ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အရေးပေါ် အစည်းအဝေး ပြုလုပ်

ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အရေးပေါ် အစည်းအဝေး ပြုလုပ်
Published 16 March 2015

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ၏ ပြည်နယ်နိုင်ငံခြားရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ဝေနှင့် မြန်မာကောင်စစ်ဝန်ချုပ်တို့သည် ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို မတ် ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း cctv.com ၌ ဖော်ပြထားချက်အရ သိရသည်။မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံ အနေဖြင့် ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးခဲ့ကြောင်း ယူနန်ပြည်နယ် အစိုးရ၏ ပြည်နယ်နိုင်ငံခြားရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ဝေက ပြောကြားခဲ့သည်။ ထို့ပြင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတွင် ထိခိုက်သေကျေမှုနှင့် ငွေရေးကြေးရေး ဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အလားတူ တရုတ်နိုင်ငံက မြန်မာအစိုးရအား ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။တရုတ်နိုင်ငံက ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းများကို သေချာစွာ စုံစမ်းစစ်ဆေးရန်လည်း မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့ပြီး ပဋိပက္ခကို ဖြေရှင်းရန်လည်း ပြောကြားခဲ့သည်။ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် လေကြောင်းကင်းလှည့်မှုကို တိုးမြှင့်ရန် တိုက်ခိုက်ရေး ဂျက်လေယာဉ် အများအပြားကို စေလွှတ်ချထားကြောင်း တရုတ်လေတပ်က ပြောကြားခဲ့သည်။တရုတ်နိုင်ငံ အတွင်းသို့ လမ်းလွဲရောက်ရှိလာသည့် လူသေဆုံးစေသော နောက်ထပ်ပစ်ခတ်မှုများ ဖြစ်ပေါ်လာမည် ဆိုပါက တရုတ်စစ်တပ်သည် ၎င်းတို့၏ ပြည်သူများ လုံခြုံရေးအတွက် ကာကွယ်ရန် တင်းမာပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရလိမ့်မည်ဟု တရုတ်အကြီးတန်း စစ်ဘက်ဆိုင်ရာခေါင်းဆောင် ဖန်ချန်လောင်းက မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံအား ရာဇသံပေးခဲ့သည်။
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း . . . . .

တရုတ်ဗဟိုစစ် ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းက မတ် ၁၃ ရက်တွင် မြန်မာစစ်လေယာဉ်တစ်စင်းက ကြဲချခဲ့သော ဗုံးတစ်လုံးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တရုတ်နိုင်ငံသားငါးဦးကို သေဆုံးစေခဲ့ပြီးနောက် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တယ်လီဖုန်းမှတစ်ဆင့် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။မတ် ၁၃ ရက် ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်သောင်းကျန်းသူများနှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အချင်းချင်းနှင့် တပ်မတော်များအချင်းချင်း ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့တပ်မတော်သည် အထက်ပါကိစ္စနှင့် ပတ်သက်၍ ပဏာမ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီး တစ်ဖက်နယ်နိမိတ်ကို ကျော်လွန်ခြင်း မရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများကို မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်း၌သာ အထူးအလေးထား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာအစိုးရက မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် မြေပြင်တွင် ပဏာမစစ်ဆေးမှုများ ပြုလုပ်ရန် မတ် ၁၅ ရက်တွင် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့နှင့် တရုတ်နိုင်ငံဘက်မှ ဒေသခံအာဏာပိုင် အဖွဲ့တစ်ဖွဲ့သည် လည်းကောင်း၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများနှင့် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်တို့သည် လည်းကောင်း အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေး ကြည့်ရှုလျက် ရှိပါကြောင်း၊ လိုအပ်မည့် အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ အထက်ပါဖြစ်စဉ်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးကို ပျက်ပြားစေလိုသော ကိုးကန့်သောင်းကျန်းသူများ၏ ပါဝင်မှု ရှိ၊ မရှိကိုလည်း စိစစ်ဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်း သံတမန်လမ်းကြောင်းမှ နီးကပ်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာ့တပ်မတော်မှလည်း နှစ်နိုင်ငံ တပ်မတော်များ အချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent