အစွယ်လိုသူ၊ စေခိုင်းသူနှင့် လေးပစ်သူ

အစွယ်လိုသူ၊ စေခိုင်းသူနှင့် လေးပစ်သူ
Published 18 March 2015
မောင်ကြည်

ကျွန်တော် အခုရက်ပိုင်းအတွင်းမှာ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို သတိရနေမိပါတယ်။ ၅၅၀ နိပါတ်တော်လာ ဆဒ္ဒန်ဆင်မင်းဇာတ်ကို တော်တော်များများ ကြားဖူးကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်လေးကို ပြန်ပြောရသော်-ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းမှာ မဟာသုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါဆိုတဲ့ မိဖုရားနှစ်ပါး ရှိကြပါတယ်။ စူဠသုဘဒ္ဒါမိဖုရားဟာ ဆဒ္ဒန်ဆင်မင်း သူ့အပေါ် သုဘဒ္ဒါမိဖုရားလောက် မချစ်ဟု အထင်လွဲပြီး ရန်ငြိုးဖွဲ့ခဲ့ပါတယ်။ အဲဒီ ရန်ငြိုးက နောင်တမလွန်ဘ၀ အထိတောင် ပါသွားပါတယ်။စူဠသုဘဒ္ဒါ မိဖုရားကံတော်ကုန် စုတေပြီးနောက် ဗာရာဏသီပြည့်ရှင် ကာသိမင်းထံမှာ တောင်နန်းစံမိဖုရား သုဘဒ္ဒါ ဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့ အတိတ်ဘဝက ရန်ငြိုးကို မမေ့နိုင်သေးတဲ့ သုဘဒ္ဒါဟာ ဆဒ္ဒန်ဆင်မင်းရဲ့ အစွယ်ကိုဖြတ်ပြီး သတ်ဖို့ရန် သောနုတ္တရမုဆိုးကို ဆင်မင်းရှိရာသို့ စေလွှတ်ခဲ့ပါတယ်။အဲဒီဇာတ်တော်ထဲမှာ ကျွန်တော် စိတ်ဝင်စားတဲ့ အခန်းကတော့ တောထဲရောက်လာတဲ့ သောနုတ္တရကို ဆင်မင်းက ‘ငါ့ကို အဘယ်အကြောင်းကြောင့် သတ်ရတာလဲ’ လို့မေးတဲ့အခါ သောနုတ္တရမုဆိုး ပြန်ဖြေတဲ့ အခန်းပါပဲ။သုဘဒ္ဒါမိဖုရား အစွယ်ဖြတ်ခိုင်းစဉ်တုန်းကတော့ သောနုတ္တရဟာ ဝမ်းပန်းတသာနဲ့ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သို့သော် ဆဒ္ဒန်ဆင်မင်းရှေ့မှောက်မှာ သူသေရတော့မလို ဖြစ်လာတဲ့ အခါမှာတော့ သူ့မှာ အပြစ်မရှိလေသယောင်၊ မိဖုရားကခိုင်းလို့ မလုပ်ချင်ဘဲ လုပ်ရလေသယောင်၊ ကိုယ်လွတ်ရာလွတ်ကြောင်း ရှာကြံပြီး ဆင်ခြေဆင်လက်ပေးတတ်တဲ့ သဘာဝကို သူပြန်လည် လျှောက်တင်တဲ့ စကားတွေမှာ အထင်းသား မြင်နိုင်ပါတယ်။ဆဒ္ဒန်ဆင်မင်း သူ့ကိုမသတ်သင့်ကြောင်း သောနုတ္တရမုဆိုး ဆင်ခြေတတ်ပုံကို စာဆိုဦးပုညက အလင်္ကာဂုဏ်မြောက်စွာ ဟောဒီလို ကဗျာဖွဲ့ခဲ့ပါတယ်။‘အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူကဘုရာ့ ကျွန်တော်၊ ကြံဖော်ကြံဖက် သုံးယောက်သားအနက်တွင် ကံကွက်ကျား၍ ငမိုက်သား မုဆိုးလေ၊ နင့်ချည်းပင် သေပေရော့ဟု၊ ငွေတောင်အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ ကျွန်တော့်အား သတ်လျှင်လည်း မလွတ်နိုင်ရာ သေရပါတော့မည်။ ကရုဏာရှေးရှူ လွှတ်တော်မူလျှင်လည်း လူမလိမ္မာ ကျွန်မိစ္ဆာသည် ချမ်းသာရာ ရပါတော့မည် ဘုရား’ တဲ့။သောနုတ္တရရဲ့ ပြန်လည်လျှောက်တင်ပုံ စကားတွေမှာ လုပ်တုန်းကတော့ ဝမ်းပန်းတသာနဲ့ တစ်စုံတစ်ခု အကျိုးကို မျှော်ကိုးပြီး လုပ်ခဲ့ရာကနေ အရေးအကြောင်းပေါ်လို့ ကိုယ့်အသက်အန္တရာယ် စိုးရိမ်ဖွယ်ကို မြင်ရတဲ့အခါ မိမိမှာ အပြစ်မရှိကြောင်း သူများခိုင်းလို့ မလွှဲသာမရှောင်သာ လုပ်ရပါကြောင်း ကိုယ်လွတ်ရုန်း ဆင်ခြေပေးကာ ရှောင်ရှားတတ်တဲ့သူတွေရဲ့ စရိုက်လက္ခဏာတွေ ပေါ်လွင်နေတာကို တွေ့ရမှာပါ။အဲဒီလို စရိုက်လက္ခဏာရှိတဲ့ သူမျိုးတွေဟာ ဆဒ္ဒန်ဆင်မင်းတို့ ခေတ်မှာတင် ရှိခဲ့တာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ အဲဒီလို လူမျိုးတွေ ပေါ်ထွက်လာစမြဲပဲလို့ ကျွန်တော် ထင်ပါတယ်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းကို ပြန်လှန်ကြည့်မယ်ဆိုလျှင် အဲဒီလို လူမျိုးတွေကို အထင်းသားတွေ့ရမှာ သေချာပါတယ်။ အရင်ကလည်း ရှိခဲ့တယ်။ အခုလည်း ရှိတယ်။ နောင်လည်း ရှိနေဦးမယ်လို့ ထင်ပါတယ်။ အဲဒီလို လူမျိုးတွေဟာ သမိုင်းကို အရုပ်ဆိုး အကျည်းတန်အောင် လုပ်ခဲ့ကြသလို လူ့လောက လူ့အသိုင်းအဝိုင်းကိုလည်း ကောင်းကျိုးမပေးဘဲ ဆိုးကျိုးသာ ပေးခဲ့ကြသူတွေပါပဲ။ဒါဆိုရင် သောနုတ္တရမုဆိုးလို လူစားတွေတင်ပဲလားတဲ့။ ဘယ်ကလိမ့်မလဲ။ သောနုတ္တရလို လူမျိုးတွေကို စေခိုင်းနေတဲ့ မင်းဧကရာဇ်လို လူမျိုးတွေ၊ အဲဒီ မင်းဧကရာဇ်ကို အကြံပေးတဲ့ အစွယ်လိုသူ မိဖုရားတွေလည်း ခေတ်အဆက်ဆက်မှာ ပေါ်ထွက်လာခဲ့စမြဲပါပဲ။
အဲဒီလို စရိုက်လက္ခဏာရှိတဲ့ သူမျိုးတွေဟာ ဆဒ္ဒန်ဆင်မင်းတို့ ခေတ်မှာတင် ရှိခဲ့တာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ အဲဒီလို လူမျိုးတွေ ပေါ်ထွက်လာစမြဲပဲလို့ ကျွန်တော် ထင်ပါတယ် . . . . .

ဒါဆို ဆဒ္ဒန်ဆင်မင်းဇာတ်တော်မှာ အစွယ်ကိုဖြတ်ရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ ဘာလဲလို့ ကျွန်တော်ဆက်စဉ်းစားကြည့်မိပါတယ်။ အဓိက အကြောင်းရင်းဟာ ဆင်မင်းအပေါ် ရန်ငြိုးဖွဲ့ခဲ့တဲ့ စူဠသုဘဒ္ဒါရဲ့ အမုန်းတရားပါပဲ။ အဲဒီ အမုန်းတရားကြောင့်ပဲ သုဘဒ္ဒါဟာ အစွယ်ဖြတ်ဖို့ မင်းဧကရာဇ်ကို အကြံပေးခဲ့ခြင်း မဟုတ်ပါလား။ဒါဆိုရင် မင်းဧကရာဇ်ကရော မိဖုရားရဲ့အကြံကို ဘာကြောင့် လက်ခံလိုက်ရတာလဲ။ ပြီးတော့ သူကိုယ်တိုင် သောနုတ္တရကို ဘာကြောင့် အမိန့်ပေး စေခိုင်းရတာလဲ။ သုဘဒ္ဒါရဲ့ မကောင်းတဲ့အကြံကို သူတို့နှစ်ယောက်စလုံး ဘာကြောင့် လိုက်နာခဲ့ကြတာလဲ။ကျွန်တော်ဟာ ဒီဇာတ်တော်မှာ အဓိက အကြံပေးခဲ့သူ သုဘဒ္ဒါကို အနည်းငယ် စိတ်ဝင်စားသွားပါတယ်။ သုဘဒ္ဒါဟာ ဘယ်လိုအကြံပေးသူမျိုးလဲ။ အကြံပေးသူတွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိထားသင့်သလဲ။ အဲဒီလို ဆက်စဉ်းစားလိုက်တဲ့အခါ ဖတ်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲက အကြံပေးတော်တဲ့ ပညာရှိကြီး တစ်ယောက်ကို သတိရသွားပါတယ်။တစ်ခါက ကျေးရွာတစ်ရွာမှာ ပညာရှိကြီးတစ်ယောက် ရှိပါတယ်။ ရွာသူရွာသားတွေဟာ အစစအရာရာမှာ သူ့ကိုသာ အားကိုးအားထားပြုပြီး တိုင်ပင်ကြပါတယ်။ တစ်နေ့တော့ နွားတစ်ကောင်ဟာ စဉ့်အိုးတစ်လုံးထဲက ရေကို ခေါင်းလျှိုပြီးသောက်လိုက်ရာ ခေါင်းကို ပြန်ချွတ်မရဘဲ ဖြစ်သွားပါတယ်။ ရွာသားတွေလည်း ကြံရာမရတဲ့အဆုံး ပညာရှိကြီးထံသွားပြီး အကြံဉာဏ် တောင်းရပါတော့တယ်။ပညာရှိကြီးက သူ့မုတ်ဆိတ်တွေကို ပွတ်ကာ သေချာစဉ်းစားပြီး အကြံပေးလိုက်ပါတယ်။ သူ့အကြံက ‘နွားခေါင်းကို ဖြတ်ပစ်လိုက်ကြ’ တဲ့။ ဒါနဲ့ ရွာသားတွေလည်း နွားခေါင်းကို ဖြတ်ပစ်လိုက်ကြတာပေါ့။ဒါပေမဲ့ ခက်နေတာက နွားခေါင်းကို ပြန်ထုတ်မရဘူး ဖြစ်နေတယ်။ ပညာရှိကြီးထံ နောက်တစ်ခေါက် ပြန်ပြေးပြီး အကြံတောင်းကြတယ်။ ပညာရှိကြီးက သူ့မုတ်ဆိတ်ကို လက်နဲ့သပ်ပြီး အလေးနက်ဆုံး အကြံကို ပေးလိုက်ပြန်ပါတယ်။‘အိုးကို ရိုက်ခွဲလိုက်ကြပေါ့ကွာ’ တဲ့။ ဒါနဲ့ အိုးကိုရိုက်ခွဲပြီးတော့ သေသွားတဲ့ နွားကို ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ရွာသားတွေ နောက်တစ်ခေါက် လာမေးကြပြန်တယ်။ ပညာရှိကြီးကလည်း ‘ရွာထဲမှာ လိုက်ဝေပြီး ချက်စားလိုက်ကြပေါ့ကွာ’ လို့ အကြံပေးလိုက်ပြန်ပါတယ်။နောက်ဆုံးတော့ ရွာသားတွေ ပညာရှိကြီးအိမ်ကို အမဲသားဟင်းတစ်ခွက် သွားပို့ကြတယ်။ ပညာရှိကြီးက အမဲသားဟင်းပန်းကန်ကိုကြည့်ရင်း မျက်ရည်ကျရှာတယ်။ ဒါကိုမြင်တဲ့ ရွာသားတွေက ‘ဘာကြောင့် မျက်ရည်ကျပါသလဲ’ လို့ မေးကြတဲ့အခါ ပညာရှိကြီးက ‘အင်း မင်းတို့တွေ ငါမရှိရင်တော့ ခက်ရချည်ရဲ့ကွယ်’ လို့ ပြန်ပြောလိုက်ပါသတဲ့။ကျွန်တော် အဲဒီပုံပြင်လေးကို ပြန်သတိရမိပြီး ဆက်စဉ်းစားကြည့်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သုဘဒ္ဒါလို၊ ပညာရှိကြီးလို အကြံပေးတွေ၊ မင်းဧကရာဇ်လို စေခိုင်းသူတွေ၊ သောနုတ္တရလို စေခိုင်းသမျှ ဘာမှမစဉ်းစားဘဲ လုပ်မယ့်သူတွေသာ တစ်နေ့တခြား တိုးပွားများပြားလာခဲ့မည် ဆိုလျှင်...။

Most Read

Most Recent