ဖလား

ဖလား
Published 29 March 2015
ဝင်းစည်သူ

 { ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီက စာရေးဆရာဝင်းစည်သူ (ကွယ်လွန်)က ဤဝတ္ထုကို ရေးသားခဲ့သည်။ ဤဝတ္ထုအတိုင်း နဝတအစိုးရသည် ရွေးကောက်ပွဲမတိုင်မီက အစွမ်းကုန် ညစ်ပတ်ခဲ့သည်။ ရွေးကောက်ပွဲတွင် NLD နိုင်သောအခါ၌ ဤဝတ္ထု အတိုင်း အာဏာကို လွှဲမပေးဘဲ ဆက်အုပ်ချုပ်ခဲ့သည်။ စာပေစိစစ်ရေး အစွမ်းကုန်တင်းကျပ်သောကာလတွင် ဤဝတ္ထုသည် လွတ်ထွက်ခဲ့သည်။ တိုင်းစည်းညီ (တစည)၊ မျိုးတေဇာ(အောင်ဆန်းသွေး)၊ ဆုပေးသူ နိုင်ဝင်းတင်(နဝတ)။ ဤဝတ္ထု အား ၁၉၉ဝ ရွေးကောက်ပွဲအမှတ်တရ နှင့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြန်လည်ဖော်ပြအပ်ပါသည်။ }
 
“ဟာ” ဟူသော အာမေဍိတ်သံ ဆုံးသွားသော်လည်း သူ့ပါးစပ်ကတော့ အထက်အောက် နှုတ်ခမ်းများ၊ လက်သုံးဆစ်မျှ ကွာဟသွားလောက်အောင် အဟောင်းလောင်းသားနှင့် အကြာကြီး ကျန်ရစ်ခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် ဖိုးတွတ်နှင့် အောင်ဘိုကလေးတို့ကို ပြေးပြီး ပွေ့ဖက်နမ်းရှုပ်ပစ်ချင်စိတ်တွေ ပေါက်လောက်အောင်လည်း ချစ်၍သွားမိ၏။
 
ဖိုးတွတ်ရဲ့ ကန်ချက်ကလည်း ခေတေတေ ပျော့တော့တော့မှတ်လို့။ လေးပေကိုးလက်မအရွယ်နှင့်ပင် မမျှ ဘဲ တကယ့်လူကြီးတစ်ယောက်၏ ခြေမျိုးလို ပြင်းလွန်းလှသည်။ 
 
ဘေးချင်းယှဉ်၍ အသေကပ်ထားသော တူးတူးကို ခါးကလေးစောင်းကာ စောင်းကာ ဒူးကလေး ညွတ်ကာညွတ်ကာနှင့် လိမ်ခေါက်ယူသွားပြီး ဂိုးတိုင်နှင့် ၁ဝ ပေအကွာလောက်ကျမှ ဘယ်ခြေနှင့် အင်ကုန်အားကုန် ကျုံးပစ်လိုက်ခြင်း ဖြစ်၏။
 
ဒီတစ်လုံးတော့ အရှိန်အဟုန်ပြင်းစွာနှင့် တန်းခနဲဝင်လောက်ပြီဟု သူထင်လိုက်မိ၏။ ဒါပေမဲ့ မှားသွားပြီ။ တက်တက်စင်အောင် မှားယွင်းသွားခဲ့ပြီ။
 
ထောင့်ဖြတ်အနေအထားနှင့် ဝါးလုံးထိုး ဝင်လာသည့်ဘောလုံးကို အောင်ဘိုက လေတွင် ဝဲကာ ဒိုက်ဗင်ထိုး၍ ပုတ်ထုတ်ပစ်လိုက်နိုင်ခဲ့၏။ ဘောလုံးသည် ကွင်းအပြင်ဘက်အထိ ပြေးထွက်သွားပြီး ဓမ္မာရုံအုတ်တံတိုင်းနှင့် မိတ်ဆွေဖွဲ့သွားလေသည်။
 
တကယ်တော့ ကွင်းထဲမှာ ဆော့ကစားနေသည့် ဤချာတိတ် စုစုပေါင်း ၁၂ ယောက်သည် တစ်ရပ်ကွက်တည်းသားတွေ ဖြစ်၏။ တစ်သင်းတည်းသားတွေ ဖြစ်၏။ သူထောင်ထားသော “မျိုးတေဇာ” အသင်းက လေးပေ ကိုးလက်မအရွယ် ကလေးသူငယ်များ ဖြစ်ပေသည်။
 
သူတို့မှာ ကစားကွင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိသဖြင့် ရပ်ကွက်ဓမ္မာရုံနံဘေးက ကွက်လပ်ငယ်ထဲမှာပဲ ဝါးလုံးတွေနှင့် ဂိုးတိုင်စိုက်ပြီး တစ်ဖက်လျှင် ခြောက်ယောက်စီခွဲ၍ လေ့ကျင့်ရခြင်းဖြစ်သည်။ သူ့မျက်စိအောက်မှာ ညနေတိုင်းလိုလို ကစားစေခဲ့တာ အခုဆို နှစ်ပတ်ကျော်ကျော်မျှ ရှိလာခဲ့ပြီလည်း ဖြစ်ပေသည်။
 
ဖိုးတွတ်နှင့် အောင်ဘိုတို့ နှစ်ယောက်တည်းတင် မကပါဘူးလေ၊ ချက်စူရော၊ ဂျော်နီရော၊ တူးတူးရော၊ သက်ပြင်းရော။ အို အားလုံးဟာ တစ်မျိုးစီတော်ကြတာပါပဲ။ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဘယ်နေရာမှ အပြစ်ပြောစရာ မရှိပါဘူး။ စိုးရိမ်ရတာက ပွဲမတိုးဖူးသေးတာ လေးတစ်ခုပါပဲ။
 
သူသည် သူ့ကလေးတွေ၏ အခြေအနေကိုချိန်ဆကာ နေရာချထားကြည့်နေမိသည်။ ရှေ့တန်း သုံးယောက်အတွက် ဖိုးတွတ်၊ ဂျော်နီနဲ့ မင်းနိုင်။ အလယ်တန်းနှစ်ယောက်အတွက် သက်ပြင်းနဲ့ ချူးလီ၊ နောက်တန်းနှစ်ယောက်အတွက် တူးတူးနဲ့ ချက်စူ။ ဂိုးကတော့ အောင်ဘိုမှ အောင်ဘို။ ကျန်တဲ့ ရွှေအေး၊ ဖိုးသား၊ ဉာဏ်ဟိန်းနဲ့ နီဂရိုးတို့ကိုတော့ အရန်ပေါ့။
 
ဝင်ရမည့်ပြိုင်ပွဲက လူကြီးတန်း မဟုတ်သဖြင့် တစ်ဖက် ၁၁ ယောက်စီဆိုသော ထုံးတမ်းစဉ်လာ မဟုတ်ချေ။ ရှစ်ယောက်စီသာ ကစားရမည်။ ပြိုင်ပွဲဝင်ရမည့်ကွင်းက အတန်အသင့်မျှသာ ကျယ်သည်။ မြောက်ပြင် အရိပ်မထွက်ဘုရား၏ အရှေ့ဘက်ရှိ ကွင်းကြီးထဲ။ 
သူ့ချာတိတ်တွေကလည်း ချစ်ဖို့တော့ အတော်ကောင်းသည်။ ကျောင်းအသီးသီးက ဆင်းလာကြပြီဆိုသည်နှင့် တစ်ပြိုင်နက် အိမ်အရောက်မှာ လွယ်အိတ်ကလေးတွေ ချိတ်၊ အဝတ်အစားကလေးတွေ ကမန်းကတန်းလဲပြီး ဓမ္မာရုံဝင်းထဲဆီသို့ အလျှိုအလျှိုရောက်လာတတ်ကြသည်။ 
 
ဒီတော့ သူ့မှာလည်း မနေသာ။ ကိုယ်ပိုင်သကြားစက် အသေးစားကလေးကို ညီတွေနဲ့ပဲ လွှဲပစ်ခဲ့ရသည်။ ညနေ အလုပ်သမားတွေ ပြန်ခါနီးမှာ ရှင်းပေးဖို့ နေ့တွက်ငွေ နှင့် စာရင်းစာအုပ်ကို အပ်နှံခဲ့ရသည်။
 
အားကစားနည်းမျိုးစုံ ရှိသည့်အနက် သူအနှစ်သက်ဆုံးမှာ ဘောလုံး။ ကိုယ်တိုင်ကတော့ ဖြစ်ဖြစ် မြောက်မြောက် မကန်တတ်။ ဒါပေမဲ့ ဘောလုံးရာသီတစ်ခုလုံးမှာတော့ ဗထူးကွင်း၏ သုံးကျပ်တန်းစင်ထက်မှာ သူအမြဲရှိခဲ့စမြဲပင်။
 
ငယ်ငယ်တုန်းက ဘောလုံးကန်ချင်လို့ ပူဆာတိုင်း ဘယ်တော့မှ မရခဲ့တာကိုတော့ သူအရိုးစွဲအောင် မှတ်မိလို့နေသည်။ အဖေကလည်း အင်း မလှုပ်ခဲ့။ အမေကလည်း အဲ မလှုပ်ခဲ့။ ဘောလုံးကပဲ ဈေးခေါင်ခိုက်လို့ လား၊  ကျိုးမှာပဲ့မှာကိုပဲ အစိုးရိမ်ကြီးကြလို့လားဆိုတာကိုလည်း သူ မတွေးတတ်ခဲ့။
 
ထိုအစွဲက မသိမသာ ကပ်ငြိခဲ့ဟန်တူရဲ့လေ။
 
အရပ်ထဲက ကလေးတွေ ဓမ္မာရုံဝင်းထဲသို့ သွားသွားပြီး တွေ့ကရာရှစ်သောင်း (ပလတ်စတစ်ဘောလုံး၊ ဘော်လီဘော ဘောလုံးအကျ၊ နောက်ဆုံး...ခြင်းလုံးအဟောင်း)တွေနှင့် ဖြစ်သလို ဆော့ကစားနေကြတာကို ဖြတ်သွားဖြတ်လာမှာ မြင်ရတော့ သူ ကိုယ်ချင်းစာမိသည်။ စိတ်မကောင်းဖြစ်မိသည်။ ဒါကြောင့် ဘောလုံးတစ်လုံး ဝယ်ပေးဖြစ်ခဲ့၏။
 
“ဘောလုံးကိုတော့ ဘုံပိုင်လို့ မှတ်ယူကြ၊ သိမ်းရင်တော့ သက်ပြင်းအိမ်မှာပဲ သိမ်းရမယ်။ သက်ပြင်းက မင်းတို့အထဲမှာ အတန်းလည်းအကြီးဆုံး၊ လူကြီးလည်း အဆန်ဆုံး၊ အဲ . . .လူကတော့ သက်ကြီးပု၊ ဒါပေမဲ့ လေးစားကြရမယ်နော”
 
ထိုသို့လည်း စီမံခန့်ခွဲ သွန်သင်ဆုံးမသမှုပြုပေးပြီး သူတို့ဝါသနာကို ဖူးဖူးမှုတ်ရပြန်လေသည်။
 
“အရိပ်မထွက်ကွင်းမှာ လေးကိုးဖလားပွဲ လုပ်မလို့တဲ့၊ အာစရိ ချာတိတ်တွေကို အသင်းထောင်ပေးပြီး ဝင်ခိုင်းကြည့်ပါလား”
 
တင်လဲရည်တွေကို သစ်သားယောက်မကြီးနှင့် ခပ်နာနာမွှေရင်း ဥပုသ်တော်ရပ်သား မောင်တင်မြင့်က သတင်းပေးသည်။ ဥပုသ်တော်ရပ်ဆိုတာ အရိပ်မထွက်ဘုရားနှင့် နီးသည်။ ဒီတော့ ပူပူနွေးနွေးသတင်းပဲ ဖြစ်ရမည်ဟု သူနားလည်လိုက်မိသည်။
 
“ဘယ်တော့လုပ်မှာတဲ့လဲ”
 
“လကုန်ပိုင်းလို့ ကြားတာပဲ၊ အာစရိကိုယ်တိုင်သွားပြီး စုံစမ်းကြည့်ပေါ့။”
 
ညနေကျောင်းဆင်းချိန် ချာတိတ်တွေ ပြန်လာတဲ့အထိ စောင့်ဆိုင်းပြီး ညှိနှိုင်းတိုင်ပင်ဖို့ လိုပါသေးသလား။ ချာတိတ်တွေက ဘောလုံးနှင့် ပတ်သက်လာလျှင် သူ သေဆိုသေ ရှင်ဆိုရှင်။ ဒီလို ပြိုင်ပွဲမျိုးနွှဲရမှာ ဆိုလို့ကတော့ ဒီကောင်ငယ်တွေ ထမင်းမေ့ ဟင်းမေ့ ပျော်ကြဦးတော့မည်မှာ သေချာသည်။ ညနေတင်မကဘဲ မနက် ဝေလီဝေလင်းကြီးထပြီးတော့များ ကွင်းဆင်းနေကြဦးမှာလား မသိ။
 
အိတ်ကပ်ထဲတွင် မလိုလဲလိုလဲ ငွေနှစ်ရာထည့်ပြီး ယူလာခဲ့သည်။ သူ့ခန္ဓာကိုယ်ကတော့ စက်ဘီးနင်းရင်းမှာပင် အရမ်းပဲ လန်းဆန်းပေါ့ပါး လို့နေသည်။ အို... လေထဲမှာများ မြောက်လွင့်ပါသွားပြီး မန္တလေးတောင် ထိပ်ချိတ်မိနေမှဖြင့်။
 
စားပွဲရှေ့က ကုလားထိုင်တွင် အတန်ကြာအောင် ထိုင်နေမိသော်လည်း စားပွဲခုံနောက်ရှိ လူအုပ်စုကတော့ သူ့ကို တမင်သတိမထားလေဟန်နှင့် လေဖောင်ဖွဲ့၍ ကောင်းနေကြတုန်းသာ ဖြစ်သည်။ သူတို့ ကျောဘက်ရှိ ဗီရိုကြီးပေါ်တွင်မူ ဟင်္သပဒါးရောင်ကလပ်နှင့်တင်ထားသော ဖိတ်ဖိတ်တောက် ငွေဖလားကြီးတစ်လုံးကို တွေ့ရ၏။ ဆိုင်ကယ်စီးဦးထုပ်အရွယ်ထက်ပင် ယောင်ယောင်မျှ ကြီးချင်သေးသည်။ အောင်ပွဲရလျှင် ယင်းကိုသာကိုင်မြှောက်၍ လှည့်လည်လိုက်ရပါက လက်ခုပ်ဩဘာသံတွေ ဆူညံသွားလိုက်မယ့်အမျိုး။ သူ စိတ်ကူးယဉ်ကြည့်မိ၏။
 
“ဟောဒီမှာ အသုဘယပ်တောင်ချင်းပဲ ယှဉ်ကြည့်စမ်းပါဗျာ။ သူ့ဘထွေးတုန်းကဟာက အပေါစားပဲ၊ ပေးရလှ တစ်ချောင်းငါးမူး သုံးမတ်ပေါ့။ ကျွန်တော့်ကြီးတော် ယပ်တောင်ကမှ ငွေနားကွပ်နဲ့ဘာနဲ့။ အလှူမင်္ဂလာဆောင်တွေမှာ ကမ်းတာမျိုးလေဗျာ။ 
ကျက်သရေချင်း မကွာဘူးလား”
 
ပါတိတ်စကို အင်္ကျီချုပ်ဝတ်ထားသူက သွားခေါခေါနှင့်လူအား စားပွဲပေါ်မှာ အသင့်ရှိနေသည့် ယပ်တောင်နှစ်ချောင်းကို ဆွဲယူထောင်ပြပြီး အာပေါင်အာရင်းသန်သန်နှင့် ပြောသည်။ ပြီးတော့ စကားဆက်ပြန်သည်။ 
 
“ကျွန်တော့်ကြီးတော်အသုဘမှာ ဘိလပ်ရည် တိုက်နိုင်တာနဲ့ ဆပ်ပြာကမ်းနိုင်တာက ပိုသေး၊ အဲဒီ ထိန်လင်းဆိုတဲ့အကောင် အတော်ခက်တယ်။ ဘယ်နေရာမှ မတူနိုင်မှန်း သိရဲ့သားနဲ့ ကျွန်တော့်ကိုဆို နေရာတကာလိုက်ပြီး ပခုံးတိုင်းချင်တယ်”
 
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် သူ့ဘက်ကချည်း “သာ” ပါတယ်ဆိုသည့် လေခပ်မြင့်မြင့် စကားတွေကို မျက်ပေါက်ကျဉ်းကျဉ်းနှင့်လူက မှေးစင်းမျက်လုံး၊ အပြုံးပါးစပ်နှင့် ခေါင်းတညိတ်ညိတ် လုပ်ပြသည်။ ပါတိတ်ဆရာက ဘာတွေဆက်၍ “ဝါ” ချင်သေးသည်တော့ မသိ။ နောက်တစ်ခွန်းစရန် နှုတ်ခမ်း အဟလိုက်မှာ သူက လျင်မြန်စွာ ချောင်းဟန့်လိုက်ရတော့၏။
 
ဟုတ်တယ်လေ။ အလုပ်ပစ် အကိုင်ပစ်ပြီး မအားမလပ်နဲ့ လာခဲ့ရတာဟာ ဘောလုံးပွဲအကြောင်းစုံစမ်းဖို့ အဓိကမဟုတ်ဘူးလား။ အရည်မရ အဖတ်မရ စကားတွေကို နားထောင်ဖို့ လာတာမှ မဟုတ်ဘဲနဲ့။
 
လူတွေအားလုံး သူ့ဘက်သို့ အာရုံပြောင်းလာတော့မှပဲ လာရင်းကိစ္စကို သူ့မှာ ပြောခွင့်သာတော့သည်။
 
သွားခေါခေါနှင့် လူက လက်နှိပ်စက်နှင့် ရိုက်ထားသော ပြိုင်ပွဲစည်းကမ်းစာရွက် တစ်ရွက်ကို ထုတ်ပေးသည်။ “နေ့ချင်းပြီး”ဆိုသည့် အကြောင်းကို ရှင်းပြသည်။ နံနက် ၆ နာရီမှာ ပွဲစမည်။ အသင်းတွေများလွန်းလို့ အချိန်သိပ်မပေးနိုင်။ တစ်ပွဲလျှင် ပထမပိုင်းအတွက် မိနစ် ၂ဝ၊ ဒုတိယအပိုင်းအတွက် မိနစ် ၂ဝ၊ ကြားထဲမှာ နားချိန်ငါးမိနစ်။ သရေကျလျှင် ပင်နယ်တီအဆုံးအဖြတ်။ ညနေ ၄ နာရီကျမှ ဖိုင်နယ်ပွဲ ကျင်းပမည်။ နိုင်တဲ့အသင်းကို အဲဒီဖလား ပေးအပ်မည်။ 
 
ဒီလောက်ပါပဲ။
 
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် သူ့ဘက်ကချည်း “သာ” ပါတယ်ဆိုသည့် လေခပ်မြင့်မြင့် စကားတွေကို မျက်ပေါက်ကျဉ်းကျဉ်းနှင့်လူက မှေးစင်းမျက်လုံး၊ အပြုံးပါးစပ်နှင့် ခေါင်းတညိတ်ညိတ် လုပ်ပြသည်။ 

 
သူပေးလိုက်သော ဝင်ကြေးငွေ တစ်ရာကို စာရင်းစာအုပ် တစ်အုပ်ကြားညှပ်စဉ်မှာပင် သူပြန်ဖို့ ထလိုက်သည်။ ဒီငွေနဲ့ ဒီဖလားကြီးများ ရလိုက်ရရင်ဖြင့်လေ။
 
“မိတ်ဆွေကြီး၊ ခင်ဗျား ကလေးတွေကို ငွေကုန်ခံပြီး ဝတ်စုံအကောင်းစားတွေ ဘာတွေလုပ်ပေးမနေနဲ့၊ ရှုံးထွက်စနစ်ဆိုတာလည်း ခေါင်းထဲ ထည့်ထားဦးနော”
 
ပါတိတ်ဆရာ၏ ရယ်ကျဲကျဲ မျက်နှာကို သူ တမင်ရှောင်လွှဲပစ်လိုက်၏။ ဘယ်လိုလူလဲ၊ ခနဲ့တာလား၊ ကျီစားတာလား၊ ကိုယ့်ငွေကုန်တာ သူ့အိတ်ထဲက ထုတ်ပေးရတာမှတ်လို့၊ မနေတတ် မထိုင်တတ် ရှိရန်ကော၊ အတော်ခက်တဲ့ ပုဂ္ဂိုလ်။
 
မကျေမနပ် အတွေးတွေနှင့် အလုပ်ခွင်သို့ သူပြန်ရောက်ခဲ့သည်။ သတင်းသယ်ဆောင်လာသူ မောင်တင်မြကိုလည်း လောလောလတ်လတ် ကြုံတွေ့ခဲ့ရတာကို ပြန်လည်၍ ဖောက်သည်ချမိသည်။
 
“အာစရိတော့ ဖလားဒကာ ကိုနိုင်ဝင်းတင်နဲ့ တိုးလာခဲ့ပြီနဲ့ တူတယ်။ ရပ်ကွက်ထဲမှာ နောက်ပေါက် ငွေရှင်ဩဇာရှင်ပေါ့ အာစရိရာ။ သူ့အသင်းကလည်း ခြေမသေးဘူးနော။ အာစရိ ချာတိတ်တွေကိုသာ နာနာကျင့်ခိုင်းထားပေတော့”။
 
ဝါးနှစ်ပြန်လောက် မြောက်တက်သွားသော ဘောလုံး သူ့နံဘေးသို့ ဗုန်းခနဲကျသံ ကြားတော့မှပဲ သူ့အတွေးများ တစ်စစီ ခုန်ပေါက်ထွက်ပြေး သွားကြတော့၏။
 
မှောင်ပဲ မှောင်တော့မည်။ တစ်အောင့်ကြာလျှင် ဘောလုံးကိုပင် သဲသဲကွဲကွဲ မြင်ကြရတော့မှာ မဟုတ်။ ဒီနေ့အဖို့ တော်လောက်ပြီပေါ့။ သူသည် လက်ခေါက်မှုတ်ပြီး သူ့ချာတိတ်တွေကို ပွဲသိမ်းစေလိုက်တော့၏။
 
ကလေးများ သူ့ထံသို့ တစုတဝေး ပြေးလာကြသည်။ သူ့ကျောဘက်မြက်ခင်းပေါ်တွင် ချထားသော ရေခဲနှင့် သံပရာသီးခြမ်းတွေ ထည့်ထားသည့် ဇလုံပတ်လည်မှာ ဝိုင်းအုံတိုးဝှေ့ ကြသည်။
 
ကလေးတွေ၏ လန်းဆန်းတက်ကြွမှုများကိုကြည့်ရင်း သူ ရင်ထဲမှာ ပီတိတွေ ဆူဝေလှိုက်တက်လို့ လာသည်။ ရင်နဲ့အမျှလား၊ ရင်နဲ့အပြည့်လား၊ ရင်နဲ့အလျှံလား။
 
မည်သို့ပင်ဖြစ်စေ ကလေးတွေထက် မနိမ့်သော ပျော်ရွှင်ခြင်းတစ်ခုကတော့ တားမရဆီးမနိုင်ဖြစ်နေသည်မှာ အမှန်ပဲလို့ သူ့ဘာသာသူ ကောင်းစွာသိနေသည်။
 
၄ နာရီ ၄၂ မိနစ်၊ ဒုတိယပိုင်းပြီးဖို့ သုံးမိနစ်အလို။ သူ့ကို ဝိုင်းရံထားသည့် ရပ်ကွက်ထဲက ကလေးများနှင့် အတူ “ဂိုး”ဟု သတိကင်းလွတ်စွာ၊ ကျယ်လောင်မြည်ဟိန်းစွာ အော်ဟစ်လိုက်မိသည်။
 
မင်းခြေထောက်မှာ စက်များ တပ်ထားလေရော့သလား မင်းနိုင်ရယ်။
 
တစ်ဖက်အသင်းက အလယ်လူနှစ်ယောက်စလုံးကို လိမ်ခေါက်၍ ဆွဲယူသွားသည်။ ထပ်ပြီး ဆွဲသွားဦးတော့မှာလိုလိုနှင့် ကွင်းအလယ်သာသာလောက်ကနေပြီး အမြှောက် ကန်ထည့်ပစ်လိုက်သည်။ မင်းနိုင်ဆီက ဘောလုံးကို ဖျက်ထုတ်ပစ်ဖို့ ဒုန်းစိုင်းပြေးလာကြတဲ့ တစ်ဖက်အသင်းက နောက်တန်း နှစ်ယောက်။ ဘယ်မှာမီလိုက်ကြတော့လို့လဲ။ ဘောလုံး သည် သူတို့ခေါင်းပေါ်မှ ဝှီးခနဲ ကျော်ဖြတ်သွားသည်။ ဂိုးသမားခမျာမှာ လက်ကိုပင်မြှောက်ချိန် မရလိုက်။ အဝေးကနေပြီး အမှတ်မထင် ဒီလို ရှူးလိုက်လိမ့်မယ်လို့လည်း ဘယ်ထင်ထားမှာလဲ။ ဒါပေမဲ့ ဘောလုံးကတော့ ဂိုးဘားတန်းအောက် တစ်ထွာလောက်ကနေပြီး မြားတစ်စင်းပမာ တန်းတန်းမတ်မတ် ဝင်သွားလေတော့၏။
 
အောင်ငွေတို့၊ မောင်ဦးတို့၊ ချမ်းသာတို့ဆိုလျှင် ကွင်းအပြင်မှနေ၍ ကွင်းစည်းအတွင်းသို့ပင် ဝင်ကာ ကျွမ်းပစ်ကြသည်။ အုန်းပင်စိုက်ကြသည်။ ကင်းမြီးကောက် ထောင်ကြသည်။
 
လက်ခုပ်တီးသံများနှင့် လက်ခေါက်မှုတ်သံများကလည်း သူ့ နားအုံနှစ်ဖက်စလုံးကို ပွင့်ထွက်သွားစေလောက်သည်ဟု ထင်ရ၏။ ကွင်းလုံးချွတ်၍ မြှောက်ပစ်လိုက်သော မင်းမင်းကျော်၏ ပုဆိုးက ကျော်စွာ့ခေါင်းပေါ်သို့ လာရောက်အုပ်မိနေသည်မို့ တဝါးဝါးတဟားဟားနှင့် ပွဲကျ၍လည်း မဆုံးနိုင်ခဲ့။
 
အလယ်စက်ဝိုင်းတွင် ပြန်၍ တည်ထားသော ဘောလုံးက ခရာသံကို နာခံရင်းငြိမ်သက်နေသည်။ ကိုနိုင်ဝင်းတင်မှာတော့ မဏ္ဍပ်ကလေးထဲက ကုလားထိုင်ပေါ်မှာ ဖင်တကြွ ကြွ ဖြစ်လို့နေသည်။ မျက်နှာကြီးတစ်ခုလုံးမှာလည်း ချွေးစေးတွေကြားထဲက ရဲပတောင်းခတ်လို့ နေသေးသည်။
 
အပိုင်အပြတ်နိုင်မှာပဲလို့ “မျိုးတေဇာ”အသင်းအပေါ်မှာ အထင်သေးခဲ့ဖူးတယ် မဟုတ်လား ကိုနိုင်ဝင်းတင်။ စိတ်ထဲမှာ မေးခွန်းထုတ်မိခြင်းနှင့်အတူ နားထဲမှာလည်း ပြန်လည်ကြားယောင်လာပြန်သည်။ “ငွေကုန်ခံပြီး ဝတ်စုံအကောင်းစားတွေ ဘာတွေ လုပ်ပေးမနေနဲ့၊ ရှုံးထွက်စနစ်ဆိုတာလည်း ခေါင်းထဲထည့်ထားဦး” တဲ့။
 
သူပြုံးမိ၏။ နာရီကိုကြည့်လိုက်တော့ လက်တံအတိုအရှည် နှစ်ခုက ၄ နာရီနှင့် ၄၃မိနစ်ကို တိကျစွာ ညွှန်ပြလျက်ရှိနေပြီ။ ပွဲပြီးဖို့ နှစ်မိနစ်သာ လိုတော့သည်။
 
၄ နာရီနှင့် ၃၉ မိနစ်တုန်းကတော့ သူ့ နှလုံးသွေးတွေ ရုတ်တရက် ရပ်တန့်သွားခဲ့သလားပဲ။ ဂိုးမရှိသရေ ဖြစ်နေတုန်းမှာ ပင်နယ်တီတဲ့လေ။ ဖြစ်ပုံက..ဒီလို။
 
ဘောလုံးဆွဲယူလာသော တစ်ဖက်ရှေ့တန်းသမားကို ချက်စူက သဲကြီးမဲကြီး ပိတ်ဆို့ထားသည်။ ဖျက်ထုတ်ပစ်နိုင်ရန် မျက်ခြည်မပြတ် ကြိုးစားသည်။ ဒီလိုနှင့် ဂိုးစည်းထဲသို့ ရောက်လာသည်။
 
အို... ဘာမှလည်း ခြေလွန်လက်လွန် မလုပ်လိုက်ရပါလား။ ချက်စူက သူ့ဘက်သို့လိမ့်လာသော ဘောလုံးကို ကန်ထုတ်ပစ်ဖို့ ချိန်ရွယ်လိုက်ခါပဲ ရှိသေးရဲ့။ ဟိုရှေ့တန်းသမားက သူ့ခြေနှင့်သူ ခြေချင်းရှုပ်ထွေးထိခတ်မိပြီး လဲတော့၏။ တော်တော်နှင့် ပြန်မထ။ မြေပြင်ပေါ်မှာ လူးလှိမ့်နေသည်။ “မူတူးဆာမိဟေ့”၊ “မာယာတွေ မာယာတွေ” ဟူသော အသံများ လေးဖက်လေးတန်လုံး ဆူညံသွားသည်။ ဒါပေမဲ့ ပင်နယ်တီ။ ချက်စူလည်း အနီကတ်ကြောင့် ထွက်ပေရော့။ ချက်စူက မြေကြီးကို လက်သီးနှင့် နာနာထုသည်။
 
“ဟာ နိုင်ဝင်းတင့်ယောက်ဖကြီးကတော့ သူ့ပါးစပ်ထဲ ခရာရှိတိုင်း ညစ်လိုက်ပြန်ပြီကွာ”
 
အသံတစ်သံက သူ့နားထဲသို့ စူးဝင်လာ၏။ ပထမပိုင်းတုန်းက အသံရှင်ပဲ ဖြစ်ပေလိမ့်မည်။ ပထမပိုင်း ပြီးခါနီးမှာ ဖိုးတွတ်က နောက်တန်းနှစ်ယောက် ညှပ်ထားသည့်ကြားထဲမှ မဝင်ဝင်အောင် ဂိုးသွင်းနိုင်ခဲ့တာကိုပင် လူကျွံဘောဆိုပြီး ဂိုးမပေးခဲ့။ အဲဒီတုန်းကလည်း ကွင်းဆူသွားသည့်အခိုက် ဒီလေသံကို သူကြားခဲ့ရသည်။ ခုလည်း ကြားလိုက်ရပြန်ပြီ။ မကြားဝံ့မနာသာ နင်ပဲငဆ မဆဲရေးမတိုင်းထွာလိုက်တာပဲ တော်သေးရဲ့။
 
ဪ..ခုတော့ လူတစ်ယောက်လုံး အထုတ်ခံလိုက်ရတဲ့အပြင် ပင်နယ်တီတဲ့လေ။
 
ရင်ထဲမှာ ထင်းမီးရဲရဲတွေ ဟုန်းဟုန်းတောက်ပြီး တင်လဲရည်တွေ ပွက်ပွက်ပွက်ပွက် ထနေတာမျိုးလို ပူလောင်ရပြီကော။
 
ပင်နယ်တီရှူးမည့်သူကိုလည်း ကြည့်ဦး ခုချက်ချင်းပဲ ဆေးရုံပို့ရတော့ မတတ်နာကျင်ပါတယ်ဆိုပြီး လူးလှိမ့်နေခဲ့တဲ့ ကောင်ကလေး။
 
ဂိုးတိုင်နှစ်ခု၏ အလယ်တည့်တည့်မှာ အောင်ဘိုက ဒူးကလေးနှစ်ဖက် ခွင်ထားပြီး အသင့်အနေအထားနှင့် ရှိနေသည်။ အသက်မှ ရှူနိုင်သေးရဲ့လား ကလေးရယ်။ ဘုရား..ဘုရား။
 
ဤမြင်ကွင်းကို စူးစိုက်ကြည့်ဖို့ကိုပင် ဝန်လေးလာသည်။ အာရုံစိုက်ခြင်းများစွာ၏ အောက်မှာ ကွင်းတစ်ကွင်းလုံး ငြိမ်သက်လို့ နေသလောက် သူ့ရင်ထဲမှာတော့ ဒိန်းဒိန်းချင်းထပ်အောင် ဆူညံလှုပ်ခတ်လို့နေသည်။ အရေးထဲမှာ ချက်စူက သူ့နံဘေးမှာ ရှိုက်ကြီးတငင် လာငိုနေသေးသည်။
 
ခရာသံ။
 
သူသည် မျက်စိကို စုံမှိတ်ပစ်လိုက်မိ၏။ စက္ကန့်တိုတိုအတွင်းမှာ လက်ခုပ်သံများ လက်ခေါက်မှုတ်သံများ၊ ဟေးဟေး ဟားဟား အသံများ ဘာလဲ ဘာလဲ။ ဘယ်လိုဖြစ်သွားပြီလဲ။ ဂိုးဝင်သွားပြီလား။ ဂိုးပေးလိုက်ရပြီလား။ မငိုစမ်းပါနဲ့ ချက်စူရယ်။
 
မျက်စိအဖွင့်မှာတော့ အောင်ဘို၏ ခုခံကာကွယ်မှုကြောင့် အရှိန်မသေနိုင်သေးဘဲ ကွင်းအပြင်သို့ ထောင်တက်ပြေးလွှားနေဆဲဖြစ်သည့် ဘောလုံးကို သူမြင်နေရသည်။ သူ့ ချာတိတ်ကလေးတွေ အောင်ဘို့ထံ ပြေးသွားကြပြီး ဝိုင်းအုံပွေ့ဖက်ထားကြတာကိုလည်း မြင်ရသည်။ ပြီးတော့ ကိုနိုင်ဝင်းတင်၏ မျက်နှာကြီး ရှုံ့တွ ပျက်စီးယိုယွင်းသွားတာကိုလည်း မြင်ရသည်။
 
သူသည် ဘောလုံးပွဲကို မကြည့် ဖြစ်တော့ဘဲ စက္ကန့်တံကလေးရွေ့လျားနေတာကိုပဲ စူူးစိုက်နေမိတော့၏။ ရွေ့...ရွေ့...ရွေ့...။ ရွေ့လိုက်စမ်း ပါ မြန်မြန်ဆန်ဆန်။ ပွဲပြီးစေချင်လှပြီ။ ပင်နယ်တီ ထပ်အပေးခံရမှာမျိုးကိုတော့ သူအစိုးရိမ်ကြီး စိုးရိမ်နေသည်။ ဘောလုံးဆိုတာ လုံးသွားတတ်ကြောင်းကိုလည်း သူသဘောပေါက်နေသည်။
 
ဟော...ဟော
 
ခရာသံရှည်၊ ဒါပွဲသိမ်းတဲ့ ခရာသံ မဟုတ်လား။
 
သူ့နံဘေးက ချာတိတ်များ ကွင်းထဲသို့ပြေးဝင်သွားကြပြီး အောင်ဘိုနှင့် မင်းနိုင်တို့ကို ချီမြှောက်၍  ကွင်းကို အကြိမ်ကြိမ် အထပ်ထပ် ပတ်ပြေးကြသည်။
 
အင်္ကျီတွေချွတ်၍ မြှောက်ကြတော့၊ ပုဆိုးတွေချွတ်၍ မြှောက်ကြတော့၊ ဦးထုပ်တွေချွတ်၍ မြှောက်ကြတော့၊ ကွင်းထဲမှာ စွန်ရဲပေါင်းများစွာ ပျံဝဲနေသည့်အလား လှချင်တိုင်းလှပသွားလေသည်။ (အဲဒီအထဲမှာ ချက်စူတစ်ယောက်က အကဲဆုံး။)
 
မဏ္ဍပ်အောက်က မိုးပြာရောင် ပလတ်စတစ်စနှင့် ခင်းအုပ်ထားသော စားပွဲအကြီးကြီးအပေါ်မှာတော့ ဖလားမဲ့ ဟင်္သပဒါးရောင် ကလပ်သည်သာ အထီးတည်းရှိနေ၏။
 
ဖုန်တွေတင်မှာစိုးလို့ ဖလားကို ထုတ်မထားတာဘဲ ဖြစ်မည်ထင်သည်။
 
အရိပ်မထွက် ခြေတော်ရင်းမှာ ရပ်ထားသည့် မြင်းလှည်းတွေပေါ်မှာတော့ သူ့အရပ်ထဲက ပုစုခရုတွေ ငါးပိသိပ် ငါးချဉ်သိပ် ရောက်ရှိနေနှင့်ကြပြီ။ မိုးတွင်းဖားတွေလို အော်တတ်ရာရာကို အော်ဟစ်နေနှင့်ကြပြီ။ သူ့နားထဲမှာ ပျားရည်တွေနှင့် ပြည့်လျှံနေသလိုပါပဲလား။ 
ရပ်ကွက်တကာ ဖလားကြီးကိုင်ပြီး လှည့်မယ့်နေရာမှာ ဒီကောင်တွေအသံနဲ့တော့ မိုးပြိုမယ်သာပြင်ပေရော့။
 
မဏ္ဍပ်ရှေ့တည့်တည့်မှာ သူ့ချာတိတ်တွေသာ ဆုယူရန် တန်းစီထားကြသည်။ ဘယ်မှာလဲ တစ်ဖက်အသင်း။ ကိုနိုင်ဝင်းတင်က ကွင်းဘေးမှာ မျက်နှာအိုအိုလေးတွေနဲ့ ခြေပစ်လက်ပစ် ထိုင်နေကြတဲ့ သူ့အသင်းသားတွေကို မစုရုံးခိုင်းတော့ဘူးတဲ့လား။
 
“နောက်ဆုံး ဗိုလ်လုပွဲမှာ အနိုင်ရရှိတဲ့ မျိုးတေဇာအသင်း ဆုယူရန် ကြွပါ”
 
 အသံချဲ့စက်နှင့် မဟုတ်ချေ။ သွားခေါခေါနှင့်လူက အက်အက်နက်နက် အသံကြီးနှင့် လောက်စပီကာ လုပ်လိုက်ခြင်းဖြစ်ပေသည်။
 
သက်ပြင်းက ရင်ကိုကော့လျက် တစ်လှမ်းချင်း လျှောက်သွား၏။ ပြီးတော့ ဖလားပေးမည့် ကိုနိုင်ဝင်းတင်၏ ရှေ့တည့်တည့်မှာ ကြွားကြွားဝင့်ဝင့် ရပ်၏။ သူ ကြိုတင်မှာထားဖူးတာထက်ပင် သက်ပြင်းက ဟန်တွေမှင်တွေ ပိုကောင်းနေသေးတော့သည်။ ဓာတ်ပုံဆရာ တစ်ယောက်လောက်ကိုမျှ ကြိုတင်ခေါ်မထားမိခဲ့တာ နာတာပဲလို့ သူ့မှာ နောင်တကြီးစွာ ရနေမိသည်။
 
လူတစ်ယောက်က သုတ်ပျာသုတ်ပျာနှင့် ရောက်လာပြီး ကိုနိုင်ဝင်းတင်၏ လက်ထဲသို့ ထည့်သည်။ ကိုနိုင်ဝင်းတင်က သက်ပြင်းလက်ထဲသို့ အပ်နှင်းသည်။
 
သောက်ရေခွက်သာသာ ဖလားပေါက်စကလေးကို သူအံ့ဩစွာ လှမ်းကြည့်မိ၏။ တန်းစီမပျက်ရှိနေကြသော သူ့ချာတိတ်အားလုံး၏ မျက်နှာမှာလည်း သက်ပြင်းလိုပါပဲ။ နေလောင်သွားသည့် သရက်သီးမှည့်တွေနှင့် တူလှ၏။ ဆုပေးပွဲ ဆုံးခန်းတိုင်သည်အထိ ဇွဲနပဲကြီးစွာ စိတ်ရှည်ရှည် စောင့်ဆိုင်းကြည့်နေကြသော ပရိသတ်တိုင်း၏ မျက်လုံးမျက်ထောက်တွေ၌မူ ပတ္တမြားရည်ရွှန်းလဲ့ သွားကြသည်။ မျက်နှာပြင် အကြောများလည်း အနေအထား ပျက်သွားကြသည်။
 
“မိုးပေါ်က လုံးတုံးလုံးတုံး မျိုးတေဇာတို့ နိုင်တဲ့ဘောလုံး”
 
“မျိုးတေဇာကို နိုင်ချင်ရင် ကမ္ဘာတိုင်အောင် ကျင့်ကြပါဦး”
 
တက်ကြွမြည်ဟိန်းသော အသံလှိုင်းကြီးများ လှိမ့်၍ လှိမ့်၍ လာရာဘက်ဆီသို့ သူကြက်သီးမွေးညှင်း ထလျက်သားနှင့် ကြည့်လိုက်သည်။
 
ရိုးသားနိုးကြားခြင်း သဘာဝကိုသာ ရိုးသားနိုးကြားစွာ ပိုင်ဆိုင်သော ကလေးများခမျာ အမြူးလွန်နေကြရှာကုန်၏။
 

Most Read

Most Recent