မပြေလည်မှုများ ဖြစ်ပေါ်ခဲ့သည့် စက်တင်ဘာလ ဆွေးနွေးပွဲ ဖြစ်စဉ်မျိုးမှ ရှောင်ရှားနိုင်မည့် ပုံသဏ္ဌာန်ဖြင့် ဆွေးနွေးနေဆဲဖြစ်၍ ယခုဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီမှုရရန် အခြေအနေကောင်းဟု ဆို

မပြေလည်မှုများ ဖြစ်ပေါ်ခဲ့သည့် စက်တင်ဘာလ ဆွေးနွေးပွဲ ဖြစ်စဉ်မျိုးမှ ရှောင်ရှားနိုင်မည့် ပုံသဏ္ဌာန်ဖြင့် ဆွေးနွေးနေဆဲဖြစ်၍ ယခုဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီမှုရရန် အခြေအနေကောင်းဟု ဆို
Published 18 March 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းဆွေးနွေးပွဲကဲ့သို့ ဖြစ်စဉ်မျိုးမှ ရှောင်ရှားနိုင်မည့် ပုံသဏ္ဌာန်ဖြင့် ဆွေးနွေးနေဆဲဖြစ်၍ ယခုပြုလုပ်နေသည့် ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ညှိနှိုင်းမှု ဆွေးနွေးပွဲတွင် စာချုပ်မူကြမ်းပါ အချက်များအားလုံး သဘောတူညီမှုရရန် အခြေအနေကောင်းဟု မတ် ၁၈ ရက်က ပြုလုပ်သည့် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲ ဒုတိယနေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားသည်။ပြီးခဲ့သည့် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲတွင် မပြေလည်မှုများ ဖြစ်ခဲ့ပြီးနောက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တင်းမာမှုများဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲကို ငါးလကျော် ကြာသည်အထိ မပြုလုပ်နိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်။သတင်းစာရှင်းလင်းပွဲတွင် NCCT ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီတစ်ပတ် ဘယ်လိုလုပ်ထားလဲဆိုတော့ ၂ဝ၁၄ စက်တင်ဘာတုန်းက အဖြစ်အပျက်ကို နှစ်ဖက်စလုံးက သင်ခန်းစာယူတယ်။ ဒါကြောင့် အဲဒီသင်ခန်းစာကိုယူပြီး ဒီတစ်ခါတော့ ဒီအခြေအနေမျိုး မပေါ်ပေါက်အောင် နှစ်ဖက်စလုံး ခေါင်းဆောင်တွေက အမြော်အမြင်ကြီးကြီးနဲ့ ပြင်ဆင်လာကြတာကို တွေ့ရတယ်။ ဒါက အင်မတန် ဝမ်းသာစရာကောင်းတယ်။ စက်တင်ဘာလို မပြေလည်မှုက အချိန်ခြောက်လ ဖြုန်းသလို ဖြစ်သွားတယ်။ အချိန်ခြောက်လက တစ်နိုင်ငံလုံး မျှော်မှန်းနေတဲ့ ငြိမ်းချမ်းရေးက ဝေးကွာသွားပြီလား ပျက်ပြယ်သွားပြီလား။ ဘယ်ရောက်သွားပြီလဲဆိုတာ ခြောက်လမှာ တော်တော် ဝေဝေဝါးဝါး ဖြစ်ခဲ့တယ်။ မလိုလားအပ်တဲ့ အရေးအခင်းတွေလည်း ပေါ်ခဲ့တယ်။ ဒါကြောင့် စက်တင်ဘာလို ပြဿနာမျိုးရှိရင် ကြားကာလ နောက်တစ်ပွဲတွေ့ဖို့ ခြောက်လကြာမယ်။ ခြောက်လမှာလည်း အရေးအခင်းတွေ အများကြီး ပေါ်နေမယ်ဆိုရင် အချိန်က မရှိတော့ဘူး။ ဒါကို ကျွန်တော်တို့ ခေါင်းဆောင်တွေက သုံးသပ်မိကျတော့ ဒီတစ်ခေါက် ကျွန်တော်တို့ ဝမ်းသာစရာကောင်းတာက ခေါင်းဆောင်နှစ်ဖက်စလုံးက ဒါကို သဘောပေါက်ပြီးမှ စက်တင်ဘာမှာ အထစ်အငေါ့ဖြစ်တာမျိုး လုံးဝရှောင်ရှားဖို့ဆိုတဲ့ ပုံသဏ္ဌာန်မျိုးကို တွေ့ရတယ်” ဟု ပြောကြားသည်။ယခု ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲမတိုင်မီ အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံပြီး ပဋိပက္ခများ လျှော့ချရေး ကိစ္စများ ဆွေးနွေးနိုင်ခဲ့ခြင်းသည်လည်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် ရရှိရန်အတွက် မျှော်လင့်ချက် ဖြစ်လာခဲ့သည်ဟု ၎င်းကဆိုသည်။ဆက်လက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပိုကောင်းတာက မြောက်ပိုင်းကအဖွဲ့ ဆင်းလာတဲ့အချိန်မှာ ပြည်ထောင်စုအကြီးအကဲတွေ အားလုံးနဲ့ တွေ့ဆုံပြီးတော့ ရှင်းလင်းနိုင်တဲ့ဟာက မြောက်ပိုင်းမှာရှိနေတဲ့ ပဋိပက္ခတွေကို ရှင်းလင်းဖို့အတွက် တကယ့်အရင်းခံ ဖြေရှင်းနိုင်မယ့် အရင်းခံ အကြောင်းအရာတွေကို ရသွားပြီလို့ ကျွန်တော်တို့က ယူဆတယ်။ ဒါကြောင့် မြောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ အရင်းခံအချက်တွေ ရပြီးရင် တစ်နိုင်ငံလုံး ပဋိပက္ခရှင်းဖို့က လွယ်သွားပြီ။ ဒါကြောင့် ခုနစ်ကြိမ်မြောက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တစ်နိုင်ငံလုံး ပဋိပက္ခရပ်စဲရေးကို ကျွန်တော်တို့က မျှော်လင့်ချက်ကောင်းတယ်လို့ ပြောနိုင်တာက မြောက်ပိုင်းပဋိပက္ခ  ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပြည်ထောင်စုအကြီးအကဲတွေ တွေ့လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့က ဒီမျှော်လင့်ချက် ထွက်လာတာပါ။ ဒါကြောင့် အဲဒီအချက်ကလည်း စက်တင်ဘာလို အရေးအခင်း မဖြစ်လာနိုင်အောင် ဟန့်တားတဲ့ အစီအမံပဲ ဖြစ်တယ်လို့ တင်ပြချင်ပါတယ်” ဟု ပြောကြားသည်။UPWC ကိုယ်စားပြု၍ သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့သည့် Myanmar Peace Center မှ ဦးလှမောင်ရွှေက ယခင်ဆွေးနွေးပွဲကို သင်ခန်းစာယူပြီး ယခုခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှ ကိုယ်စားလှယ် စုံလင်စွာဖြင့် အားထည့်ဆောင်ရွက်နေကြောင်း၊ ယခုဆွေးနွေးပွဲ မတိုင်မီ ကြိုတင်ညှိနှိုင်းမှုများစွာလည်း ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။NCCT အဖွဲ့ ဒုတိယခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်းကလည်း ယခုဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိမည်ဟု မျှော်လင့်ကြောင်း၊ အခက်အခဲ ဖြစ်နိုင်သည်က နှစ်ဖက်ကိုယ်စားလှယ်များ အနေဖြင့် မိမိ၏ရပ်တည်ချက်ကိုသာ ဆုပ်ကိုင်ပြီး ညှိနှိုင်းပါက သဘောတူညီမှု ရရှိမည် မဟုတ်ကြောင်း ပြောကြားသည်။“ကျွန်တော်တို့ မပြေလည်တာထက် ညှိနှိုင်းတဲ့ အချက်တွေအပေါ်မှာ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့အဖြေ မထွက်သေးတာ။ ကျွန်တော်တု့ိရရှိတဲ့ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အဖြေဆိုတာ လက်တွေ့လည်း ကျရမယ်။ အကောင်အထည်လည်း ဖော်နိုင်ရမယ်။ တစ်ဖက်သက်တည်း ကိုယ့်အဖြေနဲ့ကိုယ် အကောင်အထည်ဖော်လို့လည်း မရတဲ့ကိစ္စ ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဖြစ်နိုင်ခြေအရှိဆုံး လက်တွေ့ကျတဲ့ သဘောတူညီမှု ရဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်လာခဲ့တာ။ ကျွန်တော်တို့ NCCT ကပေါ့လေ။ ကျွန်တော်တို့ အတွင်းမှာလည်း ဆွေးနွေးမှုတွေ ရှာတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။UPWC နှင့် NCCT တို့သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်အတွက် ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေး ဆွေးနွေးပွဲကို မတ် ၁၇ ရက်မှ စတင်ပြုလုပ်လျက်ရှိရာ ဆွေးနွေးပွဲ ပထမနေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ပဋိပက္ခလျှော့ချရေး ဆိုင်ရာများ ဆွေးနွေးခဲ့ပြီး မတ် ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ဒုတိယနေ့တွင် အပစ်ရပ် မူကြမ်းပါ အခန်းများအနက် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent