ငြိမ်းချမ်းရေးပါမစ်ကားများကို မည်သူ့အမည်ပေါက်ဖြင့် မှတ်ပုံတင်မည်ဆိုသည်ကအစ ဝန်ကြီးဦးအောင်မင်း၏ သမ္မတရုံးဝန်ကြီးဌာန (၄) မှ ညွှန်ကြားချက်အတိုင်းလုပ်ပေးရခြင်းဟု ကညနတာဝန်ရှိသူများပြောကြား

ငြိမ်းချမ်းရေးပါမစ်ကားများကို မည်သူ့အမည်ပေါက်ဖြင့် မှတ်ပုံတင်မည်ဆိုသည်ကအစ ဝန်ကြီးဦးအောင်မင်း၏ သမ္မတရုံးဝန်ကြီးဌာန (၄) မှ ညွှန်ကြားချက်အတိုင်းလုပ်ပေးရခြင်းဟု ကညနတာဝန်ရှိသူများပြောကြား
Published 3 April 2015
မာန်သူရှိန်

ငြိမ်းချမ်းရေးပါမစ်ကားများ (အရပ်အခေါ် ပါမစ်ဟုခေါ်သည်) အား မှတ်ပုံတင်ခွင့်ချပေးခြင်း၊ မှတ်ပုံတင်ရာတွင် မည်သူ့အမည်၊ မည်သည့်လိပ်စာဖြင့် မှတ်ပုံတင်မည်စသည်တို့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄)မှ ညွှန်ကြားခြင်းဖြစ်ပြီး အဆိုပါညွှန်ကြားချက်အတိုင်းသာ ကညနမှ မှတ်ပုံတင်ပေးခြင်းဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။ငြိမ်းချမ်းရေးပါမစ်ကားများအား မှတ်ပုံတင်ခွင့်ချထားပေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် သမ္မတရုံးဝန်ကြီးဌာန (၄) မှ မှတ်ပုံတင်မည့် ကားအစီးအရေအတွက်၊ မှတ်ပုံတင်ပေးရမည့်သူ၏ အမည်၊ နေရပ်လိပ်စာ စသည်ဖြင့် အသေးစိတ်အချက်အလက်များကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။ထိုသို့ သမ္မတရုံးဝန်ကြီးဌာန (၄) မှပေးပို့သည့်အတိုင်း ကညနမှ ယာဉ်စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ပေးခြင်းပြုလုပ်ရကြောင်း သိရသည်။ယင်းအပြင် ထိုသို့ယာဉ်စစ်ခြင်း၊ မှတ်ပုံတင်ခြင်းပြုလုပ်ပေးပြီးပါက ပြုလုပ်ပေးပြီးသည့်အခြေအနေအား သမ္မတရုံးဝန်ကြီးဌာန(၄)သို့ ပြန်လည်တင်ပြရကြောင်းကိုလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူများနှင့် ဧပြီ ၂ ရက်ကတွေ့ဆုံစဉ် သိရသည်။ထို့အတွက် အရပ်အခေါ် ငြိမ်းချမ်းရေးပါမစ်ကားများအား ခွင့်ပြုခြင်းမှအစ အမည်ပေါက်ပြုလုပ်သည့်ကိစ္စအဆုံး အားလုံးကို ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၏ သမ္မတရုံးဝန်ကြီးဌာန (၄) မှ ကိုင်တွယ်ညွှန်ကြားလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ငြိမ်းချမ်းရေးပါမစ်ကားများကို စတင်ခွင့်ပြုစဉ်က 9E/---- အက္ခရာဖြင့်စတင်ခဲ့ပြီး အင်္ဂလိပ်အက္ခရာပြောင်းလဲပြီးနောက် 9E/---- အက္ခရာနံပါတ်များဖြင့် ဆက်လက်မှတ်ပုံတင်ပေးခဲ့ကြောင်း သိရသည်။9E/1000 ကျော်နံပါတ်များဖြင့် အမည်ပေါက်မှတ်ပုံတင်ထားမှုများတွင် အများစုမှာ ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ၊ လွှတ်တော်အမတ်အချို့၊ ပြည်ထောင်စုဝန်ကြီးအချို့၏ မိသားစုအမည်များဖြင့် မှတ်ပုံတင်၍ စီးနင်းနေခြင်းဖြစ်ကြောင်းလည်း ကားဈေးကွက်အတွင်းမှ သိရသည်။ကညနတာဝန်ရှိသူများကမူ ယခင်က ငြိမ်းချမ်းရေးကားများကို မှတ်ပုံတင်ရာတွင် ပြင်ပလူအမည်ပေါက် အမည်လွှဲပြောင်းခြင်းမပြုကြောင်း၊ လွှဲပြောင်းမည်ဆိုပါက သက်ဆိုင်ရာထောက်ခံချက်များပြည့်စုံမှသာ လွှဲပြောင်းပေးကြောင်း၊ ထိုသို့ကန့်သတ်ချက်များဖြင့် ယခင်ငြိမ်းချမ်းရေးကားများကို မှတ်ပုံတင်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခု 9E/1000 ကျော်နံပါတ် ငြိမ်းချမ်းရေးပါမစ် (အရပ်အခေါ်) ကားများအတွက်မူ မည်သည့်ကန့်သတ်ချက်မှပါမလာသည့်အတွက်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၄) ၏ ညွှန်ကြားချက်ပါအမည်အတိုင်း မှတ်ပုံတင်ပေးရခြင်းဖြစ်သည့်အတွက်လည်းကောင်း ယခုကဲ့သို့ အမည်ပေါက်မှတ်ပုံတင်ပေးရခြင်းဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ကညနတာဝန်ရှိသူများ၏ပြောကြားချက်များအရ ခေါင်းဆောင်ပိုင်းများအတွက် အခွန်လွတ်ဖြင့် အစီးရေ ၂၉၀ ခွင့်ပြုပေးထားပြီး မတ်လကုန်အထိ ၂၈၂ စီး လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း၊ အခွန် ၆၀ ရာခိုင်နှုန်းဖြင့် အစီးရေ ၅၈၀ ခွင့်ပြုပေးထားပြီး မတ်လကုန်အထိ အစီးရေ ၅၇၀ လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း၊ ထို့အတွက် စုစုပေါင်းအစီးရေ ၈၇၀ ခွင့်ပြုပေးထားခြင်းမှ ၈၅၂ စီးမှတ်ပုံတင်ပြီးဖြစ်၍ ၁၈ စီးသာမှတ်ပုံတင်ရန် ကျန်ရှိသည်ဟုလည်း သိရသည်။အဆိုပါ 9E/1000 နံပါတ်ကားများအား နာမည်လွှဲပြောင်းခွင့်ရှိပြီး ပြည်တွင်းအခွန်၌ ရာဖြတ်၍ အခွန်ဆောင်ခြင်းဖြင့် တစ်လက်မှ တစ်လက်သို့ အမည်ပေါက်များအဖြစ် အဆင့်ဆင့်လွှဲပြောင်းခွင့်ရှိသည်ဟုလည်း သိရသည်။ထို့အတွက် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း လွှတ်တော်တွင်ပြောကြားသည့် လက်လွှဲလက်ပြောင်းမပြုရဟု ပြောကြားခဲ့မှုမှာလည်း ပြင်ပအခြေအနေများနှင့် ကွဲလွဲလျက်ရှိကြောင်း သိရသည်။၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ လာရောက်ရှင်းလင်းရာတွင်မူ အောက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။"ကျွန်တော်တို့ သူတို့ကို ကားပါမစ်ပေးတာမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့အမိန့်စာထဲမှာလည်း ကားပါမစ်ပေးတယ်လို့လည်း မရေးပါဘူးခင်ဗျာ။ ကျွန်တော်တို့ပေးတာက သူတို့စီးတဲ့ကားတွေကို Register လုပ်ပေးတာပဲဖြစ်ပါတယ်။ မှတ်ပုံတင်ပေးတာပဲဖြစ်ပါတယ်""ကျွန်တော်တို့ နိုင်ငံရေးတည်ဆောက်တဲ့ကိစ္စဟာ ဥပဒေပြင်ပမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဥပဒေထဲကိုရောက်လာအောင် ကျွန်တော်တို့က ခေါ်ရတဲ့လူတွေဖြစ်ပါတယ်။ အလားတူပဲ သူတို့ဥပဒေပြင်ပမှာရှိနေတဲ့ကားတွေကို ဥပဒေထဲရောက်အောင် မှတ်ပုံတင်ပေးခြင်းသာဖြစ်ပါတယ်။ အဲဒီလိုတင်ပေးတဲ့အခါမှာလည်း အဖွဲ့ပေါင်း အားလုံးပေါင်း ၁၆ ဖွဲ့ဖြစ်တဲ့အတွက် ၁၆ ဖွဲ့ဆိုတဲ့အတွက် အဲဒီမှာ အရေအတွက်များပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာ အားလုံးပေါင်း လူကြီးစီးတဲ့ကားတွေကိုတော့ ကျွန်တော်တို့က တန်းပြီးတော့ မှတ်ပုံတင်ပေးလိုက်ပါတယ်။ လူငယ်တွေ၊ တပ်ဖွဲ့ဝင်တွေစီးတဲ့ကားတွေကိုတော့ အခွန် ၆၀ ရာခိုင်နှုန်းဆောင်ပြီးမှ လုပ်ပေးတာဖြစ်ပါတယ်။ ဒီလို ၆၀ ရာခိုင်နှုန်းဆောင်တာဆိုတာဟာ လုပ်ငန်းအသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ အရင်တုန်းက Without လိုင်စင်ကားတွေကို လုပ်ပေးတဲ့နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်""အဲ့ဒီတော့ ဒီကားတွေကိုလည်း နံပါတ်တွေကိုပေးတဲ့အခါမှာ ကညနကနေပြီးတော့ နံပါတ်ကို Grouping နဲ့ထုတ်ပေးပါတယ်။ အဲဒီပေးတဲ့ လိုင်စင်စာအုပ်မှာ တံဆိပ်တုံးနှိပ်လိုက်ပါတယ်။ အဲဒီတံဆိပ်တုံးက ဘာလဲဆိုရင် ဒီကားကိုပိုင်ရှင်ကပဲစီးရမယ် လက်လွှဲလက်ပြောင်းခြင်းမပြုရဘူးဆိုတဲ့သဘောမျိုး ဒီလိုရေးထားခြင်းဖြစ်တယ်။ ဒီကားတွေဟာ အပြင်မှာသွားရောင်းရင် ဈေးကောင်းမရပါဘူး။ အဲဒီလို စနစ်တကျလုပ်ထားခြင်းဖြစ်ပါတယ်။ ကား Register လုပ်ပေးတယ်ဆိုတာကလည်း ကက်ဘိနက်ကိုတင်ပြပြီးကာမှ ခွင့်ပြုချက်နဲ့ထုတ်ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်းရဲ့သဘောအရ ဆောင်ရွက်ပေးခြင်းမဟုတ်ကြောင်းလည်း ဒီလိုတင်ပြအပ်ပါတယ်" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ငြိမ်းချမ်းရေးအဖွဲ့အစည်းများကို ခွင့်ပြုပေးလိုက်သည်ဟုဆိုသော်လည်း အမှန်တကယ်တွင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများအနေဖြင့် ထိုက်သင့်သည့်တန်ဖိုးမရရှိခဲ့ဘဲ ပါမစ်တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အတွင်းသာ အများစုကရရှိခဲ့ပြီး နိုင်ငံတော်မှလည်း အခွန်ငွေများစွာနစ်ခဲ့ကြောင်းနှင့် တင်သွင်းစီးနင်းသူများသာ အကျိုးအမြတ်ရှိသွားခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။အဆိုပါ ပါမစ်များဖြင့် တင်သွင်းစီးနင်းသူများသည် ဒေါ်လာ ၅၀၀၀၀၀ ဝန်းကျင်အထိ တန်ဖိုးရှိသော Rolls Royce Phantom ၊ ဒေါ်လာ ၃၀၀၀၀၀ ဝန်းကျင်အထိတန်ဖိုးရှိသော Bentley၊ ဒေါ်လာသိန်းဂဏန်းမှ သန်းဂဏန်းအထိတန်ဖိုးရှိသော Lamborghini ကဲ့သို့သော ကားများကိုတင်သွင်းပြီး 9E/1000 ကျော်နံပါတ်များဖြင့် စီးနင်းရောင်းဝယ်လျက်ရှိကြောင်း၊ ထိုကဲ့သို့တန်ဖိုးမြင့်ကားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။တန်ဖိုးမြင့်ကားများကို အခွန်လွတ်ဖြင့် တင်သွင်းစီးနင်းသည့်အတွက် တစ်စီးလျှင် နိုင်ငံတော်မှ အခွန်ငွေကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း ၈၀၀၀ နှင့်အထက်အထိ နစ်နာခဲ့ရကြောင်း၊ လက်ရှိခွင့်ပြုထားသည့်အစီးရေအတိုင်းဆိုလျှင် နိုင်ငံတော်အနေဖြင့် အခွန်ငွေ အမေရိကန်ဒေါ်လာသန်းရာနှင့်ချီ နစ်နာသွားကြောင်း သိရသည်။

Most Read

Most Recent