ခြောက်ဦးဆိုင် မြိုင်ပါ့မလား၊ မြိုင်ထလား

ခြောက်ဦးဆိုင် မြိုင်ပါ့မလား၊ မြိုင်ထလား
Published 16 March 2015
ဒေါက်တာရန်မျိုးသိမ်း

တွေ့ဆုံဆွေးနွေးပွဲ ယဉ်ကျေးမှုသည်သာ လက်ငင်းမြန်မာ့နိုင်ငံရေး အကျပ်အတည်းများကို ထိထိရောက်ရောက် ကုစားနိုင်မည်ဖြစ်သည်။ လွတ်လပ်ရေး ရပြီးကတည်းက စစ်မှန်၊ ထိရောက်၊ ရေရှည်အမြင်ရှိသည့် တွေ့ဆုံဆွေးနွေးပွဲများ ပျောက်ဆုံးနေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေး ပျောက်ဆုံးနေသရွေ့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးနှင့် တိုင်းသူပြည်သား လူထုညီညွတ်ရေးလည်း ရရှိနိုင်မည် မဟုတ်ပေ။ အဆိုပါ ညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး၊ တိုင်းပြည်သည် လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သောတိုင်းပြည် ဖြစ်နေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု၏ ရှေ့ရေးကို လက်တွေ့ကျကျ မျက်မှောက်ပြုမည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ထောက်ပြခဲ့သော တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးနှင့် တိုင်းသူပြည်သား လူထုညီညွတ်ရေးတို့ကို မဖြစ်မနေ တည်ဆောက်ရမည်ဖြစ်သည်။ ညီညွတ်ရေး တည်ဆောက်နိုင်မည့် နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများကို ပွင့်လင်းမြင်သာမှုရှိရှိ၊ ပရိယာယ်ဝေဝုစ်ကင်းကင်း ဖော်ဆောင်ရမည် ဖြစ်သည်။ သုံးဦးဆိုင်၊ လေးဦးဆိုင်၊ ခြောက်ဦးဆိုင်၊ ဆယ်ဦးဆိုင် မည်သို့ပင်ဖြစ်စေ စစ်မှန်ထိရောက်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ရေရှည်အမြင်နှင့် မဖြစ်မနေ အသက်သွင်းရမည်ဖြစ်သည်။ သော့ချက်ပုဂ္ဂိုလ်များအားလုံး အနေဖြင့် လက်ငင်းနိုင်ငံရေး အကျပ်အတည်းများ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို လက်တွေ့ကျကျ အဖြေရှာလိုသည့် နိုင်ငံရေးအာသီသနှင့် ဆန္ဒပြင်းပြနေမှသာ တိုင်းပြည်နှင့် ပြည်သူလူထုအကြား ညီညွတ်ရေးကို လက်တွေ့ကျကျ မြှင့်တင်နိုင်မည်ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် မတ် ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးရေး ရုပ်လုံးပေါ်လာနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ သူရဦးရွှေမန်းက ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးပွဲကို မကြာမီ ကျင်းပနိုင်ဖွယ်ရှိသည်ဟု ဆိုသော်လည်း ကျင်းပမည့် နေ့ရက်အတိအကျကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးနှင့် ပတ်သက်၍ သဘောတူဆုံးဖြတ်ပြီး ဖြစ်နိုင်ခြေရှိသော်လည်း ဆွေးနွေးပွဲကျင်းပမည့် အစီအစဉ် အသေးစိတ်ကိုမူ ချပြနိုင်ရေး ချီတုံချတုံ ဖြစ်နေပုံရသည်ဟု သုံးသပ်နိုင်သည်။သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် မတ် ၁၀ ရက် နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသည် မတ် ၁၁ ရက် ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေမြင့်မားကြောင်း ပြောဆိုခဲ့သည့် နိုင်ငံရေးပါတီခေါင်းဆောင်များ အစည်းအဝေးနှင့် ဆက်စပ်နေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဗန်းပြတွေ့ဆုံဆွေးနွေးမှုမျိုးကို မလိုလားကြောင်း၊ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများကို လိုလားကြောင်းနှင့် အမျိုးသားရင်ကြားစေ့ရေး မူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ လွှတ်တော်တွင်း သီးသန့်တွေ့ဆုံမှုသည် လက်ပံတန်းမြို့၌ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည့်နေ့တွင် ပြုလုပ်ခဲ့ခြင်းမှာ နိုင်ငံရေးအရ တိုက်ဆိုင်မှု ဖြစ်ကောင်းဖြစ်နိုင်သည့်နည်းတူ အကွက်ဆင်မှု၊ ဗျူဟာဆင်မှုလည်း ဖြစ်နိုင်သည်ကို မျက်စိဒေါက်ထောက် ကြည့်ရမည်ဖြစ်သည်။အစိုးရနှင့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့သည် လတ်တလော လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲခဲ့မှုနှင့် ဆက်စပ်သော ဆိုးကျိုးသက်ရောက်မှုများကို ဗျူဟာမြောက် တန်ပြန်လျှော့ချနိုင်ရန် ပြင်ဆင်ဆောင်ရွက်လာနိုင်ခြေ ရှိသည်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ ပြစ်တင်ဝေဖန်ရှုတ်ချမှုများနှင့် လှုပ်ရှားမှုများ တရိပ်ရိပ် မြင့်မားလာနေသည့် အခြေအနေတွင် အစိုးရနှင့် အာဏာရပါတီသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် လက်တွဲ၍ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၏ သော့ချက် ခြေလှမ်းတချို့ကို အယောင်ပြလှမ်းပြနိုင်သည့် အနေအထား ရှိနေသည်ကိုလည်း မျက်ခြည်မပြတ်ရန် အထူးလိုအပ်မည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပါအဝင် လက်ငင်းမြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများ၊ ပြဿနာများကို ဗျူဟာမြောက် ချဉ်းကပ်ဖြေရှင်းနိုင်မည့် နိုင်ငံရေးလမ်းပြမြေပုံသစ် တစ်ရပ်ကို . . . . .

ရန်ကုန်မြို့၌ အလုပ်သမား ဆန္ဒပြပွဲနှင့် ကျောင်းသားဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲခဲ့ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများ စစ်ကြောင်းကို အရက်စက်ဆုံး၊ အပြင်းထန်ဆုံး အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းတို့ကို နိုင်ငံရေးသကာဖုံးနိုင်ရန် ရည်ရွယ်လျက် အစိုးရနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးပွဲ အပါအဝင် နိုင်ငံရေးခြေလှမ်းအချို့ကို လှမ်းလာနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။ သို့သော် ဆင်သေကို ဆိတ်ရေနှင့်ဖုံးသည့် ခြေလှမ်းဖြစ်လာနိုင်သည်ကို ဆင်ခြင်သင့်သည်။ ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးပွဲကို လတ်တလော ဖိအားများ၊ ဝေဖန်မှုများ၊ အပြစ်တင်မှုများ လျော့ပါးရုံသက်သက် ပုံဖော်လာမည်ဆိုလျှင် အကျိုးထက် အဆိုးဖြစ်နိုင်ခြေ များသည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။လွန်ခဲ့သော ရှစ်နှစ်ကာလ သမိုင်းကို ပြန်ဆန်းစစ်လျှင် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုများ တောင်ပြိုကမ်းပြိုကျနေချိန် ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို ၂၀၀၈ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း ဆက်တိုက်ထုတ်ပြန် ကြေညာခဲ့သည်။ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးကို အကြောင်းပြုလျက် မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံနှင့်အညီ ဆက်လက်ဖော်ဆောင်မည့် နိုင်ငံရေးခြေလှမ်းများကို ကရားရေလွှတ် ထုတ်ပြန်ခဲ့သည့် ခြေလှမ်းများကို ယနေ့ကာလတွင် ထည့်သွင်းသုံးသပ် ဆင်ခြင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။စစ်မှန်ထိရောက် အလုပ်ဖြစ်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများသည် လက်ငင်းမြန်မာ့နိုင်ငံရေးတွင် လစ်ဟာနေဆဲဟု လည်းကောင်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် နှုတ်ထွက်စကား၊ စာစကားသက်သက်သာ ဖြစ်နေဆဲဟု လည်းကောင်း သုံးသပ်နိုင်သည်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဖိအားပေးမှုများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများအား လူနည်းစုအကျိုးရှိပြီး လူထုကို အကျိုးမပြုနိုင်သည့် ဖြေလျော့စေသည့် နည်းလမ်းများအဖြစ် လိုရာဆွဲသုံးနေသရွေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည်လည်း နာလန်ထအဆင့်မှ တက်ဦးမည် မဟုတ်ပေ။ တွေ့ဆုံဆွေးနွေးပွဲများကို အချိန်ဇယား အစီအစဉ် အသေးစိတ်နှင့်အတူ ရေးဆွဲထုတ်ပြန်လျက် တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းပေါ် ခြေမချနိုင်သရွေ့ မြန်မာ့ဒီမိုကရေစီ ခရီးသည် ကြမ်းတမ်းခက်ထန်နေဦးမည်သာ ဖြစ်သည်။
လာမည့် ခြောက်ဦးဆိုင် မြိုင်ဆိုင်မှသာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲတို့သည် နိုင်ငံရေးအရ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာမည်။ သို့မှသာ တိုင်းပြည်နှင့် ပြည်သူလူထု အနေဖြင့် ဆင်းရဲတွင်းမှရုန်းထ၊ ပြု ပြင်ပြောင်းလဲရေး လမ်းစစစ်စစ်ကို မှန်းဆနိုင်မည်ဖြစ်သည် . . . . .

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးတို့အတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသား အစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတကို ရွေးချယ်ပြီး နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရသည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ အရေးကြီးအဆိုကို သမ္မတအနေဖြင့် ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်သော်လည်း ကြန့်ကြာအောင် လုပ်ထားနိုင်သည်မှာ အထင်အရှားဖြစ်သည်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် အနေဖြင့် မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာ ခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ထပ်မံအတည်ပြု အကြောင်းကြားခဲ့သည်။ ပကတိနိုင်ငံရေး အခင်းအကျင်းတွင် ပြည်ထောင်စုလွှတ်တော်၏ ခြောက်ဦးဆိုင်တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းကြောင်း အရေးကြီးအဆိုသည် ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား လေးဦးဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို နိုင်ငံရေးအရ လွှမ်းမိုးခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးရေး၏ စုဖွဲ့မှုပုံသဏ္ဌာန်တွင် အာဏာရပါတီက သုံးဦး၊ အတိုက်အခံဟု ဆိုနိုင်သူနှစ်ဦးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ဖြစ်နေခြင်းသည် တန်းတူရည်တူရှိမှုနှင့် အားမျှခြေရှိမှု အပိုင်းတို့ကို များစွာထိခိုက်နိုင်ခြေ ရှိနေသည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတို့သည် ယနေ့တိုင် မရေရာမသေချာနေဆဲ ဖြစ်သည်။ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီ၊ လွှတ်တော်အစည်းအဝေးများ ကျင်းပရန် ရက်ပေါင်းနှစ်ဆယ်သာ လိုတော့သည့် အချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ခြင်း မရှိသေးသည်မှာ သိသာမြင်သာသော လစ်ဟာကွက်ကြီးပင်ဖြစ်သည်။လာမည့် ရက်သတ္တပတ်တွင် ခြောက်ဦးဆိုင် တွေ့ဆုံဆွေးနွေးပွဲကို မဖြစ်မနေ ကျင်းပနိုင်မည်ဆိုလျှင် ပထမအဆင့် အထမြောက်သည်ဟု သတ်မှတ်နိုင်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပါအဝင် လက်ငင်းမြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများ၊ ပြဿနာများကို ဗျူဟာမြောက် ချဉ်းကပ်ဖြေရှင်းနိုင်မည့် နိုင်ငံရေးလမ်းပြမြေပုံသစ် တစ်ရပ်ကို ရေးဆွဲချမှတ်နိုင်ရန် လိုအပ်မည် ဖြစ်သည်။ အဆိုပါ လမ်းပြမြေပုံနှင့်အညီ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို အချိန်ဇယားကိုက်၊ ပွင့်လင်းမြင်သာ ရိုးသားစွာ၊ လက်ချင်းချိတ်၊ ကျောချင်းကပ်ဖော်ဆောင်လာနိုင်မည်ဆိုလျှင် အမျိုးသားပညာရေး ဥပဒေ အကျပ်အတည်း အပါအဝင် အခြားစိန်ခေါ်မှုများကိုလည်း ကြောင်းကျိုးလျော်ညီစွာ ထိန်းညှိဆောင်ရွက်လာနိုင်ခြေ ရှိမည်ဖြစ်သည်။အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် မေ ၁၉ ရက် ကျင်းပခဲ့သော တိုင်းပြုပြည်ပြု ပမာဏပြင်ဆင်မှု ညီလာခံတွင် လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် မဖြစ်နိုင်ကြောင်း၊ ဒီမိုကရေစီဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်ဟစ်အော်ပြီး ညာတဲ့စနစ်တွေလည်း ရှိတယ်။ လူတွေက တိုင်းသူပြည်သားတွေက အစိုးရအာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက် ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာဘဲ။ ဒါပေမဲ့ ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့ လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာ ဖြစ်နေတာဘဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီအစစ် မဖြစ်နိုင်ဘူး။ အတုတွေသာဖြစ်နိုင်ကြောင်း ရှင်းရှင်းဘွင်းဘွင်း မိန့်ကြားခဲ့သည်ကို ပြန်လည် ကြားယောင်မိသည်။အချုပ်အားဖြင့်ဆိုသော် ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းကောင်းမွန်သောအစိုးရ စသည့်အသံများသည် လက်ငင်းနိုင်ငံရေး အခြေအနေတွင် အကောင်အထည်ဖော်နိုင်မှု အားနည်းလွန်းနေဆဲဖြစ်သည်။ လာမည့် ခြောက်ဦးဆိုင် မြိုင်ဆိုင်မှသာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲတို့သည် နိုင်ငံရေးအရ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာမည်။ သို့မှသာ တိုင်းပြည်နှင့် ပြည်သူလူထု အနေဖြင့် ဆင်းရဲတွင်းမှရုန်းထ၊ ပြု ပြင်ပြောင်းလဲရေး လမ်းစစစ်စစ်ကို မှန်းဆနိုင်မည်ဖြစ်သည်။ လာမည့် ခြောက်ဦးဆိုင်သည် မမြိုင်မဆိုင်နှင့် မြိုင်ထသက်သက်သာ ဖြစ်လာမည်ဆိုလျှင် တိုင်းပြည်နှင့် တိုင်းရင်းသား ပြည်သူလူထု အနေဖြင့် လျှောက်လှမ်းရမည့် ရှေ့ခရီးသည် ခယောင်းလမ်းသက်သက်သာ ဖြစ်လာနိုင်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။