အထားအသို မှားယွင်းနေသော ဝါကျတစ်ကြောင်း

အထားအသို မှားယွင်းနေသော ဝါကျတစ်ကြောင်း
Published 5 April 2015
နရီမင်း

ဆန့်ငင်ဆန့်ငင်ညတွေပေါ် ဆောင့်ကြွားကြွားနံနက်ခင်းတွေ နင်းလျှောက်လာခဲ့ကြပြီ။ ‘နေ’ ရဲ့ အချိန်ကိုက်ပုံနှိပ်မှုမှာ နေ့တစ်နေ့ဟာ ခပ်ရေးရေး ထင်လာတယ်။ဟိုး ... လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က နံနက်ခင်းတစ်ခုမှာလိုပဲ၊ ဖျတ်ခနဲ ကျွန်တော် နိုးလာခဲ့တယ်။“သြော် ဒီနေ့က ကျွန်တော့်မွေးနေ့ပါလား”နေရောင်ပါးလျလျက အခန်းထဲဝေ့ဝိုက် ကျနေတယ်။ ကျွန်တော် အခုမှ အသက်ဝင်လာခါစလို၊ “အူဝဲ” လို့ ယောင်အော်မိမတတ် ဖြစ်သွားတယ်။ (တကယ်က ကျွန်တော် အနှစ် ၄၀ လုံးလုံး ပြောတတ်သမျှဟာလည်း အဲဒီ “အူဝဲ” ဆိုတာပါပဲ။)လမ်းမဆီကနေ ကျွန်တော့်နာမည် အကြိမ်ကြိမ် ဟစ်ခေါ်သံတွေ ပြတင်းပေါက်ကနေ ဝင်လာနေတယ်။ ခြင်ထောင်အမိုးပိတ် ကားပေါ်ပြေးလွှားနေကြတဲ့ ကျွန်တော့်ရုပ်ပုံလွှာတွေ တစ်ယောက်ပြီးတစ်ယောက် လဲပြိုကျသွားတာကိုပဲ အထိတ်တလန့် မြင်ရတယ်။ ခုလောလောဆယ်မှာ ကျွန်တော်ကိုယ်တိုင်ရဲ့ နာမည်ကလွဲပြီး ဘာမှစဉ်းစားလို့ မရဘူး။ လောကကြီးဟာ အထားအသို မှားယွင်းနေတဲ့ ဝါကျတစ်ကြောင်းလို အဓိပ္ပာယ် ေ၀ဝါးနေတယ်။ဒီမီးကို ဘယ်သူရှို့ခဲ့တာလဲ။ ဟော့ဒီမှာ မီးခိုးခေါင်းတိုင်ကြီး တစ်ခု။ အသက်ဓာတ်တွေ တငွေ့ငွေ့ လောင်ကျွမ်းရင်း လင်ကောင်မဲ့ ဆန္ဒတွေ တဖွားဖွား လွင့်နေတယ်။ ခရုတစ်ကောင်ရဲ့ အခန်းထဲ ဆားပွင့်တွေ အဖြူ ရောင် အယောင်ဆောင်လို့ ဝင်လာခဲ့ကြပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဝါးစားပစ်ချင်လောက်အောင် ဆာလောင်နေပါပေါ့လား။ကောင်းကင်က နေလုံးကြီးကို အန်ချလိုက်သလို အိမ်တစ်အိမ်ရဲ့ တံခါးဝကနေ ကျွန်တော် ထွက်ကျလာတယ်။ ကျွန်တော်ဟာ ကျောက်စရစ်တောခေါင်ခေါင်မှာ အတောင်ကျွတ်ကြိုးကြာ ရေရှာမရသလိုမျိုး မေတ္တာငတ်မွတ် ခဲ့ရသူပါ။ လမ်းပေါ်လျှောက်သွားတိုင်း အသုဘကားတစ်စီးလိုပဲ သိမ်ငယ်ရတယ်။ အားနာလို့ လိုက်လျောတာလည်း အ,တယ်လို့ အထင်ခံရဖူးတယ်။ လောကဓံလက်ထဲ အသုပ်သည်မရဲ့ လက်ထဲက မုန့်ဟင်းခါးဖတ်လို ပက်ပက်စက်စက်ကြီး နယ်ဖတ်ခံလျက်က မပတ်သက်ချင်သူတွေနဲ့ ရောနှောပျော်ဝင် ခဲ့ရဖူးတယ်။ အလိုရှိမှ သတိရပြီး အမြဲတမ်း မေ့လျော့ခံထားရတဲ့ ဘုံအိမ်သာ တစ်လုံးပါ။ ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတစ်ကောင်မှာ ရွေးချယ်ခွင့် မရှိခဲ့ပါဘူး။ တကယ့်တကယ်မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ သွားကြားထဲညပ်နေတဲ့ အသားစတစ်မျှင်သာ ဖြစ်ပါတယ်။လူတွေရဲ့ မျက်လုံးတွေဆီကနေ အကြည့်တွေက ကျွန်တော့်ဆီကို တသွင်သွင် စီးဆင်းလာကြတယ်။ ပြီး ဖျတ်ခနဲ အကြည့်တွေ ရုတ်တရက် အေးခဲသွားကြတယ်။ ဖြစ်ဆဲ အသက်ရှုသံတွေကတော့ အဲဒီရေခဲပြင်ပေါ် တဗိုင်းဗိုင်း ချော်လဲလို့။ ရင်ထဲမှာတော့ ဟာတာတာ လေဖိအားနည်း ရပ်ဝန်းလေးတစ်ခု။မှိုင်းမှုန်မှုလား၊ တောက်ပမှုလား။ ပျော်ရွှင်မှုလား၊ ဝမ်းနည်းမှုကြေကွဲမှုလား။ဘာပဲဖြစ်ဖြစ်၊ တစ်ခုခု သုတ်လိမ်းထားတဲ့ အချိန်အခိုက်အတန့်လေး တစ်ခုကို အာရုံငါးမျှားချိတ်နဲ့ ငါးတစ်ကောင်ကို မျှားပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ခက်တာက ကျွန်တော့်ငါးမျှားချိတ်မှာ ဘာငါးစာမှ တပ်မထားဘူး။နှလုံးသားထဲက ညဉ့်ယံတွေပေါ်မှာ အချိန်တွေကို နာရီတွေက မရပ်မနား ထုရိုက်တာကို ခံစားကြည့်ရင်း ကျွန်တော်ဟာ အများတကာတွေလိုပဲ၊ ညစဉ်ညတိုင်း မနက်ဖြန်နံနက် ရောက်လာမှာကို စောင့်မျှော်ခဲ့တယ်။ ဒါပေမဲ့ မနက်ဖြန် ရောက်လာတဲ့ အခါကျတော့ရော။ “အလင်းရောင်ကို မြင်တွေ့ချင်သူတွေဟာ အရိပ်ထဲမှာ အနားယူရမယ်” တဲ့။ ကဗျာဆရာ အန်ဂျန်ဘာဂါက ပြောတယ်။ အရိပ်က နေရောင်ထက်တောင်ပိုပြီး တောက်ပနေသလိုပဲ။ အရိပ်တစ်ခုထဲကို ဝင်လိုက်တယ်။ ကျွန်တော့်အရိပ်ဟာ အဲဒီအရိပ်ထဲမှာပဲ လုံး၀ ပျောက်ကွယ်သွားရဲ့။သစ်ရွက်တွေနဲ့ ဆော့ကစားနေတဲ့ ကြောင်လေးတစ်ကောင်လိုမျိုး အသံတွေကို လိုက်လံဖမ်းဆုပ် နေမိတယ်။ ကျီးကန်းတွေရဲ့ အော်သံ၊ တံမြက်စည်းရိုက်သံ၊ အဝတ်အစားတွေ ပွတ်တိုက်သံ၊ တီးတိုးသံ၊ ကျယ်လောင်သံ၊ အသံတွေအားလုံး။ အသံတွေက ဗလာကင်းဗတ်စနဲ့တူတဲ့ ကျွန်တော့်စိတ်ကို အရောင်အသွေးတွေ ကြွလာအောင် ခြယ်သပစ်လိုက်တယ်။ “ရာသီဥတု သာယာပါ့မလား” ဆိုတာမျိုး နေ့တစ်နေ့ရဲ့ မျှော်လင့်ချက်ဟာ ကျွန်တော့်စိတ်ထဲ လင်းလက်လာပြန်တယ်။“အဓိပ္ပာယ် မရှိလိုက်တာ” တဲ့ ကျွန်တော့် ကိုယ်ထဲက အသံတစ်သံ ထွက်လာတယ်။ အဓိပ္ပာယ်ဆိုတာ ဘာလဲ။ ဘာကို အဓိပ္ပာယ် ရှိချင်တာလဲ။ ဘာက အဓိပ္ပာယ် ရှိရမှာတဲ့လဲ။ အဓိပ္ပာယ်တွေ၊ အဓိပ္ပာယ်တွေ၊  မရေမတွက် နိုင်လောက်အောင် ကျွန်တော့်ရှေ့မှာ အဘိဓာန်စာအုပ်ရဲ့ စာမျက်နှာတွေလို တဖျပ်ဖျပ် လွင့်နေတယ်။ ရုပ်မြင်သံကြား။ အရုပ်တွေမြင်ပြီး အသံတွေ ကြားနေရပေမယ့် ဘာကိုမှ နားမလည်နိုင်ဘူး။ ဘာကိုမှ မခံစားနိုင်ဘူး။ လေထဲလွင့်သွားတဲ့ သစ်ရွက်တစ်ရွက်ကို ကြောင်လေးတစ်ကောင်က ဖမ်းဆုပ်နိုင်ပေမယ့် ကျွန်တော်ကတော့ ဘာကိုမှ ဖမ်းဆုပ်မမိနိုင်ပါလား။နောက်ထပ် စကားလုံးတစ်လုံး။ ‘အနှစ်သာရ’ တဲ့ ကျွန်တော့်ခြေထောက်တွေမှာ ရွှံ့ဗွက်တွေနဲ့ ညစ်ပေနေတယ်။ ကပ်စေးကပ်စေးနဲ့ အလွန်နေရခက်တဲ့ ဝေဒနာပါပဲ။ အနှစ်သာရတွေကို ဆေးကြောပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ရေကမရှိ။ ကျွန်တော့်စိတ်ထဲ အသံတိတ် မေးခွန်းထုတ်မှုတွေ ပြည့်လျှံလာနေတယ်။ သွားစမ်းပါ။ အူဟောင်းလောင်း အဓိပ္ပာယ်တွေ၊ စေးကပ်ကပ် အနှစ်သာရတွေ။ နေ့စဉ်နေ့တိုင်းပါပဲ၊ အဓိပ္ပာယ်တွေကို ကျွန်တော်မောင်းထုတ်လို့ မရဘူး။ အနှစ်သာရတွေ ကျွန်တော်ခွာချလို့ မရဘူး။ အဓိပ္ပာယ်တွေက အနံ့ဆိုးတွေလို အရာရာတိုင်းမှာ ကပ်ငြိနေကြတယ်။ အိပ်ရာပေါ်မှာ။ စောင်ပေါ်မှာ။ သွားတိုက်ဆေးဘူးထဲမှာ။ သွားပွတ်တံပေါ်မှာ။ မျက်နှာသုတ် ပဝါပေါ်မှာ။ ရေထဲမှာ။ လေထဲမှာ။ ကျွန်တော်နင်းထားတဲ့ မြေကြီးထဲမှာ။ ...ထဲမှာ။ ...ထဲမှာ။ ကျွန်တော့်ကိုယ် ကျွန်တော် အရာဝတ္ထုတွေအားလုံးရဲ့ အပြင်ဘက်မှာလို ခံစားပစ်လိုက်ချင်တယ်။ “အားလုံး ထွက်သွားကြစမ်း” ကျွန်တော့်စိတ်တွေက အိပ်ချင်စိတ်နဲ့ နိုးကြားနေတုန်းပဲ။ ကျွန်တော့်တစ်ကိုယ်လုံး ရှိရှိသမျှ သွေးကြောတွေထဲ ညင်ညင်သာသာ စိမ့်ဝင်ပျံ့နှံ့သွားနိုင်မယ့် ပျော်ရွှင်မှု ပီတိကလေးကို ခံစားချင်လိုက်တာ။ကျွန်တော်ဟာ ဆပ်ကပ်ပွဲတစ်ခုထဲက ဓားပေါက်ခံလူသားလို ဘာမှ မလုပ်ရဘဲနဲ့ စွန့်စားမှုတစ်ခုကို ပြုလုပ်နေရတာနဲ့ တူမနေဘူးလား။ အန္တရာယ် ကြီးလိုက်တာ။ “သွားကြစို့” လို့ ကျွန်တော့်ကို အသံတစ်သံက ခေါ်တယ်။ ကျွန်တော်ငယ်ငယ်က ဘဝကို ဖျတ်ခနဲ သတိရလိုက်မိတယ်။ ဆပ်ကပ်ပွဲ ကြည့်နိုင်ဖို့ ဘုရားပွဲတော် ရောက်လာမယ့် ရက်ကို ကျွန်တော်တို့ မောင်နှမတွေ လက်ချိုးရေတွက် စောင့်နေခဲ့ရဖူးတယ်။ ဒါဖြင့် ကျွန်တော်ဟာ ဓားပေါက်ခံ လူသားအဖြစ်နဲ့ ဘယ်သူ့ကို ဖျော်ဖြေနေရတာလဲ။ ဘုရားသခင်ကိုလား။ တခြားလူတွေကိုလား။ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်ကိုပဲလား။ငယ်ငယ်တုန်းက အဖေက အဘိုးကြီးတွေနဲ့ ဒဿနတွေဘာတွေ ဆွေးနွေးတဲ့အခါ အကျည်းတန်လှတဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေနောက်ကို ကျွန်တော် မလိုက်နိုင်ခဲ့ဘူး။ ဝေါဟာရတွေက သူတို့ဘာသာ အလွန်အဆင်ပြေ ချောမွေ့စွာပဲ အသံထွက်မြန်မြန်နဲ့ စီးဆင်းသွားနေကြတယ်။ သူတို့ရှေ့က ရေနွေးကြမ်းခွက်လိုပဲ၊ တစ်ငုံလောက်ယူသောက်ဖို့ ကျွန်တော် စိတ်မကူးပါဘူး။ ကျွန်တော်က ဆပ်ကပ်ပွဲကိုပဲ သွားချင်နေခဲ့တယ်။ စွန့်စားမှုတွေနဲ့ သည်းတထိတ်ထိတ် ရင်တဖိုဖို ပျော်ရွှင်မှုတွေ။ သူတို့ ဆက်ပြောနေကြတုန်းပဲ။ ကြောက်ခမန်းလိလိ ဟိတ်ဟန်ထုတ်မှုတွေ။ မခံရပ်နိုင်လောက်တဲ့ ပျင်းရိငြီးငွေ့ဖွယ်။သူတို့က သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်အဝရအောင် တည်ဆောက်နေကြချိန်မှာ ကျွန်တော်ကတော့ ဘာဖြစ်လို့ ကျွန်တော့် စိတ်ခံစားမှုတွေကို ဆပ်ကပ်ပွဲထဲ ကြဲဖြန့်ချင်ရတာပါလိမ့်။ လူသူဝေးတဲ့ တခြားကမ္ဘာဆီကို ထွက်ပြေးနေရသလိုပဲ။ ကျွန်တော့်ရှေ့မှာ လဟာပြင်ကြီးသာ ကြီးထွားသထက် ကြီးထွားလာနေတယ်။ ပြီးတော့ အတားအဆီးတွေ ဟိုနေရာ ဒီနေရာကနေ အလျှိုအလျှို ပေါ်လာကြတယ်။ ကလေးဘဝက ကြိုက်ခဲ့ရတဲ့ စိတ်ကူးယဉ် သိပ္ပံကားတွေထဲကလို ကျွန်တော့်မျက်လုံး နှစ်လုံးထဲကနေ အနီရောင် ရောင်ခြည်တွေ ထွက်လာပြီး အရာရာကို ပြိုကျပျက်စီးသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီအစား ဘောလုံးပွဲမှာ ဘောလုံးသယ်လာတဲ့ ရှေ့တန်းတိုက်စစ်မှူးက တစ်ဖက်အသင်း နောက်တန်းလူတွေကို ရှောင်ကွင်းသလိုမျိုးပဲ ရှောင်ကွင်းခဲ့ပါတယ်။ ဗုန်းဗုန်းလဲကျသွားအောင် နောက်ကနေ ခပ်ကြမ်းကြမ်း ဖျက်ထုတ်တာခံရပေမယ့် ကျွန်တော့်အတွက် အနီကတ်ပြပေးမယ့် ဒိုင်လူကြီးကမရှိ။ တကယ်တော့ ကျွန်တော်ဟာ ဘုရားသခင်က အဝေးကို လောင်းသွန်ပစ်ခဲ့တဲ့ ပန်းကန်ဆေးပြီးသား ရေတွေနဲ့ပဲ တူပါတယ်။တကယ်တော့ ကျွန်တော်ဟာ ဖားပြုပ် ကျောကုန်းလို ကောင်းကင်အောက် အပုပ်နံ့တွေ နေ့ပြန်တိုးချေးနေတဲ့ မြေကြီးပေါ် နိဗ္ဗာန်ကို အကြွေးဝယ်ထားရင်းက ချိန်ကိုက်ဗုံးကို အသည်းနှလုံးလို့ ထင်ခဲ့မိတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်လက်ဖက်ရည်ခွက်ထဲ ဘီးကျွံနေတဲ့ ယင်ကောင်ရယ်၊ ကျွန်တော့်ပေါင်မုန့်တစ်ဖဲ့ လာခိုးထမ်းတဲ့ ပုရွက်ဆိတ်တွေရယ်၊ ကျွန်တော့်အိမ်တိုင်ပေါ် ရွစိတက်နေတဲ့ ခြကောင်တွေရယ် အားလုံးပုထုဇဉ်တွေချည်းပါပဲ။ခရီးပန်းလာကြတဲ့ မြည်းတွေ ကိုယ့်အရိပ်ကိုယ် ပြန်သောက်နေကြတဲ့ တောအရက်ဆိုင်တစ်ဆိုင်ထဲ ကျွန်တော်ဝင်လာခဲ့တယ်။ “ရှုံ့တွတွ ကမ္ဘာကြီးဟာ မစင်ပုံကြီးပါ” ဆိုတာမျိုး ကက်ဆက်မော်တာကြိုးချောင်နေတဲ့ အသံတွေသာ တစ်ဆိုင်လုံးမှာ ပွက်လောရိုက်နေတယ်။ ကိုယ်ပေါ်က အင်္ကျီတောင်မှ အိုက်စပ်စပ် ချွေးတွေသောက်ပြီး မူးလို့။ အရာအားလုံးက သွက်သွက်ခါအောင် မှားယွင်းနေတယ်။ အကုန်မှားယွင်းကုန်တော့မှပဲ ကျွန်တော်ဟာ ကမ္ဘာဦးတစ်နေ့လို လောကကို အရင်းအတိုင်း ပြန်လည်မြင်တွေ့ခွင့်ရခဲ့တယ်။ကျွန်တော့်အနေနဲ့ မျက်လုံးအထားအသိုကို သတိမရလိုက်ခင်မှာပဲ နောက်ကျောကို ဓားမြှောင်တစ်ချောင်း လာစိုက်တယ်။ ဓားရိုးက မြေခွေးမြီးလို တယမ်းယမ်းနဲ့၊ သူခိုးတွေကို လက်ကမ်းနေတယ်။ အံကိုတင်းတင်းကြိတ်ထားရင်းက ဖြည်းဖြည်းချင်း ဓားမြှောင်ကို ဆွဲနုတ်ယူပစ်လိုက်တယ်။ဘဝကို တပ်မက်မှုမှာ အနာကျက်ခဲ့ပါပြီ။