မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား . . .

မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား . . .
Published 29 March 2015
နေထွန်းနိုင်

(၁)
၂ဝ၁၅ ခုနှစ် မြန်မာ့စီးပွားရေး အခြေအနေအတွက် စိုးရိမ်ဖွယ်ရာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မတ် ၂၄ ရက်မှာ တစ်ပြိုင်နက်တည်း ထုတ်ပြန်ခဲ့တဲ့ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) နဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာတွေမှာ ဒီအချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ADB ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာမှာ မြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားလာတာကို ဦးတည်ပြီး စိုးရိမ်ဖွယ် စိန်ခေါ်မှု၊ အကျိုးဆက်တွေကို ထောက်ပြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ ကြီးမားတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိလာမယ်။ မြန်မာငွေတန်ဖိုး ကျဆင်းမှု အရှိန်မြင့်စွာ ဖြစ်ပေါ်လာမယ်။ အစိုးရအသုံးစရိတ် မြင့်တက်လာသလို နိုင်ငံဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်မှုလည်း ရှိလာမယ်။ ကုန်သွယ်မှု ကဏ္ဍမှာလည်း သွင်းကုန်ပမာဏ မြင့်မားလာမယ်။ ဒါတွေအတွက် စိုးရိမ်စရာတွေ ရှိလာမယ်လို့ ADB ကသူတို့ရဲ့ အစီရင်ခံစာမှာ ပြောခဲ့တာပါ။ 
ဒါ့အပြင် ၂ဝ၁၄ ခုနှစ်အတွင်း ပြည်ပကြေးမြီ ပမာဏက နိုင်ငံဂျီဒီပီရဲ့ ၁၇ ဒသမ ၆ ရာခိုင်နှုန်းကို ကျဆင်းသွားပေမယ့် ၂ဝ၁၅ ခုနှစ် မှာ ၁၈ ရာခိုင်နှုန်းအထိ ပြန်တက်လာမှာကိုလည်း သူတို့က ထောက်ပြထားပါတယ်။
မြန်မာ့စီးပွားရေး အလားအလာအပေါ် ထိခိုက်နိုင်ခြေတွေဟာ ပြင်ပနှင့် ဘဏ္ဍာရေးဆိုင်ရာ အခုအခံပါးလွှာခြင်း၊ တိုင်းရင်းသားလူမျိုးစုများနှင့် အုပ်စုကွဲများအကြား တင်းမာမှု၊ ဆိုးရွားသော ရာသီဥတုကြောင့် ထိခိုက်နိုင်မှု၊ ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် အားပျော့သွားနိုင်တဲ့ အလားအလာတွေအပေါ် အရင်းခံနေတယ်လို့ ADB က ဆိုပါတယ်။ 
“၂ဝ၁၅ ခုနှစ် စတုတ္ထသုံးလပတ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ မတိုင်မီတွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများကို ထိန်းသိမ်းဆောင်ရွက်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်”  လို့ ADB ရဲ့ သူတို့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ဖို့ကို ဦးစားပေး ပြောထားပါတယ်။  ဒုတိယအချက်အနေနဲ့ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်တဲ့အခါ ရှေ့နောက် ညီညွတ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းထားပါတယ်။
အစီရင်ခံစာတွေမှာ စိန်ခေါ်မှုကို ကျော်လွှားဖို့ နည်းလမ်းတွေ ဖော်ပြထားပေမယ့် သူတို့ အကြံပြုချက်တွေအတိုင်း အစိုးရက ဆောင်ရွက်ပါ့မလားဆိုတာ မသေချာပါဘူး။
(၂)
၂ဝ၁၅ ခုနှစ် မြန်မာ့စီးပွားရေး အခြေအနေကို အစိုးရက ပုံမှန်အတိုင်း တွက်ချက်ထားပါတယ်။
မြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ ADB က ခန့်မှန်းချိန်မှာ အစိုးရက ၈ ဒသမ ၁၁ ရာခိုင်နှုန်း ရှိနိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဒီခန့်မှန်းချက်ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရသုံး ခန့်မှန်းချက် အစီရင်ခံစာ အကျဉ်းချုပ်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအစီရင်ခံစာမှာပဲ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတော်ရဲ့ ရငွေကို ကျပ် ၁၉၄ဝ၃ ဘီလျံ ခန့်မှန်းပါတယ်။ စုစုပေါင်း အသုံးစရိတ်အဖြစ် ကျပ် ၂၃၂၃ဝ ဘီလျံ ရှိမယ်ခန့်မှန်းပြီး ဘတ်ဂျက်လိုငွေ ကျပ် ၃၈၂၇ ဘီလျံ လျာထားပါတယ်။
ဒါ့အပြင် ဘတ်ဂျက်ရေးဆွဲမှုမှာ အမေရိကန် ဒေါ်လာတစ်ဒေါ်လာရဲ့ ငွေကြေးလဲလှယ်နှုန်းကို ၁ဝ၂ဝ ကျပ်နဲ့ သတ်မှတ်ရေးဆွဲပါတယ်။ အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာတန်ဖို ငွေကျပ် ၁ဝ၂ဝ ထက်မပိုစေတဲ့ သဘောလို့ ယူဆနိုင်စရာ ရှိပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ ခုနှစ် ပထမသုံးလပတ် ကာလမှာပဲ အမေရိကန်ဒေါ်လာ ဈေးနှုန်းဆက်တိုက် မြင့်နေပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း နေပါတယ်။
၂ဝ၁၅ ခုနှစ် ကုန်သွယ်မှု အပိုင်းမှာတော့ ပို့ကုန်အတွက် အမေရိကန်ဒေါ်လာ ၁၂၉ဝဝ သန်းရှိမယ်လို့ အစိုးရက ခန့်မှန်းပါတယ်။ ဒါပေမဲ့ သွင်းကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၇ဝဝဝ သန်း ရှိပါလိမ့်မယ်။ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၁ဝဝ သန်း ရှိမယ်လို့ ဆိုထားပါတယ်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့စီးပွားရေး အခြေအနေကို အစိုးရက ပုံမှန်အတိုင်း တွက်ချက်ထားပေမဲ့ မတည်မငြိမ် ဖြစ်နိုင်တဲ့ အချက်တွေ ရှိပါတယ်။ 
အထူးသဖြင့် တိုင်းပြည်စီးပွားရေးကို ကမောက်ကမ ဖြစ်စေနိုင်တဲ့ အဓိကအချက် သုံးချက်စလုံး စိုးရိမ်ရေမှတ် ရောက်နေပါတယ်။
ပထမအချက်ဖြစ်တဲ့ ငွေကြေးဖောင်းပွနှုန်း အမြင့်ဆုံးကို ရောက်ရှိပါမယ်။
ဒုတိယအချက် အစိုးရ အသုံးစရိတ်က ပြီးခဲ့တဲ့ လေးနှစ်တာကာလကထက် အများဆုံးဖြစ်လာပါမယ်။ အစိုးရရဲ့ ဘတ်ဂျက်လိုငွေ ပိုများလာပါလိမ့်မယ်။
တတိယအချက် သွင်းကုန်တင်သွင်းမှု အများဆုံးပမာဏကို ရောက်ရှိလာပါမယ်။ ဒီအချက်ကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းခြင်း ဆက်ဖြစ်လာနိုင်သလို ကုန်သွယ်မှုလိုငွေ ပိုများလာပါမယ်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် (၂၀၁၄ ဒီဇင်ဘာအထိ) မြန်မာ့ကုန်သွယ်မှု အခြေအနေ (Source : Central Statistical and Organization)
(၃)
၂ဝ၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုနှုန်းဟာ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ အမြင့်ဆုံးဖြစ်ပါတယ်။          
ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၂ ခုနှစ်တွေမှာ ငွေကြေးဖောင်းပွမှုနှုန်းက နှစ်ရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်း ကြားမှာသာရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ် ရောက်ချိန်မှာ ခြောက်ရာခိုင်နှုန်းနီးပါး တက်လာခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ်မှာ ခြောက်ရာခိုင်နှုန်း ဖြစ်လာခဲ့ပြီး အခု ၂ဝ၁၅ ခုနှစ်မှာ ရှစ်ရာခိုင်နှုန်းကျော် ခုန်တက်လာမှာ ဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာသလို ကုန်ဈေးနှုန်းကြီးမြင့်မှုလည်း ဖြစ်လာပါတယ်။
လက်ရှိအချိန်မှာတင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ဆက်တိုက်တက်နေပါတယ်။ ဒီအချက်ကို တိုင်းတာတဲ့ စားသုံးသူ ဈေးဆနှုန်းကိန်း (CPI) က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမှာ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ ဒါဟာ လေးနှစ်တာ ကာလအတွင်း အမြင့်ဆုံးကို ရောက်လာခဲ့တာပါ။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှာ CPI  ညွှန်းကိန်းက ၁၆၇ ဒသမ ၉၄ ရှိခဲ့ပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ၁၇၇ ဒသမ ၅၃ ရာ ခိုင်နှုန်း ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှာ ၁၉၂ ဒသမ ၄၅ ရာခိုင် နှုန်းအထိ ရောက်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကုန်ဈေးနှုန်း အမြင့်ဆုံး ဖြစ်လာတာပါ။ 
(၄)
ADB ရဲ့ အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်း ဆက်တိုက်မြင့်မားစေတဲ့ အချက်တွေထဲမှာ မြန်မာငွေတန်ဖိုး ကျဆင်းနေမှုက ထိပ်ဆုံးမှာ ပါဝင်ပါတယ်။ 
အမေရိကန်ဒေါ်လာ တန်ဖိုးပေါ် မူတည်တွက်ချက်တဲ့ မြန်မာငွေတန်ဖိုး ကျဆင်းမှုက ၂ဝ၁၅ ခု နှစ်မှာ အဆိုးဆုံး အနေအထားကို ရောက်ရှိနေပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မြန်မာငွေတန်ဖိုး ကျဆင်းမှုက အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့တာပါ။ ၄ဝ ရာခိုင်နှုန်းကျဆင်းမှုအထိ ရောက်နိုင်ခြေတွေ ရှိနေပါတယ်။ စီးပွားရေး ပညာရှင်တွေရဲ့ လတ်တလော ခန့်မှန်းချက်အရလည်း မြန်မာငွေတန်ဖိုး ဦးမော့လာမယ့် အခြေအနေ မရှိသေးပါဘူး။
ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင် ငွေလဲနှုန်းကို ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်မှာ စတင်ပါတယ်။ အဲဒီအချိန် အမေရိကန် တစ်ဒေါ်လာတန်ကြေးက ၈၁၅ ကျပ်ပေါက်ဈေး ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂ဝ၁၅ ခုနှစ် မတ်၂၄ ရက်မှာ ၁ဝ၉၂ ကျပ်အထိ စံချိန်တင် ရောက်ရှိသွားပါတယ်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ပေါက်ဈေးက တစ်ဒေါ်လာကို ပျှမ်းမျှ ၈၅၁ ဒသမ ၅၈ ကျပ်ပဲ ရှိခဲ့ပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ၉၆၆ ဒသမ ၇၅ ကျပ်ကို ရောက်လာပါတယ်။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှာ ၁ဝ၂၆ ကျပ်အထိ တက်လာပါတယ်။
(၅)
မြန်မာငွေတန်ဖိုး ကျဆင်းနေချိန်မှာ သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်ပါတယ်။ သွင်းကုန်ဈေးနှုန်း မြင့်မားခြင်းဟာလည်း ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်မားစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
အစိုးရအနေနဲ့ သွင်းကုန်တင်သွင်းမှုကို လျှော့ချမယ် အစီအစဉ် မရှိသေးပါဘူး။ မြန်မာငွေတန်ဖိုး ကျဆင်းနေချိန်မှာ သွင်းကုန်တွေကို အမြင့်ဈေးနဲ့ပဲ ဆက်သွင်းမယ့် သဘောဖြစ်ပါတယ်။
၂ဝ၁၅-၂ဝ၁၆ ခုနှစ် အတွက် လျာထားချက်ကို ကြည့်ရင် အမေရိကန်ဒေါ်လာ ၁၇ဝဝဝ သန်းအထိ သွင်းကုန်တင်သွင်းမှာပါ။
ဒီပမာဏကလည်း သမ္မတဦးသိန်းစိန် လက်ထက်မှာ အမြင့်ဆုံး ဖြစ်ပါတယ်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၉ဝ၆၈ ဒသမ ၉ သန်းဖိုး သွင်းကုန်တင်သွင်းခဲ့ပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃၇၅၉ ဒသမ ၅ သန်း၊ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာရေးနှစ် (၂ဝ၁၄ ခုနှစ် ဒီဇင်ဘာအထိ) မှာ အမေရိကန် ဒေါ်လာ ၁၂၂၁၄ သန်းအထိ တင်သွင်းမှု ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တွေမှာ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုက ပိုများခဲ့ပါတယ်။ ပိုဆိုးတာက ပို့ကုန်တင်ပို့မှုဟာ အခုဘဏ္ဍာရေးနှစ်မှာ ယခင်ဘဏ္ဍာရေးနှစ်ထက် ကျဆင်းသွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
ပို့ကုန်တင်ပို့မှုအပိုင်းကို ပြန်ကြည့်ရင်၂ဝ၁၂-၂ဝ၁၃ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၈၉၇၇ သန်း ရှိခဲ့ပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၁၁၂ဝ၄ သန်း ရောက်လာပါတယ်။
ဒါပေမဲ့၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် (၂ဝ၁၄ ဒီဇင်ဘာလအထိ) မှာ အမေရိကန်ဒေါ်လာ ၈၇၃၈ ဒ သမ ၇ သန်းအထိပဲ တင်ပို့နိုင်ပါသေးတယ်။
သွင်းကုန်များပြီး ပို့ကုန်တင်ပို့မှု နည်းလာတာက ပြည်ပကို စီးထွက်တဲ့ ငွေပမာဏ ပိုများလာတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ကုန်သွယ်မှုလိုငွေ ပိုများလာပါတယ်။
ကုန်သွယ်မှု လိုငွေပမာဏလည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အမြင့်ဆုံး ဖြစ်လာပါတယ်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၉၁ သန်း ရှိခဲ့ပါတယ်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်း ရှိလာပါတယ်။   
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် (၂ဝ၁၅ခုနှစ် မတ်အထိ) မှာ အမေရိကန်ဒေါ် ၅ ဒသမ ဝ၇ ဘီလျံအထိ ရောက်နေပါပြီ။                 
ဒါဟာ နှစ်နှစ်တာကာလအတွင်း ကုန်သွယ်မှု လိုငွေနှစ်ဆ ဖြစ်လာခဲ့တာပါ။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၁ဝဝ သန်း ရှိလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် လက်ရှိဖြစ်နေတဲ့ အခြေအနေအရ ပိုများလာဖို့ပဲ ရှိပါတယ်။

၂၀၁၅ ခုနှစ်တွင် ဖြစ်လာနိုင်သော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စာရင်းရှင်လိုငွေအတွက် ADB ၏ ခန့်မှန်းချက် (Source: ADB)
(၆)
ပို့ကုန်သွင်းကုန် မညီမျှမှုအပြင် မြန်မာငွေတန်ဖိုးကျဆင်းမှုက  ၂ဝ၁၅ ခုနှစ် မြန်မာ့စီးပွားရေးစနစ်ကို အကြီးအကျယ် ရိုက်ခတ်နေမှာ ဖြစ်ပါတယ်။
 ဒီအချိန်မှာပဲ အစိုးရ အသုံးစရိတ်က အမြင့်ဆုံး ရောက်လာပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ် လျာထားချက်မှာ ရငွေက ကျပ် ၁၉၄ဝ၃ ဘီလျံဖြစ်ပါတယ်။
အသုံးစရိတ် ပမာဏက ကျပ် ၂၃၂၃ဝ ဘီလီယံဖြစ်ပြီး ဘတ်ဂျက်လိုငွေ ကျပ် ၃၈၂၇ ဘီလျံ ရှိပါတယ်။
အစိုးရအသုံးစရိတ် ကိန်းကဏန်းကလည်း သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အမြင့်မားဆုံးပါပဲ။
လွှတ်တော် အစီရင်ခံစာတွေအရ အစိုးရ အသုံးစရိတ်ဟာ နှစ်အလိုက် ပိုများလာပါတယ်။ ရငွေ သုံးငွေ ညီမျှမှုမရှိပဲ သုံးငွေပိုများလာတာပါ။
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှာ ရငွေ ကျပ် ၆၄၅၃ ဘီလံျဖြစ်ပါတယ်။ သုံးငွေက ကျပ် ၈ဝ၈၃ ဘီလံျရှိပါတယ်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှာရငွေ ကျပ် ၁၂၁၅၄ ဒသမ ၈၅ ဘီလျံရှိပြီး သုံးငွေကျပ် ၁၃၄ဝ၅ ဒသမ ၆ဝ ဘီလံျ ရှိခဲ့ပါတယ်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ရငွေကျပ် ၁၄၁၅၅ ဒသမ ၄၅ ဘီလံျ၊ သုံးငွေ ၁၄၉၁ဝ ဒသမ ၆၈ ဘီလံျ ဖြစ်ပါတယ်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် မှာ ရငွေကျပ် ၁၆၈၉၁ ဒသမ ၅ဝ ဘီလျံ ဖြစ်ပါတယ်။ သုံးငွေကကျပ် ၁၉၄၄၃ ဘီလံျဖြစ်ပါတယ်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် ရငွေ ကျပ် ၁၉၄ဝ၃ ဘီလံျ ခန့်မှန်းထားပါတယ်။ သုံးငွေကျပ် ၂၃၂၃ဝ ဘီလံျ သုံးစွဲပါလိမ့်မယ်။
ဒီပမာဏတွေကို ပြန်ကြည့်ရင်လည်း အစိုးရရဲ့ ဘတ်ဂျက်လိုငွေဟာ ဘဏ္ဍာရေးနှစ်တိုင်း ဖြစ်ပေါ်နေပါတယ်။
ဘတ်ဂျက်လိုငွေကို နှစ်အလိုက် လုံးပေါင်းတွက်ချက်တာ မရှိပေမယ့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်ကနေ ၂ဝ၁၄-၂ဝ၁၅  ဘဏ္ဍာရေးနှစ်အထိ လိုငွေပမာဏ စုစုပေါင်းက ကျပ် ၇၂ဝဝ ဘီလျံရှိနေပြီလို့ မတ် ၆ ရက်က UMFCCI မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
လွှတ်တော် အစီရင်ခံစာတွေမှာ ဖော်ပြထားချက်အရ အစိုးရရဲ့ ဘတ်ဂျက်လိုငွေ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၆၂၉ ဒသမ ၆၆ ဘီလံျ၊၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၂၅ဝ ဒသမ ၇၆ ဘီလျံ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၇၅၅ ဒသမ ၂၁ ဘီ လံျ၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၂၅၅၁ ဒသမ ၈၁ ဘီလျံရှိတယ်လို့ ဆိုပါတယ်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် လိုငွေပြမှု လျာထားချက်က ပြီးခဲ့တဲ့ လေးနှစ်တာ ကာလကထက် အများဆုံး ဖြစ်ပါတယ်။
အစိုးရအသုံးစရိတ် မြင့်မားနေတဲ့အတွက် ပူပန်မှုတွေရှိနေချိန်မှာ မတ် ၂၆ ရက်မှာ နိုင်ငံ့ဝန်ထမ်း တွေ့ရဲ့ လစာကို တိုးမြှင့်ဖို့ လွှတ်တော်က အတည်ပြုပါတယ်။                            
သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လေးကြိမ်မြောက် လစာတိုးလိုက်ခြင်း ဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခြေခံလစာကို ၂ဝ၁၂ ခုနှစ် မတ်လမှာ ကျပ် ၃ဝဝဝဝ၊ ၂ဝ၁၃ ခုနှစ် ဧပြီ လမှာ ကျပ် ၂ဝဝဝဝ၊ ၂ဝ၁၄ ခုနှစ် ဧပြီမှာ ကျပ် ၂ဝဝဝဝ တိုးမြှင့်ပေး ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မတ်လမှာ ကျပ် ၂ဝဝဝဝ တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် လစာတိုးပေးခဲ့ခြင်းဟာ ဝန်ထမ်းအငယ်တွေအတွက် ထူးခြားမှု မရှိခဲ့ပါဘူး။ ပေးနေကျ အပိုထောက်ပံ့ကြေး ကျပ် ၃ဝဝဝဝ ကိုပါ ဖြတ်တောက်လိုက်တဲ့အတွက် ဝန်ထမ်းငယ်တွေအဖို့ လစာတိုးခြင်းဆိုတာ အမည်ခံ ဖြစ်သွားပါတယ်။
(၇)
နိုင်ငံစီးပွားရေး မတည်ငြိမ်မှုကို ဖြစ်စေတဲ့ အဓိကအချက်တွေ အကုန်လုံးပြန်ကြည့်ရင် မြန်မာ့စီးပွားရေး ယိုင်လဲနိုင်ခြေတွေ ရှိနေပါတယ်။
စီးပွားရေး ပညာရှင်အများစု က မြန်မာ့စီးပွားရေး အနာဂတ်အတွက် မှန်းဆရခက်ပြီး ထိလွယ်ရှလွယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့အတွက် အခုချိန်ဟာ တွေဝေနေရမယ့် အချိန်မဟုတ်တော့ပါဘူး။
သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့မှာ ဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဇော်ဦးတို့ ပါဝင်ပါတယ်။ ဒီသုံးဦးထဲမှာ ဦးမြင့်ကိုယ်တိုင် တွေဝေသလို ဖြစ်နေပါတယ်။
၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ “အစိုးရ စာရင်းအင်းစနစ် ဘာလဲဘယ်လဲ” ခေါင်းစဉ်နဲ့ ဦးမြင့်က ဧရာဝတီသတင်းဌာန ဝက်ဘ်ဆိုက်မှာ ဝေဖန်ရေးဆောင်းပါး ရေးခဲ့ပါတယ်။
ဘုန်းတော်ဘွဲ့ စာရင်းအင်းခေတ်ကို အဆုံးသတ်ဖို့သူက တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အခုချိန်မှာ အဲဒီရေးသားချက်ထက်ပိုတဲ့ ဝေဖန်ထောက်ပြမှုတွေ လုပ်သင့်ပါပြီ။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းတွေ ရှိနေပြီလို့ အစိုးရက တဖွဖွပြောနေပေမယ့် ပြည်သူတွေခံစားရမှု မရှိသလောက်ကို နည်းပါးနေပါတယ်။
ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေရုန်းကန်နေရတယ်။ ပြည်သူအများစုက စီးပွားရေး အကျပ်အတည်းအောက် ရောက်နေပါတယ်။
ဒီအချက်ကို သမ္မတရဲ့ စီးပွားရေးအကြံပေးတွေ ကောင်းကောင်း သိနေမှာပါ။
နောက်ထပ် တာဝန်ရှိသူတွေက သမ္မတရဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီမှာ ပါဝင်နေသူတွေ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၂ဝ၁၂ ခုနှစ် ဇွန်လမှာ ဖွဲ့စည်းခဲ့တာပါ။
အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ဒီအဖွဲ့ရဲ့ နာယကက ဦးမော်သန်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌက ဦးတင်ထွဋ်ဦး (CEO-ARDC) ဖြစ်ပြီး အတွင်းရေးမှူးက ဦးဆက်အောင် (လက်ရှိ  ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ) ဖြစ်ပါတယ်။
ကျန်တဲ့ အဖွဲ့ဝင်တွေထဲမှာ ဒေါက်တာအောင်ထွန်းသက်၊ ဦးသန်းလွင် (ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ)၊ ဒေါ်ခင်စန်းရီ (လက်ရှိပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်း (Myanmar Egress) ၊ ဦးလှမောင်ရွှေ (Myanmar Egress)၊ ဦးဝင်းအောင်(UMFCCI ဥက္ကဋ္ဌ)၊ ဦးသောင်းတင် (လက်ရှိဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး)၊ ဒေါက်တာကိုကိုကြီး (Diamond Star ကုမ္ပဏီ) ၊ ဒေါက်တာဇော်ဦး၊ ဦးသီဟန်မျိုးညွန့်၊ ဦးခင်မောင်အေး (CB ဘဏ်ဥက္ကဋ္ဌ)၊ ဦးမိုးကျော် (MMRD) နဲ့ ဒေါက်တာဒေါ်ရင်ရင်လှတို့ ဖြစ်ကြပါတယ်။
ဒီအဖွဲ့ဝင် ၁၅ ဦးထဲမှာ လက် ရှိ MPC မှာ တာဝန်ထမ်းဆောင်နေသူ လေးဦးထက်မနည်း ပါဝင်ပါတယ်။
၂ဝ၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသား အကျိုးစီးပွားနှင့် လူမှုရေးအကြံပေး ကောင်စီဆိုတာ အခုချိန်မှာ ရှိသေးလား၊ အဖွဲ့ဝင် အပြောင်းအလဲ ရှိသလားဆိုတာကို မသိရသေးပါဘူး။
ဒါပေမဲ့ အဖွဲ့မှာပါဝင်တဲ့ အကြံပေးပုဂ္ဂိုလ်တွေဟာ သမ္မတနဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်သလို စီးပွားရေးမူဝါဒ ချမှတ်မှုတွေမှာ သူတို့အာဘော်တွေ ပါဝင်နေမှာ ဖြစ်ပါတယ်။

(၈)
၂ဝ၁၅ ခုနှစ်မှာ မြန်မာ့စီးပွားရေးစနစ် ယိုင်လဲပြိုကျခဲ့မယ်ဆိုရင် ပထမဆုံး တာဝန်ရှိသူက သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ ဖြစ်ပါတယ်။ ဒုတိယတာဝန်ရှိသူတွေက သမ္မတနားမှာ ရှိနေတဲ့ အကြံပေးတွေ ဖြစ်ပါတယ်။
အခုချိန် သမ္မတနားမှာ ရှိနေတဲ့ အကြံပေးတွေက နှုတ်ဆိတ်နေတာ များပါတယ်။ ခရိုနီလုပ်ငန်းရှင်ကြီးတွေ အခွန်တိမ်းရှောင် နေတာတွေကို သိလျက်နဲ့ လွှတ်ပေးထားတာတွေ ရှိသလို သူတို့ကိုယ်တိုင်ရဲ့ အခွင့်အရေး၊ ကိုယ်ကျိုးစီးပွားအတွက်ပါ ရောထွေးပြီး မျက်ကွယ်ပြုသလို ဖြစ်နေပါတယ်။
တချို့ဆိုရင်လည်း နိုင်ငံတကာ သံတမန်တွေနဲ့ ချိတ်ဆက်ပြီး ကြားပွဲစား လုပ်နေသူတွေ ရှိပါတယ်။ အဲဒီသူတွေထဲမှာ ပညာရှင် အမည်ခံထားသူတချို့ ပါဝင်ပါတယ်။                         
အကြံပေးအဖွဲ့မှာ ပါဝင်တဲ့ လုပ်ငန်းရှင်တချို့ဆိုရင် သမ္မတဆီကနေ လုပ်ငန်းကြီးတွေ ရရှိနိုင်မယ့် ကတိကဝတ် ယူထားတယ်ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။
သေချာတာကတော့ သမ္မတနားမှာ ရှိနေတဲ့ အကြံပေးအဖွဲ့ဝင်တွေထဲမှာ ကိုယ်ကျိုးစီးပွားကြောင့် တိုက်ရိုက်၊ သွယ်ဝိုက်အားဖြင့် နှုတ်ဆိတ်နေသူတွေရှိပြီး သူတို့နောက်ကွယ်မှာ အရှုပ်တော်ပုံများစွာ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ 
အဲဒီသူတွေဟာ အစိုးရကို ဝေဖန်ထောက်ပြနိုင်စွမ်းနည်းပြီး အကြံပေးနေရာ ရောက်ချိန်မှာ ကိုယ်ကျိုးအတွက် အသုံးပြုသူတွေလို့ ဝေဖန်ခံနေရပါတယ်။
(၉)
အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုက ပြယုဂ်အားဖြင့် ရလဒ်တချို့ရှိခဲ့ပေမယ့် ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ ရလဒ်ကောင်းတွေ ထွက်မလာတာ သေချာပါတယ်။
ပုဂ္ဂလိက ကဏ္ဍကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ခြင်း မရှိတာ၊ အကျိုးရှိတဲ့ စီးပွားရေးစီမံခန့်ခွဲမှုစနစ် အားနည်းနေတာအပြင် အစိုးရအဖွဲ့အတွင်း ငွေကြေးအလေအလွင့် ဖြစ်တာတွေက တိုင်းပြည် စီးပွားရေး မတည်ငြိမ်မှုကို တွန်းပို့သလို ဖြစ်နေပါတယ်။ 
အစိုးရအဖွဲ့အတွင်း ငွေကြေး အလေအလွင့်နဲ့ ပတ်သက်ရင် အဆိုးဆုံးက အကျင့်ပျက်ခြစားမှု (Corruption) ကို တိုက်ဖျက်နိုင်စွမ်းမရှိတဲ့ အချက်ဖြစ်ပါတယ်။
အစိုးရပိုင်းမှာ ဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုကို လွှတ်တော်က ထောက်ပြခဲ့တဲ့ သာဓကများစွာရှိပါတယ်။
အစိုးရက သူတို့ အသုံးစရိတ်အတွက် ဘတ်ဂျက်ပိုမို တောင်းခံနေပေမဲ့ သူတို့ အဖွဲ့တွင်းမှာ ရှိနေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်စွမ်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ဝ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်တင်နွယ်ဦးက ဝန်ကြီးဌာနတွေ ဘတ်ဂျက် အလွဲသုံးစား ပြုလုပ်တဲ့အခါ အောက်ခြေ ဝန်ထမ်းတွေထက် ရာထူးအဆင့်မြင့်သူတွေကို ပိုများနေတယ်လို့ ထုတ်ပြောပါတယ်။
အလွဲသုံးစား ပြုလုပ်သူတွေထဲမှာ ညွှန်ကြားရေးမှူးအဆင့်တွေ ပါဝင်နေတယ်လို့ သူကဆိုခဲ့ပါတယ်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ကျောင်းအုပ်တွေပါဝင်သလို ပြည်ထဲရေးဝန်ကြီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ညွှန်ကြားရေးမှူး အဆင့်တွေလည်း ပါခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုတည်းမှာတင် အလွဲသုံးစား ပြုလုပ်သူ ၂၅၆ ဦး ရှိတယ်လို့ ဒေါ်တင်နွယ်ဦးက ပြောပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်တွေ၊ ညွှန်ကြားရေးမှူး ချုပ်တွေလည်း အလွဲသုံးစားမှု လုပ်သူတွေထဲ ပါဝင်ပါတယ်။  
“လယ်/ဆည်မှာဆိုရင် သူ့အောက်မှာရှိတဲ့ ဦးစီးဌာနတွေ ရှိပါတယ်။ ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနတွေမှာ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေကပါ သတိပေးခံရတာ ဖြစ်ပါတယ်” လို့ ဒေါ်တင်နွယ်ဦးက ဆက်ပြောခဲ့ပါတယ်။
နိုင်ငံ့ဘဏ္ဍာငွေကို ကိုယ်ပိုင်ငွေကြေးအဖြစ် သတ်မှတ်ပြီး သုံးစွဲနေမှုတွေ ရှိနေခြင်းက အစိုးရအဖွဲ့တွင်းမှာ အကျင့်ပျက်ခြစားမှုတွေ အမြစ်တွယ်နေဆဲ ဖြစ်တာကို ဖော်ပြနေပါတယ်။
(၁၀)
အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုတွေအတွက် လွှတ်တော်က ဝေဖန်ထောက်ပြမှုတွေ ရှိပေမယ့် အရေးယူဆောင်ရွက်ဖို့ လက်တွေ့လုပ်ဆောင်မှုမှာ အားနည်းနေပါတယ်။
ဥပမာအနေနဲ့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် စိစစ်မှုကို ကြည့်နိုင်ပါတယ်။
အစိုးရ အသုံးစရိတ်က ဆက်တိုက်များနေတယ်။ ဘတ်ဂျက်လိုငွေက နှစ်စဉ် ဖြစ်နေတယ်။ ဒီနှစ်မှာ ဘတ်ဂျက်လိုငွေ ပိုများမယ်။          
ဒီအခြေအနေမှာ လွှတ်တော်က အစိုးရဘတ်ဂျက်ရဲ့ တစ်ရာခိုင်နှုန်းလောက်ပဲ ဖြတ်တောက် နိုင်ခဲ့ပါတယ်။
လွှတ်တော် ကိုယ်တိုင်က ဝေဖန်နေပေမဲ့ လက်တွေ့အားဖြင့် မလုပ်ကိုင်နိုင်တာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ လစာ ဆယ်သိန်း တိုးမြှင့်ရရှိပြီးလို့ လွှတ်တော်ကိုယ်စားလှယ်တွေ ငြိမ်သွားပြီဆိုတာလည်း မဖြစ်သင့်ပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ မတ် ၁၈ ရက်မှာ တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မေးခွန်းတစ်ရပ်ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ခရိုနီလုပ်ငန်းရှင်တွေအကြား ဆက်စပ်မှုကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
ဦးသိန်းညွန့်က ပြည်ပမှတင်သွင်းလာတဲ့ စလောင်းတွေကို အရေးယူဖို့ ရှိသလား... စတဲ့ မေးခွန်းကို မေးခဲ့တာပါ။
ဒီမေးခွန်းကို မေးတဲ့အခါ “...ကျွန်တော်တို့ လေ့လာကြည့်တဲ့ အခါမှာ စကိုင်းနက်တို့လို ရုပ်သံလိုင်းတွေဟာ ရင်းနှီးမြှုပ်နှံမှု အများကြီးလုပ်ထားပေမယ့်...” ဆိုတဲ့ စကားရပ် ပါဝင်ခဲ့တာကြောင့် ဒါဟာ ရွှေသံလွင်ကုမ္ပဏီပိုင် Sky Net ရုပ်သံလိုင်းအတွက် မေးပေးသလားဆိုတဲ့ မေးခွန်းတွေ လူထုကြားမှာ ပေါ်ပေါက်ခဲ့ပါတယ်။
သေချာတာကတော့ လွှတ်တော်မှာ ဝေဖန်ထောက်ပြတာတွေ ရှိနေပေမယ့် လွှတ်တော်ကိုယ်စား လှယ်တွေထဲမှာ အစိုးရ၊ ခရိုနီတွေရဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးနေသူတွေ ရှိနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ရှိပါတယ်။ ဒီထင်မြင်ချက်တွေကို ချေဖျက်နိုင်ဖို့က လွှတ်တော်မှာပဲ တာဝန်ရှိပါတယ်။
ဒီလိုအချိန်မျိုးမှာ အတိုက်အခံ ဘက်ကလည်း အားနည်းမှုတွေ ရှိတယ်လို့ပဲ ဆိုရမှာပါ။
အတိုက်အခံတွေ အနေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အကျပ်အတည်းကို နှုတ်ဆိတ်ကြည့်နေလို့ မရနိုင်ပါဘူး။ အစိုးရ အမှားတစ်ခုတည်းကို စောင့်ကြည့်မယ်၊ အခြေအနေတွေ ဆိုးရွားလာလို့ ပေါက်ကွဲလာချိန်ရောက်မှ မဲလိုချင်လို့လည်း မရပါဘူး။ သိပ်မကြာခင်မှာ ၂ဝ၁၅ ခုနှစ် အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲ ကာလကို ရောက်လာပါတော့မယ်။
ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ စီးပွားရေး မပြေလည်မှု၊ လူတန်းစား မညီမျှမှုကတစ်ဆင့် ပေါက်ကွဲမှု ဖြစ်လာနိုင်ခြေတွေ ရှိနေပါတယ်။ ဒါတွေကြောင့် ရွေးကောက်ပွဲက ပြဿနာ ဖြစ်လာနိုင်ပါတယ်။
အစိုးရက မသိသလို လုပ်နေတယ် ဆိုခဲ့ရင်တောင် သိသိနဲ့ မထောက်ပြဘဲ ငြိမ်နေတာမျိုးကို အတိုက်အခံတွေ ရှောင်ကြဉ်သင့်ပါတယ်။
အစိုးရအမှားကို စောင့်ကြည့်ပြီး နှုတ်ဆိတ်နေရုံနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။
တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အာဏာရလာခဲ့ရင် အခုဖြစ်နေတဲ့ ပြဿနာတွေကို သေချာပေါက်ရှင်းရမှာ ဖြစ်ပါတယ်။ ဒီအတွက် အခုကတည်းက ပြင်ဆင်ထားဖို့လိုပါတယ်။
ဒါကြောင့် လွှတ်တော်တွင်းကို ရောက်ရှိနေတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာ ပိုဆွေးနွေးဖို့ လိုအပ်လာပါတယ်။
လွှတ်တော်မှာ NLD ကိုယ်စားလှယ် အရေအတွက် နည်းတာမှန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ နည်းသည်ဖြစ်စေ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာပဲ အချိန်ကုန်နေတာ မဖြစ်သင့်ပါဘူး။
လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဟာ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် မိုးကောင်းကင် တစ်ခုလုံး လဲပစ်နိုင်ရေး တစ်ခုတည်း အာရုံစိုက်နေရင် ခရီးတွင်ဖို့ အခက်အခဲ တွေ့နိုင်ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာအထိ ဖြစ်ပေါ်ခဲ့သော ငွေလဲလှယ်နှုန်းထားများ (Source : Central Statistical and Organization)
(၁၁)
အစိုးရနဲ့လွှတ်တော်က နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမယ့် ဝန်ထမ်းငယ်တွေအဖို့ သက်ရောက်မှု မရရှိဘဲ အောက်ခြေဝန်ထမ်းတွေ ပိုမိုကျပ်တည်း လာပါတယ်။
တစ်ဖက်မှာ နိုင်ငံ့ဝန်ထမ်း လစာတိုးမှုကြောင့် တက်လာတဲ့ ကုန်ဈေးနှုန်းက ပုဂ္ဂလိကဝန်ထမ်းတွေကို ရိုက်ခတ်လာပါတယ်။
ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဘက်မှာလည်း အကျပ်အတည်း ဖြစ်နေပါတယ်။ မြန်မာ့စီးပွားရေးကို တိုးတက်စေနိုင်တဲ့ အသေးစား အလတ်စား၊ စီးပွားရေး လုပ်ငန်းတွေအကုန် အခက်တွေ့နေတာပါ။
ကမ္ဘာ့ဘဏ်ရဲ့ ၂ဝ၁၅ အစီရင်ခံစာမှာလည်း လုပ်ငန်း ၁ဝဝဝ ကျော်ရှိတဲ့ အထဲက ၉၂ ရာခိုင်နှုန်းဟာ  ချေးငွေမရဘဲ သူတို့ကိုယ်ပိုင်ငွေကြေးနဲ့ လည်ပတ်နေကြရတယ်။ အဲဒီပမာဏက မြန်မာနဲ့ နှိုင်းယှဉ်ဘက် နိုင်ငံတွေထဲမှာ အများဆုံးလို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပုဂ္ဂလိက လုပ်ငန်းတွေ ရပ်တည်ဖို့ အခက်အခဲ ဖြစ်လာတာကို တွေ့နိုင်ပါတယ်။
ဒီကြားထဲမှာပဲ ငွေတန်ဖိုးကျဆင်းမှုနဲ့အတူ  သွင်းကုန်ဈေးနှုန်းတွေ မြင့်မားနေတယ်။ ပုဂ္ဂလိက ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ရှိလာပါတယ်။
အခုလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုကျစပြုနေပါပြီ။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် အသုံးစရိတ်၊ ငွေကြေးစိုက်ထုတ်သူတွေ အထိနာဖို့ရှိပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ ငွေတွေအများကြီး အိပ်နေတာက စီးပွားရေး ပြိုလဲနိုင်ခြေအတွက် အန္တ ာယ်ရှိတဲ့ အနေအထား ရောက်နေပါတယ်။ ဒါဟာ SME လုပ်ငန်း နယ်ပယ်မှာသာမကဘဲ ပုဂ္ဂလိကစီးပွားရေး နယ်ပယ်အသီးသီးမှာ အကျပ်အတည်း ဖြစ်နေပြီဆိုတာကို ဖော်ပြနေတာပါ။
တစ်ဖက်မှာလည်း အလုပ်သမားတွေရဲ့ လက်ငင်းအခြေခံ လိုအပ်ချက်တွေ များနေပါတယ်။
လုပ်ငန်းရှင်တွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပြန်ရနိုင်ဖို့  လုပ်ခအပေါ် လျှော့ချခြင်းကိုပဲ  ပြုလုပ်လာပါတယ်။ လုပ်ခ၊ လစာ ခေါင်းပုံဖြတ်ခံရတာတွေ ရှိလာပါတယ်။
အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာကို အခုအထိ မသတ်မှတ်နိုင်သေးပါဘူး။ သူတို့ရဲ့ အခြေခံလိုအပ်ချက် မြင့်မားလာချိန်မှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဘက်က မဖြည့်ဆည်းပေးနိုင်တာတွေ ရှိလာပါတယ်။
အဆုံးသတ်မှာ အလုပ်သမားတွေက တစ်ရက်လုပ်ခ ကျပ်တစ်ထောင်နှုန်းနဲ့ တစ်လကျပ်သုံးသောင်း တိုးတောင်းတာကို မပေးနိုင်ဘဲ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချတာတွေ ဖြစ်လာတယ်။
နောက်ဆက်တွဲ အနေနဲ့ လူမှုရေး၊ စီးပွားရေး မညီမျှမှုတွေ ပိုများလာပြီး အဆိုးသံသရာ လည်လာပါတယ်။     
(၁၂)
အဆိုးသံသရာ လည်မှုတွေကို ရပ်တန့်ပေးနိုင်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။
ပထမအချက် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချနိုင်အောင် လုပ်ရပါမယ်။ အစိုးရအသုံးစရိတ် လျှော့ချရမှာ ဖြစ်သလို ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရမှာပါ။
ဒုတိယအချက်က မြန်မာငွေတန်ဖိုး ကျဆင်းချိန်မှာ သွင်းကုန်လျှော့ချဖို့ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အပိုပစ္စည်းတွေ တင်သွင်းမှု လျှော့ချရပါမယ်။
အရက်၊ ဝိုင်၊ စီးကရက် တင်သွင်းမှုတွေကို ထိန်းချုပ်ရမှာ ဖြစ်သလို နယ်စပ်ကုန်သွယ်ရေးက တစ်ဆင့်မလိုအပ်ဘဲ ဝင်ရောက်လာမှာတွေကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ဇိမ်ခံကား တင်သွင်းမှုတွေကို ကန့်သတ်ရမှာ ဖြစ်သလို ဇိမ်ခံပစ္စည်း တင်သွင်းမှုတွေအတွက် အခွန်တိုးကောက်တာတွေ လုပ်ရပါလိမ့်မယ်။
အခြေခံ လူတန်းစာတွေ အပါအဝင် သန်းချီရှိတဲ့ ပြည်သူတွေဟာ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ လက်ရှိ ရုန်းကန်လည်ပတ်နေတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေပါ ပြိုကျသွားပြီဆိုရင် ပိုဆိုးဖို့ပဲ ရှိပါတော့တယ်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက လျော့ကျသွားခြင်း မရှိသေးပါဘူး။ နိုင်ငံလူဦးရေရဲ့ ၂၆ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုအောက် ရှိနေတဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းအရ နိုင်ငံ ၁၈၇ နိုင်ငံစာရင်းရဲ့အဆင့် ၁၅ဝ မှာ မြန်မာနိုင်ငံ ရှိနေဆဲ ဖြစ်ပါတယ်။
စီးပွားရေး ပြိုလဲနိုင်ခြေ၊ လူမှုရေးမညီမျှမှုတွေက ပြည်သူလူထုအပေါ် ဖိစီးနေပါတယ်။ အစိုးရက လက်တွေ့ကျကျ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။
ဒါကို အစိုးရ၊ အတိုက်အခံ၊ လွှတ်တော်ရော၊ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးတွေပါ နှုတ်ဆိတ်ကြည့်နေလို့ မရတော့ပါဘူး။
မဟုတ်ရင်တော့ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံမှာ စီးပွားရေးယိုင်လဲ ပြိုကျမှုကတစ်ဆင့် ပေါက်ကွဲမှုတွေ ဖြစ်လာပါလိမ့်မယ်။
 
 
 
 
 

Most Read

Most Recent