ကုန်သွယ်ရေးလိုငွေပြမှုနှင့် ဆက်စပ်ပြဿနာများ (Trade Deficit Related Issues)

ကုန်သွယ်ရေးလိုငွေပြမှုနှင့် ဆက်စပ်ပြဿနာများ (Trade Deficit Related Issues)
Published 26 March 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

(၁)
ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) သည် ပြည်ပသို့တင်ပို့သော ပို့ကုန်တန်ဖိုးပမာဏ (Export) ထက် ပြည်ပနိုင်ငံများမှ တင်သွင်းရသော သွင်းကုန်တန်ဖိုးပမာဏ (Imports) ထက် များပြားနေသော အခြေအနေဖြစ်သည်။
(၂)
ကုန်သွယ်ရေးလိုငွေပြမှု အခြေအနေသည် နိုင်ငံအများအပြားတွင် တွေ့ရှိနိုင်သော်လည်း ကာလတိုလိုငွေပြမှု အခြေအနေသည်လည်းကောင်း၊ ယင်းလိုငွေပြမှု အခြေအနေအပေါ်တွင် မည်ရွေ့မည်မျှသော ပြည်ပပို့ကုန် အမျိုးအစားများနှင့် ပမာဏမြင့်တက်လာစေရန် စွမ်းဆောင်နိုင်ရန် အထောက်အကူပြုသနည်းဟူသော အခြေအနေသည်လည်းကောင်း၊ ယင်းကုန်သွယ်ရေး လိုငွေပြမှု ကာလရှည်ကြာလာပါက နိုင်ငံ၏အရန်နိုင်ငံခြား ငွေကြေးပမာဏ မည်မျှကျဆင်းသွားကာ နိုင်ငံ၏နိုင်ငံခြားငွေ လဲလှယ်နှုန်း မည်မျှပြောင်းလဲ (မြန်မာငွေကျပ် တန်ဖိုးကျဆင်းခြင်း အခြေအနေ) သွားမည်ဆိုသည် လည်းကောင်း၊ နိုင်ငံ၏ပြည်တွင်းထုတ်ကုန် ထုတ်လုပ်နိုင်စွမ်းရည် မည်မျှအထိ တိုးတက်မြင့်မားလာကာ အနာဂတ်တွင် ပြည်ပပို့ကုန်များ အလုံးအရင်းဖြင့် တင်ပို့လာနိုင်မည့် အခြေအနေရှိခြင်း (သို့မဟုတ်) မရှိခြင်း အလားအလာကိုလည်းကောင်း၊ ပြည်တွင်းနှင့်ပြည်ပ ကုန်သွယ်ရေး ရေတိုရေရှည် အနေအထားကို လည်းကောင်း လေ့လာရပေသည်။
(၃)
တစ်ဖန် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ အထွေထွေ ကုန်ထုတ်လုပ်မှုစရိတ်နှင့် အခွန်နှုန်းထားများသည် ပြည်ပပို့ကုန်များ ဈေးကွက်အတွက် မည်ရွေ့မည်မျှ ထိုးဖောက်နိုင်စွမ်း ရှိနေသနည်း ဆိုသည်ကိုလည်း လေ့လာရန် လိုအပ်ပေသည်။
(၄)
ပြည်ပနိုင်ငံများ၏ အလားတူ ကုန်ထုတ်လုပ်ငန်းများ (အမျိုးအစားတူ ကုန်ထုတ်လုပ်ငန်းများ) ၏ လုပ်ငန်းအခြေအနေနှင့် အရွယ်အစား တို့ကိုလည်း သိရှိရန်လိုအပ်ပေမည်။
(၅)
ပြည်ပပို့ကုန် မြှင့်တင်ရာတွင် ပို့ကုန်အမျိုးအစား မြှင့်တင်ခြင်းနှင့် ပို့ကုန်ပမာဏ မြှင့်တင်ခြင်းဟူသော နှစ်ခုလုံးကို ခြုံငုံကာစဉ်းစားရပေမည်။
(၆)
ပြည်ပပို့ကုန်မြှင့်တင်ရာတွင် မိမိနိုင်ငံ၏ အဓိကပို့ကုန်နိုင်ငံများ (Major Export Countries)၊ အဓိကသွင်းကုန်နိုင်ငံများ (Major Import Countries) တစ်နည်းအားဖြင့် ယင်းပို့ကုန်တင်ပို့သော နိုင်ငံများနှင့် သွင်းကုန်တင်သွင်းသော နိုင်ငံများအကြားတွင် တည်ရှိသော စီးပွားရေးဆက်ဆံမှုများ (Economic Transactions) ကိုလည်း လေ့လာရပေမည်။
(၇)
ပြည်တွင်းကုန်ထုတ် လုပ်သူများအနေဖြင့် နိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးတွင် လိုအပ်သော သတင်းအချက်အလက်များကို လျင်လျင်မြန်မြန် ရရှိစေရန်လည်း လိုအပ်ပေမည်။
(၈)
ပြည်ပပို့ကုန်မြှင့်တင်ရာတွင် ပြည်တွင်းစားသုံးသူများ၏ စားသုံးသူဈေးနှုန်း (Consumer Price) ကို အတတ်နိုင်ဆုံး မထိခိုက်စေရန်အတွက် မည်ကဲ့သို့စီမံဆောင်ရွက်မည်နည်း ဆိုသည်ကလည်း အရေးပါသကဲ့သို့၊ ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သော သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးစေမှုများကိုလည်း ကာကွယ်ရန်လိုအပ်ပေလိမ့်မည်။
(၉)
မိမိနိုင်ငံ၏ သဘာဝအနေအထားနှင့် ပထဝီအနေအထားဟူသော အနေအထားနှစ်ရပ်ကို ကမ္ဘာ့စီးပွားရေး အနေအထားနှင့် ပေါင်းစပ်ကာ မည်သည့်ပို့ကုန်ကိုမည်မျှတင်ပို့ပြီး မည်သည့်သွင်းကုန်ကို မည်မျှတင်သွင်းမည် ဆိုသည်ကိုလည်း လေ့လာဆန်းစစ်ရန် လိုအပ်ပေလိမ့်မည်။ (မိမိတို့ထုတ်လုပ်နိုင်စွမ်းရှိခြင်း မရှိခြင်းကို ရေတိုရေရှည်စီးပွားရေး အနေအထားနှင့် ဆက်စပ်စဉ်းစား ရပေလိမ့်မည်။)
(၁၀)
ပြည်တွင်းရှိ အခမ်းအနားများ (Events)  ပွဲတော်များ (Festivals) အစရှိသည်တို့အတွက် မလိုအပ်သော ပြည်ပမှတင်သွင်း မှုများအတွက် ဖြစ်တည်လာနိုင်သော ကုန်သွယ်ရေးလိုငွေပြမှု အခြေအနေကိုလည်း စဉ်းစားရန်လိုအပ်သကဲ့သို့၊ ယင်းသို့သော အခမ်းအနားများတွင် မည်သို့သောပြည်တွင်းထုတ်ကုန်များကိုပိုမို သုံးစွဲခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်သူများ အတွက် မည်သို့သောပုံသဏ္ဌာန်များဖြင့် အ ကျိုးဖြစ်ထွန်းစေနိုင်သနည်း၊ တစ်နည်းဆိုသော နိုင်ငံတွင်းလည်ပတ်စီးဆင်းနေသော ငွေကြေးပမာဏ၏ လည်ပတ်မှုနှုန်းအားကောင်း စေမည်နည်းဆိုသည့် အချက်ကိုလည်း စဉ်းစားရပေသည်။
(၁၁)
ကုန်သွယ်ရေးလိုငွေပြမှုကို သာမန်အမြင်နှင့်ကြည့်လျှင် ပြည်ပပို့ကုန်ထက် ပြည်ပမှ တင်သွင်းကုန်ပမာဏက မြင့်မားနေသော အခြေအနေဟု ဆိုနိုင်သော်လည်း တကယ်လက်တွေ့တွင်မူ ပိုမိုနက်ရှိုင်းသော အခြေအနေများနှင့် ဆက်စပ်နေလေ့ ရှိသောကြောင့် ယင်းတို့ကိုတစ်စစီ (တစ်စစီ) သရုပ်ခွဲလေ့လာရန်လည်း လိုအပ်လေ့ရှိသည်။
(၁၂)
ကုန်သွယ်ရေးလိုငွေပြမှုပမာဏ မြင့်မားလာလျှင်နှင့် ယင်း၏ကာလကြာရှည်လာလျှင် နိုင်ငံ၏ အရန်နိုင်ငံခြားငွေပမာဏ လျော့နည်းလာနိုင်ပြီး၊ ထိန်းချုပ်နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate) မှာ လက်တွေ့တွင် ထိန်းချုပ်ရန်ခက်ခဲလာပြီး နောက်ဆုံးတွင် Official Exchange Rate နှင့် Real Exchange Rate ဟူ၍ လက်တွေ့တွင် ဖြစ်ပေါ်လာတတ်သည်။
(၁၃)
ကုန်သွယ်ရေးလိုငွေပြမှု အခြေအနေကို နိုင်ငံ၏စီးပွားရေး အနေအထားများ အနာဂတ်စီးပွားရေး မျှော်လင့်ချက်များနှင့် ကုန်ထုတ်လုပ်မှု ယန္တရားပြောင်းလဲ တိုးတက်မှုများ၊ ကုန်ထုတ်လုပ်ငန်းများ၏ စရိတ်စကဖွဲ့စည်းမှု ပုံသဏ္ဌာန်များ၊ မိမိနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုပုံသဏ္ဌာန်များ၊ မိမိနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော ပြည်ပနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုပမာဏနှင့် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းအမျိုးအစားများ (တစ်နည်းအားဖြင့် ငါးကြင်းဆီနှင့် ငါးကြင်းလာကြော်နေသော နိုင်ငံများနှင့် လုပ်ငန်းအမျိုးအစားများ)၊ ပြည်တွင်းအရင်းအနှီး စုဆောင်းမှုနှင့် ကုန်ထုတ်လုပ်မှု နည်းပညာ စုဆောင်းနိုင်မှု အနေအထား၊ နိုင်ငံသားများ၏ စားသုံးမှုပုံစံပြောင်းလဲနိုင်မှု အလားအလာ အနေအထား အစရှိသည့် များစွာသောအချက်များနှင့် ဆက်စပ်၍လည်း လေ့လာရပေသည်။
(၁၄)
ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) နှင့် ဘဏ္ဍာရေးလိုငွေပြမှု (Budget Deficit)  နှစ်မျိုးလုံးတစ်ပြိုင်တည်း မြင့်မားလာလျှင် ဖြစ်ပေါ်လာမည့် နိုင်ငံခြားငွေလဲနှုန်းနှင့် မြန်မာငွေတန်ဖိုး တို့ကိုလည်း လေ့လာရပေသည်။
 
 

Most Read

Most Recent