တော်ပြောချင်တာက ကျောင်းတွေကစဖို့ပါပဲ။ အနောက်တိုင်းက ကျောင်းအားလုံးမှာ စာကြည့်တိုက်ကောင်းကောင်း ရှိကြသလို စာကြည့်တိုက်မှူးကောင်းကောင်းတွေကိုလည်း ခန့်ထားပါတယ်။ အမှန်တော့ ရပ်ရွာတွေမှာလည်း လူထုစာကြည့်တိုက် (Public Library)တွေလည်း အပြိုင်ရှိပါတယ်။ တက္ကသိုလ်တွေမှာတော့ ပိုပြီးကြီးကျယ်တဲ့ စာကြည့်တိုက်တွေရှိတယ်။ တက္ကသိုလ်က စာကြည့်တိုက်တွေကို အကောင်းဆုံးပါမောက္ခလို့ ခေါ်တယ်။ တက္ကသိုလ်ရောက်တဲ့ ဘွဲ့လွန်အဆင့် တက်ရောက်သူတိုင်းဟာ စာကြည့်တိုက်ပညာကို တစ်ပတ် ၁ဝ ရက်တက်ကြရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တက်ခဲ့ရတယ်။ ဒီလိုသင်တန်းတွေကို အုပ်စုနဲ့သော်လည်းကောင်း တစ်ဦးချင်းသော်လည်းကောင်း ပို့ချပေးပါတယ်။ စာကြည့်တိုက်မဝင်တဲ့သူဟာ ဘာပညာမှမရဘူးလို့ သူတို့ဆိုပါတယ်။ဘယ်တက္ကသိုလ်ကိုရောက်ရောက် စာကြည့်တိုက်ပညာကိုတော့ ပြန်သင်ရတယ်။ ကျောင်းတွေမှာတော့ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို စာကြည့်တိုက်သုံးပုံကို သင်ပေးပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကို စာကြည့်တိုက်မှူးတွေနဲ့ မိတ်ဆက်ပေးတယ်။ပြီးတော့ စာကြည့်တိုက်အချိန်ထားတယ်။ သူတို့ဖတ်ဖူးတဲ့ စာအုပ်ကို မှတ်တမ်းထားတယ်။ စာမေးပွဲအမှတ်တွေမှာလည်း ထည့်သွင်းစဉ်းစားပေးတယ်။ ကျောင်းပိတ်ရက်ရှည်တွေမှာ စာအုပ်တွေဖတ်ဖို့ အိမ်စာ(Assignment) လည်း ပေးပြီးတော့လည်း ဖတ်ခိုင်းတယ်။ ကန့်သတ်ထားတဲ့စာအုပ်တွေ မရှိပေမယ့် ဖတ်ထားတဲ့စာအုပ်ရဲ့ အနှစ်ချုပ်ကိုတော့ ပြန်ရေးရပါတယ်။(ဒါဟာ Student Centered လို့ခေါ် တဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေးထဲမှာ ပါတယ်)(၆) အရင်စစ်အစိုးရလက်ထက်ကလည်း စာကြည့်တိုက်နဲ့ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားလုပ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်တတ်ကိုင်တတ်ဖို့အတွက် ပညာရှင်တွေကသာ ဦးဆောင်ရမှာဖြစ်တယ်။ ပြင်ပက ချုပ်ကိုင်လုပ်ကိုင်ရင်းနဲ့ စာကြည့်တိုက်တွေ ပျက်စီးလာတာကို တွေ့ရပါတယ်။အထူးသဖြင့် အမျိုးသားစာကြည့်တိုက်ဟာ တစ်နေရာကနေ တစ်နေရာပြောင်းရင်းနဲ့ ပြည်သူတွေနဲ့ ဝေးရပါတယ်။ ပြည်သူ့ စာကြည့်တိုက်တွေ လုပ်ပေမယ့်လည်း အများစုကတော့ ဟန်ပြသာဖြစ်တာကို တွေ့ခဲ့ရတယ်။ စာကြည့်တိုက်လုပ်တဲ့အခါ စေတနာ၊ ဝါသနာ အနစ်နာဆိုတဲ့ နာသုံးနာခံရုံနဲ့ မရပါဘူး။ စစ်မှန်တဲ့လူတွေကို နေရာတကျနဲ့ ခန့်အပ်ပြီး လုပ်ရပါတယ်။ ဒါကြောင့် စာကြည့်တိုက်ကို စတင်လုပ်မယ်ဆိုရင် စီမံချက်ချပြီး ကျောင်းတွေကနေ စဖို့လိုတာပါပဲ။မြန်မာပြည်စာကြည့်တိုက်ဖောင်ဒေးရှင်းကလည်း ဒါကိုသဘောပေါက်မယ်လို့ ယူဆတယ်။ ပညာရေးဌာနအနေနဲ့ ဘတ်ဂျက်တွေ တိုးမြှင့်ပြီး စီမံကိန်းအသစ်လုပ်ရင်တော့ စာကြည့်တိုက်ကဏ္ဍကို သတိပြုမယ်လို့မျှော်လင့်ပါတယ်။ စာအုပ်တွေဟာ နိုင်ငံကိုတည်ဆောက်နိုင်တဲ့ အကောင်းဆုံးပညာရေးရဲ့အခြေခံပါ။ သူ့ကိုအကောင်းဆုံး အသုံးချနိုင်ဖို့အတွက် လိုအပ်တာက စာကြည့်တိုက်နဲ့ စာကြည့်တိုက်မှူးတွေပါ။ဒါတွေကိုမမေ့ဖို့ တင်ပြတာပါပဲ။