မကြာသေးမီကာလက ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ အဆိုတစ်ခုကို ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၂၁၇ မဲနဲ့ ကန့်ကွက်ပယ်ချခဲ့တဲ့ အချက်ဟာ မီဒီယာလောက အတွက်သာမက မြန်မာ့ဒီမိုကရေစီရေးအတွက် အထူးစိုးရိမ်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်း ဖြစ်နေလို့ပါပဲ။
သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီမရှိသလို ဒီမိုကရေစီမ ရှိရင်လည်း သတင်းလွတ်လပ်ခွင့်မရှိပါ။ ဒါကြောင့် သတင်းလွတ်လပ်ခွင့်ကို ဒီမိုကရေစီရဲ့ အသက်သွေးကြော၊ ဒီမိုကရေစီရဲ့ကျောရိုး၊ ဒီမိုကရေစီရဲ့ ခံတပ်စသဖြင့် တင်စားကြတာ ဖြစ်ပါတယ်။ လွှတ်တော်က သတင်းလွတ်လပ်ခွင့်အပေါ် အရေးမထားဘူးဆိုရင် ဒီမိုကရေစီ ကူးပြောင်းရေးဟာ ဆောင်းတွင်းအိပ်မက် ဖြစ်သွားပါလိမ့်မယ်။
သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အစိုးရဘက်က တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက တောင်းဆိုတင်ပြရာမှာ သူက ဖြစ်စဉ်သုံးခုကို ပုံစံပြခဲ့ပါတယ်။ အလဲဗင်းမီဒီယာကို ပြန်ကြားရေးဌာနက တရားစွဲထားတဲ့ ဖြစ်စဉ်၊ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ ယူနတီဂျာနယ် သတင်းသမားများကို နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ ဖြစ်စဉ်တွေပါ။
သတင်းသမားတွေဘက်က ဘာမှ ကျင့်ဝတ်စည်းကမ်း မဖောက်ဖျက်ခဲ့ပါဘဲနဲ့ အသက်ဆုံးသူဆုံး၊ ထောင်ကျသူကျ၊ တရားစွဲခံရသူ ခံရဖြစ်နေခြင်းဟာ မီဒီယာဥပဒေကို ချိုးဖောက်ပြီး မီဒီယာကို စနစ်တကျဖိနှိပ်နေတာပဲလို့ဦးဖြိုးမင်းသိန်းက ရှင်းလင်း တင်ပြခဲ့ပါတယ်။ ဒါကို မီဒီယာ ဥပဒေ ပြဋ္ဌာန်းရာမှာ အဓိကကျတဲ့ လွှတ်တော်နဲ့အစိုးရပိုင်းက ပြန်ပြီးအရေးယူပေးဖို့ ပြောခဲ့တာပါ။
သတင်းမီဒီယာများ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန်နှင့် သတင်းမီဒီယာ အနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်မှုများ အလျင်အမြန် ပြုလုပ်ပေးပါရန် ပန်ကြားပါသည်ဆိုပြီး တင်ပြခဲ့တာပါ။
အံ့ဩစရာမကောင်းတာက တင်ပြချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ပြင်းပြင်းထန်ထန်ကန့် ကွက်ခဲ့တဲ့အဖြစ်ပါ။ အံ့ဩစရာ ကောင်းတာက လွှတ်တော်ကလည်း ဒီအဆိုကို မဲအများစုနဲ့ ကန့်ကွက်ပယ်ချခဲ့တာပါ။
လွတ်လပ်တဲ့ မီဒီယာလား၊ ပြန်ကြားရေး ဝန်ကြီးဌာနလား
သတင်းမီဒီယာတွေ လွတ်လပ်စွာလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အဆိုကို ပြန်ကြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်တာက သိပ်မထူးဆန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အလုပ်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလုပ်ဟာ ဆန့်ကျင်နေတတ်လို့ပါပဲ။
လွတ်လပ်တဲ့ မီဒီယာတွေရဲ့ အဓိကအလုပ်က စတုတ္ထမဏ္ဍိုင်အဖြစ် အခြားမဏ္ဍိုင်သုံးခု (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) ကို ထိန်းညှိပေးတာပါ။ တခြားမဏ္ဍိုင် သုံးခုကပူးပေါင်းပြီး ဖောက်လှဲဖောက်ပြန်လုပ်ရင် မီဒီယာက ဖွင့်ချဖော်ထုတ်တဲ့နည်းနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို တည်တံ့အောင် ဆောင်ရွက်ပေးရတာပါ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံများမှာ လွတ်လပ်တဲ့ မီဒီယာများ အားကောင်းအောင် အထူးဂရုစိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာက အစိုးရပိုင်ဌာနတစ်ခုသာ ဖြစ်ပါတယ်။ သူက စတုတ္ထမဏ္ဍိုင် အလုပ်ကို ဘယ်လိုမှ မလုပ်နိုင်ပါ။ ကျန်မဏ္ဍိုင်သုံးရပ်ကို ထိန်းညှိပေးရတာထက် အစိုးရရဲ့ လုပ်ရပ်တွေ တကယ်ကောင်းကြောင်း၊ အလွန်ကောင်းကြောင်း၊ ပြောစမှတ်ပြုရအောင် ကောင်းကြောင်း ကြော်ငြာပေးရတာက အဓိက ဖြစ်ပါတယ်။ ဝါဒဖြန့်ချိရေးကို အဓိကလုပ်ရတဲ့ ဌာနဆိုရင် မမှားပါဘူး။
ဒါကြောင့် လွတ်လပ်တဲ့ မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ သဘာဝအရ ခြားနားဆန့်ကျင်ပါတယ်။ လွတ်လပ်တဲ့ မီဒီယာတွေ အားကောင်းရင် ပြန်ကြားရေး ဝန်ကြီးဌာနဟာ ဝါဒဖြန့်ချိရေးကို လက်လွတ်စပယ် မလုပ်ရဲပါ။ အစိုးရရဲ့ ကိုးရိုးကားရား လုပ်ရပ်တွေကို လိုက်ဖုံးရင် မီဒီယာတွေကြောင့် အရှက်တကွဲ ဖြစ်တတ်ပါတယ်။
ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကူးပြောင်းလိုတယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး လွတ်လပ်တဲ့မီဒီယာတွေရဲ့ အခန်းကဏ္ဍကို အားပေးမြှင့် တင်ကြရပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို ကြည့်ရင် လွတ်လပ်တဲ့ မီဒီယာတွေကို မြှင့်တင်ပေးတာမတွေ့ရဘဲ ကျဆုံးအောင် လုပ်နေတာတွေကိုပဲ တွေ့ရပါတယ်။
ဈေးကွက်ထဲမှာ အသေသတ်တဲ့နည်း
၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှာ ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့်ပြုလိုက်တဲ့နောက် မြန်မာ့မီဒီယာလောကမှာ လွတ်လပ်တဲ့ နေ့စဉ်သတင်းစာတွေ စတင်လာပါတယ်။ ဒီသတင်းစာတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံဆိုတဲ့ ပြန်ကြားရေးဌာနပိုင် သတင်းစာတွေက ဈေးကွက်ထဲမှာ အသင့်စောင့်နေပါတယ်။ ပုဂ္ဂလိက သတင်းစာတွေက တစ်စောင်ကို ကျပ် ၂ဝဝ နဲ့ ရောင်းမှ အရင်းကြေရုံရှိတဲ့ အချိန်မှာ မြန်မာ့အလင်းနဲ့ ကြေးမုံက တစ်စောင်ကို ကျပ် ၅ဝ နဲ့ ရောင်းနေတာပါ။ ကြော်ငြာမှန်သမျှကိုလည်း အစိုးရပိုင်သတင်းစာတွေကပဲ လက်ဝါးကြီး အုပ်ထားတာဆိုတော့ မကြာခင်မှာဘဲ ပုဂ္ဂလိက သတင်းစာတွေ တဖြုတ်ဖြုတ်နဲ့ ဇီဝိန်ကြွေကုန် ပါတော့တယ်။ လွတ်လပ်တဲ့ ဈေးကွက်ဟာ သတ်ကွင်းတစ်ခု ဖြစ်သွားပါတယ်။
ပုဂ္ဂလိက သတင်းစာတွေ ဈေးကွက်ထဲမှာ အသေသတ်ခံနေရတာကို အစိုးရက လက်ပိုက်ကြည့်နေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဆင့်လိုက် လုပ်ဆောင်နေပါတယ်ဆိုတဲ့ အစိုးရက လွတ်လပ်တဲ့ သတင်းစာတွေ တစ်စောင်ပြီး တစ်စောင် ပျောက်ကွယ်သွားတာကို သူ့တာဝန်မရှိသလို လက်ပိုက်ကြည့်နေပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လွတ်လပ်တဲ့မီဒီယာတွေ အားကောင်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ကောင်းမွန်သော အစိုးရဖြစ်ဖို့ သူ့ဘာသာ ဘယ်လိုမှ မပြောင်းလဲနိုင်ပါဘူး။ လွတ်လပ်တဲ့ မီဒီယာတွေက ကူညီပေးရမှာပါ။ အစိုးရအဖွဲ့ထဲက အကျင့်ပျက်ခြစားမှုတွေ လွဲချော်တဲ့ စီမံခန့်ခွဲမှုတွေကို လွတ်လပ်တဲ့ မီဒီယာကပဲ ထောက်ပြဖော်ထုတ် ပေးရမှာပါ။ ဒါကြောင့် လွတ်လပ်တဲ့ မီဒီယာများထဲမှာ ပါဝင်တဲ့ ပုဂ္ဂလိက သတင်းစာများ ထူမတ်ရပ်တည်နိုင်အောင် ကူညီပေးရပါမယ်။
လက်တွေ့ ကူညီနိုင်တာတွေ ရှိပါတယ်။ အစိုးရသတင်းစာများကို ဖြန့်ချိရာမှာပေးတဲ့ သယ်ယူပို့ဆောင်မှု အခွင့်အရေးမျိုး ပုဂ္ဂလိက သတင်းစာတွေကို ပေးနိုင်ပါတယ်။ အခွန်အခ လျှော့ပေးနိုင်ပါတယ်။ သတင်းစာ ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ တင်သွင်းကုန်ပစ္စည်းတွေကို အခွန်မဲ့ သတ်မှတ်ပေးနိုင်ပါတယ်။ အစိုးရပိုင် ဘဏ်တွေကနေ အတိုးနည်းနည်းနဲ့ ငွေချေးပေးနိုင်ပါတယ်။ ဘတ်ဂျက်နဲ့ ရပ်တည်လို့ရတဲ့ အစိုးရသတင်းစာတွေမှာ စီးပွားရေးကြော်ငြာတွေကို လက်မခံတဲ့နည်းနဲ့ ပုဂ္ဂလိကသတင်းစာတွေဆီ ကြော်ငြာရောက်သွားအောင် ကူညီနိုင်ပါတယ်။
လောလောဆယ်မှာတော့ ပုဂ္ဂလိက သတင်းစာတွေကို အလဲထိုးနေတဲ့ ပြန်ကြားရေးသတင်းစာ နှစ်စောင်ကိုပဲ မီဒီယာလောကမှာ ဆက်လက် မင်းမူနိုင်အောင် ဥပဒေပြုဖို့ ကြိုးစားနေပါတယ်။
လက်ဝါးကြီးအုပ်မယ့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာလား
ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရပိုင် သတင်းစာရယ်လို့ မရှိတတ်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံကိုလည်း ပုဂ္ဂလိကကိုပဲ လက်လွှဲရောင်းချ ပစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီလိုလည်း မလုပ်ချင်တဲ့အတွက် အများပြည်သူ ဝန်ဆောင်မှု သတင်းစာများအဖြစ် ပြောင်းလဲဖို့ဥပဒေကြမ်းတစ်ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်မှာ တင်ထားပါတယ်။
ဒီဥပဒေကြမ်းအရ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့သတင်းစာနှစ်စောင်ဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေဖြစ်မယ်။ အစိုးရပိုင် မဟုတ်တော့ပေမယ့် အုပ်ချုပ်ရေး အဖွဲ့ကို အစိုးရနဲ့ လွှတ်တော်က ရွေးချယ်ပေးမယ်။ ဘတ်ဂျက်လည်းယူမယ်။ ကြော်ငြာလည်း ထည့်မယ်။ အလှူငွေလည်း လက်ခံမယ်။ ဘာကျန်သေးတုံး။ ဒါကိုမှ လက်ဝါးကြီးအုပ်မှုလို့ မပြောရင် ဘာကို ပြောမလဲ။ အများပြည်သူဝန်ဆောင်မှု မီဒီယာနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းကို မှတ်သားသင့်ပါတယ်” အများပြည်သူ ဝန်ဆောင်မှု မီဒီယာဟာ အစိုးရရဲ့ မျက်နှာသာပေးမှုကို ရယူပြီဆိုရင် ပြန်လည်ပေးဆပ်ရမှာကတော့ လွတ်လပ်မှုပဲဖြစ်တယ်” တဲ့။
ဥပဒေတစ်ခုကို ရေးဆွဲတဲ့အခါပဲဖြစ်ဖြစ် တရားစီရင်တဲ့ အခါမှာပဲဖြစ်ဖြစ် အရေးကြီးဆုံး အချက်ကိုချန်ပြီး ရေးဆွဲတာ မြန်မာနိုင်ငံမှာ ဓလေ့ဖြစ်နေပြီလားလို့တွေးစရာ ဖြစ်ပါတယ်။ ဘယ်အချက်လဲဆိုတော့ “တရားမျှတမှု” ဆိုတဲ့အချက်ပါ။ တရားမျှတမှုကို မစဉ်းစားဘဲ တရားစီရင်ခဲ့တာကြောင့် အမှုပိုရှုပ်လာတာတွေ၊ တရားမျှတမှုကို ချန်လှပ်ပြီး ဥပဒေရေးဆွဲ ခဲ့တာတွေကြောင့် ပြဿနာပိုတက် လာတာတွေက မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးပါ။ ပြောရမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ တရားမျှတမှုကို မဏ္ဍိုင်မထားဘဲ ရေးဆွဲခဲ့တာကြောင့် အာဏာရှင်စနစ်ထဲက ထွက်ဖို့ ခက်ခဲနေတာပါ။
ယခု ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲတင်ပြထားတဲ့ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေဟာ ဘယ်လိုတရားမျှတကြောင်း ရေးဆွဲသူများက ရှင်းပြဖို့လိုပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်း တင်ပြခဲ့တဲ့ အမှုတွေမှာလည်း တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားမျှတမှုရှိရဲ့လား ဆိုတာကို လွှတ်တော်က ပြန်သုံးသပ်သင့်ပါတယ်။ အဲဒီကတဆင့် မီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ရေရှည်ရပ်တည်နိုင်ရေး အတွက်လည်း တရားမျှတတဲ့ ဥပဒေတွေကို ရေးဆွဲသင့်ပါတယ်။ အစိုးရကလည်း တတ်နိုင်သမျှ ပံ့ပိုးကူညီ ပေးသင့်ပါတယ်။
လောလောဆယ်မှာတော့ မီဒီယာလွတ်လပ်ခွင့်ကို ပဓာနမထားတတ်သေးတဲ့ တရားစီရင်ရေးကြောင့် မီဒီယာသမားများ တရားရုံး ရောက်သူရောက်၊ ထောင်ကျသူကျ ဖြစ်နေပြီ။ အစိုးရက ပံ့ပိုးထိန်းညှိပေးခြင်း မရှိဘဲ အစိုးရကိုယ်တိုင်ကဝင်ပြီး ဈေးကွက်လုနေတဲ့ မီဒီယာလောက အတွင်းမှာ ပုဂ္ဂလိက သတင်းစာတွေ နေ့မြင်ညပျောက်ဖြစ်နေပြီ။ ဖေဖော်ဝါရီလကုန်မှာ မဇ္ဈိမ နေ့စဉ်သတင်းစာ ရပ်သွားပြီ။ လက်တစ်ဖက်စာလောက်ကျန်တဲ့ ပုဂ္ဂလိက သတင်းစာတွေထဲကတချို့ ဘယ်တော့ ရပ်မလဲတွေးနေရပြီ။ ဒီမိုကရေစီခံတပ်တွေ စနစ်တကျဖြိုဖျက် ခံနေရပြီလား။