ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းကို အပြီးသတ်ပြင်ဆင်ရေးဆွဲတင်သွင်းခြင်းကို လက်ရှိ (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကာလတွင် ဆောင်ရွက်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းကို အပြီးသတ်ပြင်ဆင်ရေးဆွဲတင်သွင်းခြင်းကို လက်ရှိ (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကာလတွင် ဆောင်ရွက်မည်
Published 3 April 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အပြီးသတ်ပြင်ဆင်ရေးဆွဲတင်သွင်းခြင်းကို လက်ရှိကျင်းပနေသည့် (၁၂) ကြိမ်မြောက်လွှတ်တော်အစည်းအဝေးကာလအတွင်း ဆောင်ရွက်မည်ဟု လွှတ်တော်မှဖွဲ့စည်းထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဧပြီ ၃ ရက်တွင်ပြောကြားသည်။လက်ရှိကျင်းပနေသည့်  (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ဧပြီ ၁၀ ရက်အထိကျင်းပဖွယ်ရှိပြီး ဧပြီ ၁၁ ရက်မှစတင်ရပ်နားကာ သင်္ကြန်ကာလ ခေတ္တရပ်နားဖွယ်ရှိသည်။ ထို့နောက် မေလပထမပတ်အတွင်း ခေတ္တရပ်နားထားသည့် (၁၂) ကြိမ်မြောက်လွှတ်တော်အစည်းအဝေးများကိုပြန်ခေါ်ကာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။"လွှတ်တော်က ၁၀ ရက်နေ့ပြီးရင် ခေတ္တနားပြီး သင်္ကြန်ပြီးပြန်စပြီး (၁၂) ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းကို တင်သွင်းဆောင်ရွက်ကြရမှာပဲ။ လွှတ်တော်ကအတည်ပြုထားတဲ့အဆိုအရ ဒီ (၁၂) ကြိမ်မြောက်အစည်းအဝေးမှာပဲ မဖြစ်မနေဆောင်ရွက်ကြရမှာပဲ" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီအတွင်းရေးမှူး ဦးအေးမောက်ကပြောကြားသည်။ပြီးခဲ့သည့် (၁၁) ကြိမ်မြောက်အစည်းအဝေး၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေးအဆိုကို အတည်ပြုပြီးဖြစ်သဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား သက်ဆိုင်ရာအဖွဲ့များက ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းမတင်မီ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲလည်းဖြစ်ပေါ်လာနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ခန့်မှန်းကြသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂၀၁၅ မေလအတွင်းဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယားသတ်မှတ်ပေးထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀.၃.၂၀၁၃ တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်ကထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီက ၃၁.၁.၂၀၁၄ တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကိုတင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန်အကြံပြုခဲ့သည်။

Most Read

Most Recent