ဒီမိုကရေစီကို မျှော်လင့်နေသူများအတွက်

ဒီမိုကရေစီကို မျှော်လင့်နေသူများအတွက်
Published 28 March 2015
ဒေါက်တာခင်မောင်ညို

(၁)ဆရာခင်ဗျား မတ် ၅ ရက်က ကျွန်တော်တို့ဟာ လက်ပံတန်းက ကျောင်းသားတွေရဲ့သပိတ်ကို ထောက်ခံတဲ့အနေနဲ့ ရန်ကုန်မြို့ ဆူးလေမှာ ဆန္ဒပြတယ်။ ဒါကို ရဲတွေနဲ့ အရပ်သားလက်ပတ်နီအချို့က အကြမ်းဖက်ကာ ဝင်ရောက်ဖြိုခွဲတယ်။ အဖမ်းခံရတယ်၊ ဒဏ်ရာတွေရတယ်။ ဒါကို နှစ်ဖက်အမြင်တွေနဲ့ အမျိုးမျိုးပြောကြတယ်။ သူ့အမြင်နဲ့သူပြောကြတာ ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြမှုကို ဖြိုခွဲတဲ့အခါတွေမှာ တာဝန်တို့ စည်းကမ်းတို့ပါတဲ့ လက်ပတ်အနီ ပတ်ထားတဲ့သူတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပိုပြီး ကျယ်လောင်လာတယ်ဆရာ။ နောက်ပြီး မတ် ၁ဝ ရက်က လက်ပံတန်းမှာ ရဲတွေက အင်အားအဆမတန်သုံးပြီး ကျောင်းသားတွေအပြင် ဂျာနယ်လစ်များ အရပ်သားများကိုပါ ဖမ်းဆီးတယ်။ အကြမ်းဖက်မှုများ ပြုလုပ်ရိုက်နှက်တာတွေ ရှိတယ်လို့ ပြောတယ်။ကျွန်တော်က ဒီမိုကရေစီကို မျှော်လင့်နေတဲ့သူတစ်ယောက်ပါ ဆရာ။ ဒါတွေကို မယုံချင်ပါဘူး။ အစိုးရအနေနဲ့ ဘာကြောင့် ဒီလို မမှန်မကန်တွေ လုပ်ရတာလဲဆိုတဲ့အချက်ကို သုံးသပ်ဝေဖန်ပေးပါ ဆရာ။လင်းလင်းဦးကမာကေးရွာချောင်းဆုံမြို့နယ်(၂)ကျွန်တော် လင်းလင်းဦးကို ကောင်းကောင်း သိပါသည်။ သူသည် ရန်ကုန်တွင် သင်တန်းတက်ပြီး အလုပ်လုပ်နေသူ ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်လလောက်က ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာဟောပြောပွဲမှာ ဆရာချစ်ဦးညို မလိုက်နိုင်သည့်အတွက် ကျွန်တော့်ကို ခေါ်သွားသူဖြစ်သည်။ယခု သူ ကျွန်တော့်ဆီ စာရှည်ကြီးရေးခဲ့ပါသည်။ (သူ့စာ တစ်ပိုင်းတစ်စကို ဆောင်းပါးအစတွင် ဖော်ပြထားသည်) သူ့ကို စာပြန်ရန် အချိန်မရှိပါ။ ကံအားလျော်စွာ သူ ကျွန်တော့်အိမ်ကို ရောက်ရှိလာသည်။“ဆရာရေ၊ ကျွန်တော် ရွာပြန်အခြေချဖို့ ဆုံးဖြတ်လိုက်လို့ ဆရာ့ဆီ စာရေးလိုက်တာပါ။ ခုရွာက တစ်ခေါက်ပြန်လာတုန်း ဆရာ့ဆီ ဝင်လာတွေ့တာ”“ကောင်းပါတယ်ကွာ၊ ရွာမှာ အခြေချတာ ကောင်းပါတယ်။ ဘီလူးကျွန်းကိုလည်း တံတားထိုးနေပြီ မဟုတ်လား”“ဟုတ်ကဲ့ဆရာ၊ နောက်နှစ်နှစ်ဆို ဆရာတို့လာရင် တိုက်ရိုက်ကားနဲ့ ခေါ်သွားလို့ရပြီ”“လောလောဆယ်မှာတော့ ဘီလူးကျွန်းကို ကားတစ်တန် ရေတစ်တန်နှင့် သွားရသည်မှာ အချိန်တွေပုပ်လှသည်။“မင်းလာတာနဲ့အတော်ပဲ၊ ငါ လက်ဖက်ရည်ဆိုင်မှာ ကိုဘသစ်နဲ့ ချိန်းထားလို့”ကိုဘသစ်နဲ့တွေ့တော့ လင်းလင်းကို မိတ်ဆက်ပေးသည်။“မင်းစာ ဆရာညို ပြလို့၊ ငါလည်း ဖတ်ရတယ်”“ဟုတ်ကဲ့ဆရာ၊ ကျွန်တော့်စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ဆရာ။ ကျွန်တော်တို့ရွာက လူငယ်တွေလည်း ကုန်သလောက်ဖြစ်နေပြီ ဆရာ”“ဘယ်လို”“ကျွန်တော်တို့ဆီက လူငယ်အများစုဟာ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူမှာ အလုပ်သွားလုပ်ကြတယ် ဆရာ။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းမပြီးခင် မလေးရှားထွက်ပြီး အလုပ်လုပ်ခဲ့ပါတယ် ဆရာ။ ရွာမှာ လူငယ်တွေ မရှိကြတော့ဘူး”“အင်း၊ ဆရာညိုပြောပြတယ်။ မင်းက ရွာမှာ စာကြည့်တိုက် တည်ထောင်လုပ်ကိုင်နေတယ်ပြောတယ်”“ကျွန်တော်က တည်ထောင်တာတော့ မဟုတ်ဘူးဆရာ။ ဒါပေမဲ့ ကူညီတာပါ၊ ကျွန်တော်တို့ နိုင်ငံဟာ မညီမညွတ်နဲ့ ဒီအတိုင်းသွားရင် အရင်ကတော့ အင်္ဂလိပ်က လာသိမ်းပိုက်တဲ့ ကျွန်ပေါ့ဆရာ။ ခုတော့ ကိုယ့်ဘာသာကိုယ် ကျွန်သွားခံတဲ့ လူမျိုးတွေ ဖြစ်နေတယ်။အားလုံး ဒီလိုဖြစ်ကုန်မှာစိုးလို့ပါ ဆရာ”“ဒါဆိုရင် လင်းလင်းက ဘယ်သူတွေ မညီညွတ်ဘူးလို့ ထင်နေတာလဲ”“အစိုးရနဲ့ပြည်သူပါဆရာ”(၃)ကိုဘသစ်က လင်းလင်းဦးကို မေးသည်။“ဒါနဲ့ အစိုးရနဲ့ပြည်သူ ဘယ်သူမှားတယ်ထင်လဲ”“အစိုးရမှားတာပေါ့”“ဘာဖြစ်လို့လဲ”“ကျွန်တော်က ရေဒီယိုလည်း နားထောင်တယ်၊ စာတွေလည်း ဖတ်တယ်ဆရာ၊ ပြီးတော့ မှတ်စုထဲမှာ အစိုးရပြောတာတွေရော အတိုက်အခံဘက်က ပြောတာတွေရော ပြည်သူပြောတာဆိုတာတွေကိုရော မှတ်ထားတယ်ဆရာ”“ဒါဆိုရင် မင်းရဲ့မှတ်စုထဲက အကြောင်းအရာလေးကို ပြောပြပါဦး”“ဒီမှာဖတ်ပြမယ်ဆရာ၊ လက်ပံတန်းမြို့ရှိ ဒီမိုကရေစီပညာရေးအတွက် လှုပ်ရှားနေသော ကျောင်းသားသပိတ်ကို အာဏာပိုင်များက အကြမ်ဖက်ဖြိုခွင်းလိုက်ခြင်းသည် အာဏာရှင်လုပ်ရပ်မျိုးဖြစ်ကြောင်း အရှင်ဆန္ဒာဓိကက မိန့်ကြားတဲ့”“သူကဘာလို့ ဒီလိုပြောရတာလဲ”“သူက ရွှေပါရမီပညာရေးဖောင်ဒေးရှင်း တည်ထောင်ထားတဲ့ ဆရာတော်ပဲလေ ဆရာ။ ဆရာတော်က အာဏာရှင်သရုပ်သဏ္ဍာန် အထင်းသားပေါ်နေတယ်လို့ ပြောတာပဲ”“ဒါနဲ့ပဲ ကျောင်းသားတွေမှန်ပြီး အစိုးရမှားတယ်လို့ ပြောနိုင်လား”“ဆရာလည်းဖတ်ရမှာပါ မတ် ၆ ရက် က အမေရိကန်သမ္မတ အိုဘားမားက ကျောင်းသားတွေရဲ့လုပ်ရပ်ကို အသိအမှတ်ပြုတဲ့စကားကို ပြောသွားတယ်ဆရာ။ ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း သပိတ်မှောက်ကျောင်းသားဦးရေထက် အဆမတန်များပြားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အလွန်အကျွံသုံးပြီး ဖြိုခွင်းမှုအပေါ် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ပြောသတဲ့”“ဒါလည်း တုံ့ပြန်မှုတစ်ခုပဲ”“အမေရိကန်သံရုံးကလည်း မြန်မာအစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုလုပ်ရပ်မှာ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်တယ်တဲ့ ဆရာ”“မင်းက ကျောင်းသားတွေနဲ့ပတ်သက်ပြီး အတော်မှတ်ထားတာပဲ၊ ဒါပေမဲ့ တို့မြန်မာနိုင်ငံရေး လုပ်ဆောင်နေသူတွေကတော့ အတော် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောကြတာပဲကွ”(၄)“သူတို့ကြောက်လို့လား ဆရာ”“ကြောက်အောင် ခြောက်ထားတဲ့ သဘောမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့က ကြောက်လို့တော့ မဟုတ်ဘူး။ မင်းပြောသလိုပေါ့။ တို့နိုင်ငံကြီးဟာ အစိုးရနဲ့ ပြည်သူ အဆင်မပြေရင် နိုင်ငံကြီးက တိုးတက်မယ်မဟုတ်ဘူး။ ဒီလို မတိုးတက်ရင် မင်းစောစောက ပြောသလို နိုင်ငံတကာမှာ ကျွန်သွားခံရတဲ့လူတွေ များနေဦးမှာပဲ”“ဟုတ်ကဲ့ဆရာ ဒေါ်စုကတော့ RFA နဲ့အင်တာဗျူးလုပ်တော့ အာဏာရှိတဲ့လူပဲဖြစ်ဖြစ် အာဏာမရှိတဲ့လူပဲဖြစ်ဖြစ် အဓိက နားလည်ရမှာက အကြမ်းဖက်ပြီး တွန်းတားပေးတာနဲ့ ညှိနှိုင်းတာ လုံးဝမတူဘူးဆိုတဲ့ အခြေခံသဘောတရားကို နားလည်ဖို့လိုတယ်တဲ့”“ဒါကအမှန်ပဲ၊ ဒေါ်စုက ခုနေအချိန်မှာ ညှိနှိုင်းဆောင်ရွက်ရေးကို ပြောတာအဓိပ္ပာယ်ရှိတယ်။ နေပြည်တော်မှာလည်း NNER အဖွဲ့က ဒေါက်တာသိန်းလွင်နဲ့ အဖွဲ့ဝင်စုစုပေါင်း ၂၂ ယောက်ကလည်း အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ကြားနာရေးအတွက် လွှတ်တော်တက်နေကြတယ်။ ပဋိပက္ခအသွင်ဆောင်တာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး”“ဘယ်သူက အဓိကကျလဲဆရာ ကျောင်းသားတွေနဲ့ဖြစ်တဲ့ ကိစ္စပေါ့ဆရာ၊ ကျောင်းသားက ပြည်သူဆိုတော့ ပြည်သူနဲ့အစိုးရ ညှိနှိုင်းတဲ့အခါ ဘယ်သူကပိုပြီး အရေးပါလဲ”“တကယ်တော့ အစိုးရက အဓိကကျတယ်ကွ၊ သူက ကလေးတွေလို လုပ်နေလို့မရဘူး။ ဥပမာ တို့နိုင်ငံရဲ့သမ္မတကြီး ဦးသိန်းစိန်ကို ဘီဘီစီက မေးတယ်။ တကယ်တော့ သမ္မတဆိုတဲ့အဆင့်ဟာ အတော်မြင့်တယ်လေ”“အမြင့်ဆုံးပါပဲဆရာ”“ထားပါတော့။ ဒီလို ဘီဘီစီက လက်ပံတန်းကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်ဖြစ်စဉ်နဲ့ ဆက်နွှယ်မေးတဲ့အခါမှာ  ဦးသိန်းစိန်က “ဟိုကရိုက်လို့ ဒီကပြန် ရိုက်ရတာပါ”ဆိုပြီး ဟိုကခဲနဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့သဘော ပြောသွားတယ်”“တကယ်တော့အစိုးရက ဒီလိုမလုပ်ရဘူးပေါ့ ဆရာ”“ဟုတ်ပါတယ်။ အထူးသဖြင့် ဦးသိန်းစိန်အနေနဲ့ ဒီလို ကလေးကလားစကားတွေ မပြောသင့်ဘူး။ ကိုယ့်အိမ်ရှေ့လာဆဲလို့ ကိုယ်ပြန်ဆဲတာမျိုးဟာ အရပ်သားတွေလုပ်ရင် သင့်တော်ပေမယ့် လူကြီးတွေလုပ်တာမျိုးကတော့ အဆင်မပြေဘူး။ နောက်ပြီး ဟောင်ကောင်တို့ ကိုးရီးယားတို့မှာ ဆန္ဒပြတဲ့အခါ ဒီလိုခဲနဲ့ ပေါက်တာတွေရှိတယ်။ ရဲတွေက ဘာမှပြန်မလုပ်ဘူး။ တစ်ခါတစ်ခါလည်း ဒီလိုအခြေအနေမျိုးဖြစ်အောင် တစ်ဖက်ကို ဒလန်လွှတ်ပြီးတော့ ခဲပေါက်ခိုင်းတာမျိုးတွေ ရှိတယ်။ Harmony ပျက်အောင် လုပ်လို့ရတာတွေ အများကြီးပဲ။ ဒီအတွက် အဖြေမှန်ဆိုတာ ဘယ်သူမှရှာလို့ မတွေ့နိုင်ဘူး။ အထူးသဖြင့်သမ္မတလို အကြီးအကဲတွေက ဒီလိုမပြောသင့်ဘူး”(၅)“ဒါကတော့ ဆရာရယ်၊ စစ်တပ်ကလာတဲ့လူတွေကိုး၊ ဦးနေဝင်းတုန်းကလည်း ဓား ဓားချင်း တုတ်တုတ်ချင်းဆိုပြီး ကျောင်းသားတွေကို စိန်ခေါ်ခဲ့သေးတာပဲ”“ဟုတ်ကဲ့ဆရာ ကျောင်းသားတွေကို ဒီလိုအကြမ်းဖက်တာကို သူတို့က မှန်တယ်လို့ ထင်နေသေးတယ်”“ဒါထက်အရေးကြီးတာက အဲဒီအချိန်ကစပြီး မြန်မာပြည်ဟာ မြောင်းထဲရောက်သွားခဲ့တာပဲ မဟုတ်လား။ ဒါကိုသတိထားရမယ်။ကျောင်းသားတွေဟာ အနာဂတ်ရဲ့အင်အားပါ။ သူတို့ကို မလေးမစားလုပ်နေသရွေ့ နိုင်ငံတော်ကြီးဟာ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး”“စစ်ဗိုလ်တွေ အုပ်ချုပ်နေလို့လားဆရာ”“ဒီလိုပြောလို့မရဘူးကွ၊ အမေရိကန်ကို တည်ထောင်တဲ့ ဂျော့ချ်ဝါရှင်တန်ဟာ စစ်ဗိုလ်ချုပ်ပဲ၊ ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်သေနာပတိချုပ် လုပ်ခဲ့တာပဲ၊ ဒါတွေနဲ့မဆိုင်ဘူး။ အမြော်အမြင်နဲ့ မလုပ်ကြလို့ပဲကွ”အချိန်လည်း လင့်သွားပါပြီ။ နေမဝင်မီ ကျွန်တော်တို့စကားဝိုင်းကို သိမ်းလိုက်ပါသည်။

Most Read

Most Recent