ဒီမိုကရေစီပညာရေး ဆန္ဒပြတောင်းဆိုခဲ့သည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းနှင့် မြေလတ်ဒေသကျောင်းသားစစ်ကြောင်းတို့မှ ကျောင်းသားခေါင်းဆောင်များအား မကွေးမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

ဒီမိုကရေစီပညာရေး ဆန္ဒပြတောင်းဆိုခဲ့သည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းနှင့် မြေလတ်ဒေသကျောင်းသားစစ်ကြောင်းတို့မှ ကျောင်းသားခေါင်းဆောင်များအား မကွေးမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
Published 20 March 2015
အောင်သူငြိမ်း

ဒီမိုကရေစီပညာရေးအတွက် ခရီးရှည်ချီတက်ဆန္ဒပြခဲ့ကြပြီး မကွေးမြို့သို့ ဖေဖော်ဝါရီလဆန်းပိုင်းက ရောက်ရှိဖြတ်သန်းခဲ့သော မန္တလေးမြို့မှ စတင်ထွက်ခွာခဲ့သည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ဗကသမှ ကိုကျော်ကိုကိုနှင့် ပခုက္ကူမြို့မှစတင်ထွက်ခွာခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ) ကျောင်းသားစစ်ကြောင်းမှ ကိုပြည့်ဖြိုးကျော်နှင့်အဖွဲ့အား မကွေးမြို့နယ်ရဲစခန်းမှ ဒုရဲမှူးတင်မောင်လွင်က တရားလိုပြု၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၁၈ ဖြင့် မတ် ၁၇ ရက် ကအမှုဖွင့်ထားကြောင်း သက်ဆိုင်ရာဌာနအတည်ပြုချက်အရ သိရသည်။ပင်မကျောင်းသားသပိတ်စစ်ကြောင်းသည် ရေနံချောင်းမြို့မှတစ်ဆင့် မကွေးမြို့သို့ ဖေဖော်ဝါရီ ၂ ရက်ကလည်းကောင်း၊ မြေလတ်ဒေသ ကျောင်းသားစစ်ကြောင်းသည် ဖေဖော်ဝါရီ ၈ ရက်ကလည်းကောင်း ရောက်ရှိခဲ့ကြကြောင်း၊ ထိုစစ်ကြောင်းများ မကွေးမြို့နယ်အစပ် ဒေါင်းနေကျေးရွာအနီးရောက်ရှိချိန်က သက်ဆိုင်ရာတာဝန်ရှိသူများက တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ မကွေးမြို့အတွင်း လှည့်လည်ဆန္ဒပြဟောပြောခဲ့ကြကြောင်း၊ ထို့ကြောင့်အဆိုပါကဲ့သို့ အမှုဖွင့်ခဲ့ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။"ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုထူထောင်နိုင်ဖို့ လွတ်လပ်မှုနဲ့လုံခြုံမှုကို ချိန်ခွင်လျှာညှိနိုင်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာရှိပါတယ်။ အခုကျောင်းသားတွေကိစ္စမှာ ကျောင်းသူကျောင်းသားတွေက ဒီမိုကရေစီပညာရေးအတွက် လွတ်လပ်စွာတောင်းဆိုတာကို အစိုးရတာဝန်ရှိသူတွေက လုံခြုံရေးရှုထောင့်တစ်ခုတည်းကနေကြည့်တော့ ဒီမိုကရေစီစနစ်ဆီသွားနေပါတယ်ဆိုတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီဆိတ်သုဉ်းသွားတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံဆိုပြီး ပြန်လည်ရပ်တည်ပြနိုင်ဖို့ ဒီမိုကရေစီခရီးကို ရှေ့ဆက်လျှောက်နိုင်ဖို့ လူသားတိုင်းရဲ့လွတ်လပ်ပိုင်ခွင့်ကို လုံခြုံမှုနဲ့ထိန်းညှိနိုင်ဖို့လိုပါတယ်" ဟု မကွေးတိုင်းကိုယ်စားပြု ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရပြီး ကျောင်းသားစစ်ကြောင်းများကိုဝန်းရံပေးခဲ့သော စကုမြို့မှ ဦးနေမျိုးကျော်ကပြောကြားသည်။ဗကသမှကိုကျော်ကိုကို၊ ကိုပြည့်ဖြိုးကျော်နှင့်အဖွဲ့တို့အား မကွေးမြို့နယ်ရဲစခန်းမှ ငြိမ်းစုစီပုဒ်မ ၁၈၊ (ပ) ၇၉/ ၂၀၁၅၊ (ပ) ၈၀/၂၀၁၅ တို့ဖြင့်အမှုဖွင့်ထားကြောင်း၊ ကိုပြည့်ဖြိုးကျော်နှင့်အဖွဲ့အား ၎င်းတို့ဖြတ်သန်းခဲ့ရာ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ အောင်လံမြို့နယ်များမှ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်သွားမည်ဟုသိရကြောင်း ကျောင်းသားစစ်ကြောင်းများကို ဝန်းရံကူညီခဲ့သူများနှင့် သက်ဆိုင်ရာဌာနများမှ သတင်းရရှိသည်။

Most Read

Most Recent