ကွယ်လွန်သူ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက သူ့နိုင်ငံနဲ့ သူ့လူမျိုးတွေကို သမိုင်းတွင်စေမယ့် စကားတစ်ခွန်း ပြောခဲ့ဖူးပါတယ်။ အဲဒါကတော့ “နိုင်ငံတော်က သင့်အတွက် ဘာလုပ်ပေးနိုင်မလဲလို့ မမေးပါနဲ့။ သင်က နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်မလဲလို့ပဲ မေးပါ” ဆိုတဲ့ စကားတစ်ခွန်းပါ။
ကျွန်တော်တို့ မွေးဖွားလာတယ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မွေးဖွားလာတာ မဟုတ်ပါဘူး။ အစိတ်အပိုင်းဆိုတာက များလွန်းပါတယ်။ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုရင်တောင်မှ မှန်ချင်မှ မှန်ပါလိမ့်ဦးမယ်။ မပြောပလောက်တဲ့ အမှုန်လေး တစ်မှုန်ဖြစ်ခဲ့မယ် ဆိုရင်တောင်မှ ကျွန်တော်တို့ ကျေနပ်သင့်ပါတယ်။ ပြောရရင် အဲဒီမပြောပလောက်တဲ့ အမှုန်ကလေးတွေ စုပေါင်းပြီးမှ နိုင်ငံတော်ကြီးတစ်ခု အင်မတန်ကောင်းမွန်တဲ့ နိုင်ငံတော်ကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့အားလုံး အမှုန်ကလေးတစ်ခု ဖြစ်ရတာကို ဂုဏ်ယူသင့်ပါတယ်။
အမှန်တော့ နိုင်ငံသား တစ်ယောက်အနေနဲ့ သူ့ကိုမွေးဖွားပေးလိုက်တဲ့ နိုင်ငံထက် ဘယ်သူကမှပိုပြီး မကြီးမြတ်နိုင်ပါဘူး။ အနော်ရထာမင်းကြီးဟာ မြန်မာနိုင်ငံတော်ကို ပထမဆုံး တည်ထောင်ခဲ့သူပါ။ နိုင်ငံတော်ကို တစုတစည်းတည်းဖြစ်အောင် တည်ထောင်ခဲ့သူအဖြစ် ကျွန်တော်တို့ အနော်ရထာကို လေးစားမြတ်နိုးပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတော်ထက်တော့ ပိုပြီးလေးစားဖို့ မဖြစ်နိုင်ပါဘူး။
အဲဒီလိုပဲ ကျွန်တော်တို့ဗိုလ်ချုပ်အောင်ဆန်းကို လေးစားပါတယ်။ မြတ်နိုးပါတယ်။ အလေးဂရုပြု တန်ဖိုးထားထိုက်တဲ့ အရာတွေ အားလုံးထက်ပိုပြီး သူ့ကိုတန်ဖိုးထားပါတယ်။ သူ့ကို နှိမ့်ချစော်ကားတဲ့ အပြုအမူမျိုး ဘယ်သူကပဲ ပြုသည်ဖြစ်စေ မိမိကိုစော်ကားတာထက်ပိုပြီး နာကျင်အောင် ခံစားရပါတယ်။ ဒါက သူ့ကိုချစ်လို့ဆိုတာထက် သူ့ရဲ့နိုင်ငံချစ်စိတ် အမျိုးချစ်စိတ် သူက နိုင်ငံတော်အပေါ်ထားတဲ့ မြင့်မြတ်ဖြူစင်တဲ့စိတ် နိုင်ငံနဲ့လူမျိုးအတွက် အနစ်နာခံပြီး စွန့်လွှတ်ရဲတဲ့စိတ်ကို လေးစားတန်ဖိုးထားတာလို့ ပြောရင် ပိုပြီးမှန်ပါလိမ့်မယ်။ ဒါကိုကြည့်ရင်ကိုပဲ ဘယ်လောက်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ပင်ဖြစ်စေ အဲဒီပုဂ္ဂိုလ်ဟာ နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခု ဒါမှမဟုတ် ကိုယ်စားပြုတဲ့ ပုံရိပ်တစ်ခုအဖြစ်ကလွဲပြီး နိုင်ငံတော်ထက်တော့ လွန်ကဲကြီးမြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါကလဲ လူဆိုတာ သေမျိုးဖြစ်ပေမယ့် နိုင်ငံတော်ဆိုတာကတော့ အဲဒီနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့လူမျိုးတွေ တိုင်းရင်းသား မျိုးနွယ်တွေအားလုံးက တစ်လက်ကတစ်လက်ပြောင်းပြီး အဆင့်ဆင့်ကာကွယ် ထိန်းသိမ်းနေသမျှ ကာလပတ်လုံး ကမ္ဘာတည်သရွေ့ မပျောက်မပျက် တည်တံ့နေတော့မှာမို့လို့ပါပဲ။
သည်လို ကမ္ဘာတည်သရွေ့ မပျောက်မပျက် တည်တံ့နေအောင် စွမ်းဆောင်တဲ့နေရာမှာ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ဒါမှမဟုတ် လူမျိုးတစ်မျိုးတည်းက တာဝန်ယူပြီး လုပ်ဆောင်လို့တော့ရမှာ မဟုတ်ပါဘူး။ အဲဒီနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးအားလုံးက တာဝန်ယူပြီး ကာကွယ်စောင့်ရှောက်ကြမှသာ ရေရှည်တည်တံ့နိုင်မှာပါ။ အဲဒီလို ကာကွယ်စောင့်ရှောက်ရာမှာလဲ နိုင်ငံသားအားလုံးက ငါတို့က တာဝန်ရှိပေတယ်လို့ ခံယူနိုင်ကြဖို့ လိုပါတယ်။
အမှန်တော့ ကိုယ်ဘာပဲလုပ်သည်ဖြစ်စေ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် မဟုတ်တာ သေချာသည့်တိုင် တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိ မရှိ အသေအချာ ဆန်းစစ်သင့်ပါတယ်။ တိုင်းပြည်အတွက်လို့ သေချာသည့် တိုင်အောင်လည်း အကျိုးနဲ့ အပြစ်ကို ဆင်ခြင်ရပါလိမ့်ဦးမယ်။ အကယ်၍ အပြစ်ဖြစ်လာ ခဲ့ရင်လည်း ဝန်ခံပြီး ပြုပြင်ရဲတဲ့သူဖြစ်နိုင်ဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်လို့ သာဓကလေးတစ်ခု ပြောရမယ်ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကို တော်လှန်ပါတယ်။ သူ့စိတ်ထဲမှာ ဂျပန်တွေကပေးတဲ့ “အာရှသာတူညီမျှ” ဆိုတဲ့ ကတိစကားကိုယုံပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ဂျပန်နဲ့ပေါင်းပြီး ရယူနိုင်မယ်လို့ ရိုးရိုးသားသား ထင်ခဲ့တာပါ။ ဗိုလ်ချုပ်ရဲ့စိတ်က သူကောင်းစားဖို့ သူ့မိသားစုကောင်းစားဖို့ ဆိုတဲ့စိတ် တစိုးတစမှမရှိဦး အမှန်ပါ။ သူအကောင်းဆုံးတွေးပြီး အကောင်းဆုံး လုပ်ခဲ့တာကလည်း တိုင်းပြည်လွတ်လပ်ရေးရဖို့ သက်သက်ပါ။
ဒါပေမဲ့ မြန်မာနိုင်ငံကို ဂျပန်ကသိမ်းပြီးတဲ့နောက်မှာ လွတ်လပ်ရေးအတု “ရွှေရည်စိမ်” လွတ်လပ်ရေးကိုပေးပြီး မြန်မာနိုင်ငံလုံး ဂျပန်နှိပ်စက်သမျှ ခံရပါတော့တယ်။ သည်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “အောင်ဆန်းပင့်လာတဲ့ ဘုရားတွေ” ဆို ပြီး ဗိုလ်ချုပ်ကို အပြစ်တင်ပါတယ်။ သည်တော့ “ကျွန်တော်မပင့်လည်း သူ့ဘာသာသူ ကြွလာမှာပဲ” လို့ ဗိုလ်ချုပ်က ပြန်ပြီးချေပပါတယ်။ အမှန်လည်း ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့ရင် ဂျပန်က အင်္ဂလိပ်ကိုတိုက်ပြီး အရှေ့တောင် အာရှကိုသိမ်းဖို့ ကြံရွယ်ထားပြီးသားပါ။ နောက်တော့ ဗိုလ်ချုပ်က သူ့အမှားလည်း ပါတန်သလောက် ပါတယ်ဆိုတာကလွဲပြီး ဂျပန်ကိုပြန်ပြီး တော်လှန်ပါတယ်။ ဒါက အများသိပြီးသားမို့ အကျယ်မပြောတော့ပါ ဘူး။ ဆိုချင်တာက ဗိုလ်ချုပ်ဟာ အင်္ဂလိပ်ကိုတော်လှန်ဖို့ ဂျပန်ကိုပေါင်းတာက တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ထင်ပြီး ပေါင်းခဲ့တာပါ။ အကျိုးထက် အပြစ်က ပိုလာတော့လဲ ပြုပြင်ရဲတဲ့စိတ် ရှိတာကိုက အင်မတန် လေးစားထိုက်တဲ့ စံနမူနာပြစိတ်ဓာတ်လို့ ဆိုရမှာပါပဲ။
လူဆိုတာ သည်လိုပဲ ရှိသင့်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးလုပ်တဲ့ သူတွေမှာသည်လိုစိတ်မျိုး မွေးဖို့ အင်မတန်သင့်ပါတယ်။ သည်ကနေ တိုင်းပြည်ရဲ့အခြေအနေကိုကြည့်ရင် ဒီမိုကရေစီစနစ်ကို သွားနေပြီ ဆိုပေမယ့် ဒီမိုကရေစီစနစ်ကို ဟန်ကျပန်ကျ လုံးဝပြည့်ပြည့်စုံစုံ အကောင်အထည် ဖော်နိုင်တဲ့အဆင့်ကိုတော့ မရောက်သေးပါဘူး။ ရောက်ဖို့ဆိုရင်လည်း နိုင်ငံသားအားလုံးက သတိတရားနဲ့ အမြော်အမြင်ရှိရှိ ထိန်းကျောင်းပြီး လျှောက်ရမယ့်ခရီးက အဝေးကြီး ကျန်ပါသေးတယ်။
အချုပ်အားဖြင့် ပြောချင်တာကတော့ ကိုယ်ကနိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် လုပ်နေတာမှန်ရင် နိုင်ငံတော်ရဲ့ မျက်နှာကိုပဲ ကြည့်သင့်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ မျက်နှာကိုပဲကြည့်ပါလို့ ပြောချင်တာပါပဲ။