ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မတ် ၂၀ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိဟု ဒေါက်တာအေးမောင်ခန့်မှန်းသော်လည်း သမ္မတပြောရေးဆိုခွင့်ရှိသူအတည်မပြု

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မတ် ၂၀ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိဟု ဒေါက်တာအေးမောင်ခန့်မှန်းသော်လည်း သမ္မတပြောရေးဆိုခွင့်ရှိသူအတည်မပြု
Published 17 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မတ် ၂၀ ရက်အတွင်းဖြစ်ပေါ်လာနိုင်သည်ဟု အဆိုပါဆွေးနွေးပွဲ၌ပါဝင်ရမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မတ် ၁၇ ရက်တွင်ပြောကြားသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ဒေါက်တာအေးမောင်ကပြောကြားခဲ့သည်ဟုဆိုကာ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲသည် မတ် ၂၀ ရက်တွင် ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။၎င်းဖော်ပြချက်ကိုမူတည်ကာ သတင်းထောက်များက မေးမြန်းသည်ကို ဒေါက်တာအေးမောင်က "သောကြာနေ့အတွင်းတော့ဖြစ်နိုင်ပါတယ်။ ဒါကျွန်တော်တွေးတာပါ" ဟု ပြန်လည်ဖြေကြားသည်။"ဒါကမျှော်မှန်းတာပါ။ ဦးရွှေမန်းကလည်း ဘယ်မှမသွားနဲ့ပြောတယ်။ Monday to Friday ပေါ့။ နောက်တစ်ပတ်ဆိုရင် လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းရမယ့်ကာလကရှိနေပြီ။ အဲဒီတော့ ဒီဖွဲ့စည်းပုံမတင်ခင်တွေ့ဖို့ကလိုတယ်။ ဒါကြောင့် လာမယ့်သောကြာနေ့ဟာ တွေ့သင့်တွေ့ထိုက်တဲ့ ရက်သတ္တပတ်ရဲ့ နောက်ဆုံးအခွင့်အရေးရှိတဲ့နေ့လို့ပဲပြောချင်ပါတယ်" ဟု ဒေါက်တာအေးမောင်က သတင်းထောက်များကိုပြောကြားသည်။သို့သော် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၌ သတင်းထောက်များ၏မေးမြန်းမှုကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ကျွန်တော်တို့မကြားသေးဘူး။ မသိသေးပါဘူး။ သိရရင် ကျွန်တော်ပြောပါမယ်" ဟု ပြန်လည်ဖြေကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း မတ် ၁၁ ရက်က လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်တွေ့ဆုံကာ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲအတွက် ပြင်ဆင်ထားကြရန် ပြောကြားထားသည်။        

Most Read

Most Recent