NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးများသို့ မတက်ရောက်နိုင်ကြောင်း ခွင့်ယူသည့်ရက်များအတွင်း ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ကြောင်း စုံစမ်းသိရသည်။ မတ် ၁၆ ရက်နှင့် ၁၇ ရက်တွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများသို့ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းမရှိပေ။ "ဒီရက်အတွင်းမှာတော့ ဥက္ကဋ္ဌကျန်းမာရေးစစ်ဆေးမှုခံယူခဲ့တယ်လို့ သိရပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က သတင်းထောက်များ၏မေးမြန်းချက်ကို ဖြေကြားပေးသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက "အန်တီက နေပြည်တော်ရောက်နေတဲ့အတွက် နေပြည်တော်မှာ ကျန်းမာရေးစစ်ဆေးလိုက်တာပါ။ တချို့ထွက်လာတာတွေက ကောင်းပါတယ်။ အကုန်တော့မသိရသေးပါဘူး" ဟုပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်၏အသက်မှာ ၇၀ ဝန်းကျင်ရှိပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်အစည်းအဝေးကာလအတွင်း နိုင်ငံခြားခရီးစဉ်ရှိသောကာလများမှတစ်ပါး ယခုကဲ့သို့ ရက်ဆက်လွှတ်တော်ခွင့်ယူသည်မှာ ရှားပါးသည်။ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုနေသည့်တွေ့ဆုံဆွေးနွေးပွဲများသည်လည်း မကြာမီဖြစ်ပေါ်လာနိုင်ဖွယ်ရှိရာ ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးကောင်းမွန်ရန် အထူးလိုအပ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးခွင့်ယူသည့်ရက်များအတွင်း ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ဟုသိရ















