လက်သိပ်ထိုးတင်ဒါနှင့် ထိရောက်သော အရေးယူမှု

လက်သိပ်ထိုးတင်ဒါနှင့် ထိရောက်သော အရေးယူမှု
Published 6 April 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ အရေးအကြီးအဆို တစ်ရပ်တွင် ဝန်ကြီးဌာနများရဲ့ တင်ဒါပေးအပ်တဲ့ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ဖို့ပါရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် အများအပြားက ထောက်ခံဆွေးနွေး ခဲ့ကြပါတယ်။
အဲဒီအရေးကြီး အဆိုကိုသာ ကေတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုတွင်၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မယ့် နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာမှာ အရည်အသွေးကောင်းပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်စေရေးနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များ စည်းမျဉ်းစည်းကမ်းများနဲ့ အညီဖြစ်စေရေးအတွက် အဆိုပြုချက်လေးချက်ဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအဆိုပြုချက်များတွင် အမျိုးသားစီမံကိန်းတွင် ပါဝင်တဲ့ တည်ဆောက်ရေးနဲ့ ပစ္စည်းဝယ်ယူရေး လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရာတွင် စည်းကမ်းနဲ့အညီ ကြီးကြပ်ရေး၊ ဘဏ္ဍာငွေရသုံးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ တိကျစွာ လိုက်နာဆောင်ရွက်ဖို့နဲ့ စာရင်းများ၊ လုပ်ငန်းများ စစ်ဆေးရာတွင် ဌာနတွင်းစစ်ဆေးရေး အဖွဲ့များ ပြင်ဆင်၊ တိုးချဲ့ ဖွဲ့စည်းဖို့နဲ့ စစ်ဆေးတွေ့ရှိမှုများကို ထိရောက်လုံလောက်သော အရေးယူပါဝင်ခဲ့ပါတယ်။
လက်သိပ်ထိုးမှု
အဲဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယကကလည်း ဝေဖန်ပြောကြားမှုတွေရှိခဲ့တာ တွေ့ရပါတယ်။ အဆိုကို ထောက်ခံဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုက အစိုးရ ဝန်ကြီးဌာနများဟာ စီမံကိန်းများ ဆောင်ရွက်ရာတွင် တင်ဒါများကို လက်သိပ်ထိုးချပေးခြင်း၊ တင်ဒါစည်းမျဉ်း စည်းကမ်းများကို လက်တွေ့ဆောင်ရွက်မှု အားနည်းခြင်း၊ တင်ဒါများကို ကြေညာခေါ်ယူခြင်း မရှိတဲ့ ကိစ္စများရှိနေတယ်လို့ ပြောဆိုဆွေးနွေးခဲ့ကြပြီး အချို့မှာလည်း တင်ဒါအောင်ထားပေမယ့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်တာတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြောကြားချက်များကို ကိုးကားပြီး မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ အဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းကလည်း အမိန့်ကြော်ငြာစာတွေ၊ ညွှန်ကြားချက်တွေ ရှိသော်လည်း လက်တွေ့မှာ လိုက်နာသူက လိုက်နာပြီး မလိုက်နာတဲ့ လူတွေက မလိုက်နာကြောင်းနဲ့ မလိုက်နာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်က နောက်ဆုံးခံရမှာက နိုင်ငံတော်နဲ့ ပြည်သူဖြစ်ပြီး အဲဒီလိုမခံရအောင် ကြပ်မတ်ဖို့၊ စစ်ဆေးဖို့နဲ့ တွေ့ရှိလာမှုများအပေါ် မူတည်ပြီးတော့ ထိုက်သင့်သလို ပညာပေးခြင်း၊ အရေးယူခြင်းမလုပ်ဘဲနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ထောက်ပြမှုများ
တကယ်တော့ အစိုးရဝန်ကြီး ဌာနများက ပုဂ္ဂလိကပိုင်းကို ချထားပေးတဲ့ တင်ဒါများနဲ့ ပတ်သက်ပြီး သော်လည်းကောင်း၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီများအကြား ချုပ်ဆိုဆောင်ရွက်နေတဲ့ စာချုပ်များနဲ့ပတ်သက်ပြီး သော်လည်းကောင်း အားနည်းချက်၊ လိုအပ်ချက်များ ရှိနေတာကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြမှုတွေ မကြာခဏ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တစ်ရပ်မှာ အစိုးရဝန်ကြီးဌာနအချို့ရဲ့ ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အချို့နဲ့ ပတ်သက်ပြီး နိုင်ငံတော် အဆင့်ကြီးကြပ်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တင်သွင်းခဲ့ရာ လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။ အဲဒီအဆိုမှာဆိုရင် အစိုးရဝန်ကြီးဌာန အချို့ရဲ့ ပုဂ္ဂလိကပိုင်းနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများတွင် ချုပ်ဆိုတဲ့စာချုပ်ပါ အားနည်းချက်များ၊ စည်းကမ်းချက်များရဲ့ အားနည်းချို့ယွင်းမှု၊ ရည်ညွန်းစံနှုန်းများရဲ့ မှားယွင်းဖော်ပြမှုများကြောင့် အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်ပြီး နိုင်ငံတော်ကရရှိမယ့် ဝင်ငွေများ လျော့သွားနိုင်လို့ နိုင်ငံတော်အဆင့် ကြီးကြပ်တဲ့ကော်မတီ ထားသင့်ကြောင်း ပါရှိခဲ့ပါတယ်။ အဲဒီအဆိုနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက လွှတ်တော်မှာ မှတ်တမ်းတင်ထားရန်သာ တင်ပြခဲ့သော်လည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများသဖြင့် အဆိုကို အတည်ပြုခဲ့ပါတယ်။
Black List
ဒါ့ပြင် ဝန်ကြီးဌာန တင်ဒါများနဲ့ ဆက်စပ်ဆောင်ရွက်ဖွယ်ရှိတဲ့ ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်တဲ့ ဝန်ကြီးဌာနများရဲ့ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက စံချိန်စံညွှန်း ကိုက်ညီမှုမရှိတဲ့ တည်ဆောက်ရေး လုပ်ငန်း ၂၅ ခုကို ဓာတ်ပုံအထောက်အထားများနှင့် တင်ပြချက်ကို နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ခဲ့ဖူးပါတယ်။ အဲဒီတင်ပြချက်အပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် ဦးဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့တဲ့အခါ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိဘဲ အခြားသူကို ကန်ထရိုက ထပ်မံချထားခြင်း၊ စစ်ဆေးခံဖို့ ပျက်ကွက်ခြင်းများကြောင့် လုပ်ငန်းအပ်နှံရန် ယုံကြည်ရတဲ့ ကုမ္ပဏီမဟုတ်တဲ့အတွက် အမည်ပျက် (Black List) စာရင်း သွင်းသင့်ကြောင်း စစ်ဆေးတွေ့ရှိချက်များကို အမျိုးသားလွှတ်တော်ထံ ပြန်လည် ပေးပို့ခဲ့ဖူးပါတယ်။ တကယ်တော့ အစိုးရတင်ဒါများ၊ အကျိုးတူ စာချုပ်များနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။
ပြင်းထန်ထိရောက်သော
အထူးသဖြင့် နီးစပ်သူ ကုမ္ပဏီကြီးတွေသာ တင်ဒါတွေရရှိနေတယ်လို့ ပြောကြားမှုတွေရှိသလို နိုင်ငံပိုင်အခြေခံ အဆောက်အအုံတွေကို ဈေးကွက်ပေါက်ဈေးထက် လျော့ပြီး အချို့က လွယ်လွယ်ကူကူ ရရှိနေကြောင်းကိုလည်း သတင်းမီဒီယာတွေက ဝေဖန်ရေးသားမှုတွေရှိခဲ့ပြီး ဌာနဆိုင်ရာတွေရဲ့ ပြင်ပမှ ပစ္စည်းဝယ်ယူမှု တွေမှာလည်း လိုအပ်ချက်တွေရှိကြောင်း ဝေဖန်ရေးသားမှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့ပြင် တင်ဒါဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်အအုံ၊ တံတား၊ လမ်းအချို့မှာလည်း ဆောက်လုပ်ပြီး မကြာမီယိုယွင်း ပျက်စီးမှုတွေ ရှိနေတယ်လို့ ဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေကိုလည်း မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာလည်း မကြာခဏ တွေ့နေရပါတယ်။ ဒီလိုအချက်အလက်တွေ ထွက်ပေါ်နေပေမယ့် အစိုးရတင်ဒါတွေနဲ့ ပတ်သက်ပြီး မမှန်မကန် လုပ်ဆောင်မှုတွေကို အရေးယူမှုတွေကိုတော့ အနည်းငယ်သာ တွေ့နေရပါတယ်။ မမှန်မကန် လုပ်ဆောင်တဲ့ ကုမ္ပဏီ အနည်းငယ်ကိုသာ အမည်ပျက်စာရင်း ထည့်သွင်းခဲ့ပေမယ့် ပြင်းထန်ထိရောက်သော အရေးယူဆောင်ရွက်မှုတွေကို မတွေ့ရသေးပါဘူး။ ဧပြီ ၃ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဝန်ကြီးဌာနပေါင်းစုံက ဆောင်ရွက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ စံချိန်စံညွှန်းမမီတဲ့ ကိစ္စရပ်တွေကို လိုက်လံစစ်ထားပြီး တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြထားပြီး အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း အရေးယူဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
တကယ်တော့ အစိုးရဝန်ကြီးဌာန တင်ဒါတွေဟာ နိုင်ငံရဲ့ ဘတ်ဂျက်နဲ့ ကုန်ကျခံဆောင်ရွက် နေကြရတာ ဖြစ်ပါတယ်။ ဒီအတွက်တင်ဒါရ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လိုအပ်ချက်တွေ ရှိနေမယ်ဆိုရင် ဘတ်ဂျက်လေလွင့်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီအတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတစ်ရပ်မှာ တင်ပြခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေ စာရင်းအရတော့ ပြည်ထောင်စုရဲ့ စုစုပေါင်းရငွေမှာ ကျပ်ဘီလျံ ၁၆, ဝဝဝ ကျော်နဲ့ သုံးငွေမှာ ကျပ်ဘီလျံ ၁၉ဝဝဝ ကျော်ဖြစ်ပြီး လိုငွေကျပ်ဘီလျံ ၂၇ဝဝ ကျော်အထိ ရှိနေခဲ့ပါတယ်။ ဒီလိုဘတ်ဂျက် လိုငွေပြနေချိန်မှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေဟာ လေလွင့်မှုတွေ မဖြစ်ပေါ်အောင် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒီအတွက် နိုင်ငံတော်ရဲ့ဘတ်ဂျက် တစ်နည်းအားဖြင့် ပြည်သူ့ငွေတွေဆုံးရှုံးမှု လျော့ပါးစေဖို့ တင်ဒါလုပ်ငန်းတွေ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့နဲ့ စနစ်တကျ ပစ္စည်းဝယ်ယူမှုတွေ ရှိစေဖို့ တာဝန်ရှိသူတွေက ထိန်းကျောင်း ဆောင်ရွက်ပြီး မမှန်မကန် လုပ်ဆောင်မှုများရှိပါက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သင့်ပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။