သပိတ်မှောက်ကျောင်းသားစစ်ကြောင်းအား ကျောင်းသားကလေးငယ်များက မိဘများ၏သဘောတူလိုလားချက်ဖြင့် ကသစ်ကန်ရွာထိပ်အထိ လိုက်ပါပို့ဆောင်ခဲ့ခြင်းသာဖြစ်

သပိတ်မှောက်ကျောင်းသားစစ်ကြောင်းအား ကျောင်းသားကလေးငယ်များက မိဘများ၏သဘောတူလိုလားချက်ဖြင့် ကသစ်ကန်ရွာထိပ်အထိ လိုက်ပါပို့ဆောင်ခဲ့ခြင်းသာဖြစ်
Published 9 February 2015

ဖေဖော်ဝါရီ ၉ ရက်က အောင်လံမြို့နယ် ကသစ်ကန်ကျေးရွာမှ ပြည်မြို့သို့ထွက်ခွာသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် ကျောင်းသားကလေးငယ်များ လိုက်ပါပို့ဆောင်ခြင်းအပေါ် သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Hmuu Zaw Facebook တွင်ဖော်ပြထားသကဲ့သို့ လူသားဒိုင်းသဖွယ်အသုံးပြုခြင်းမဟုတ်ကြောင်း ဗကသအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။    အဆိုပါကလေးငယ်များမှာ ကျောင်းသားသပိတ်စစ်ကြောင်း ညအိပ်ရပ်နားရာ ကသစ်ကန်ကျေးရွာ ဉာဏာလင်္ကာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူကျောင်းသားများဖြစ်ပြီး သပိတ်စစ်ကြောင်းပြန်လည်ထွက်ခွာသည့် ရွာထိပ်အထိအချိန် မိနစ် ၃၀ ခန့်သာ လိုက်ပါပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လိုက်ပါပို့ဆောင်မှုမှာလည်း အဆိုပါကလေးငယ်များ၏မိဘများမှ သဘောတူလိုက်ပါပို့ဆောင်စေခြင်းကြောင့်သာဖြစ်ကြောင်းလည်း သိရသည်။    "မနက်က ကျွန်တော်တို့ ကသစ်ကန်ကထွက်လာတဲ့ချိန်မှာ ကလေးတွေကို ကျွန်တော်တို့ရှေ့မှာ ပိတ်ဆို့တားဆီးရှိတဲ့အတွက် အဲဒီကို ကသစ်ကန်ကိုမရောက်ခင်ကတည်းက ရွာကျော်လာကတည်းက ကလေးတွေကိုထားခဲ့တယ်။ အဓိက,ကတော့ ကျွန်တော်တို့က ကလေးတွေကို လူသားဒိုင်းသဖွယ်အသုံးပြုတာမဟုတ်ဘူး။ အချိန်နာရီဝက်လောက်ပဲလမ်းလျှောက်ပြီး သူတို့ကိုပြန်ထားခဲ့ပါတယ်။ သူတို့ကို ဘာလို့စစ်ကြောင်းထဲမှာလိုက်ခိုင်းရတာလဲဆိုတော့ သူတို့မိဘတွေကိုယ်တိုင်က ကလေးတွေကို လိုလိုလားလားနဲ့အားပေးတယ်ဆိုတဲ့ ပုံစံမျိုးကိုဖြစ်ချင်လို့ပါ။ နောက်တစ်ချက်က အများအတွက် ကိုယ့်ကျိုးစွန့်ပြီး လမ်းပေါ်ထွက်တဲ့စိတ်ဓာတ်တွေကို သူတို့သားသမီးလေးတွေ ငယ်ငယ်ကတည်းက မြင်စေချင်တဲ့စိတ်တွေကြောင့် မိဘတွေကိုယ်တိုင် ကလေးတွေကိုလာအပ်တာပါ။ ကျွန်တော်တို့အနေနဲ့ ကလေးတွေကို လူသားဒိုင်းအနေနဲ့ ကာကွယ်ဖို့ဆန္ဒမရှိပါဘူး" ဟု ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောကြားသည်။"ကျွန်တော်တို့က ဒီနေ့သွားရတဲ့ခရီးမှာဆိုရင် မိုင်ရှည်ခရီးကိုသွားရမှာမို့ ကလေးတွေကို ရွာပြင်ရောက်တဲ့အချိန်မှာ ပြန်ခိုင်းတယ်။ ဒါပေမဲ့ မပြန်ချင်တဲ့ကလေးတွေကအများကြီးပဲ။ မပြန်ချင်တဲ့ကလေးတွေကို အတင်းချောမော့ပြီးပြန်ခိုင်းလိုက်ရတယ်။ ဝါဒဖြန့်မီဒီယာတချို့က ဒီလိုကိုယ်တိုင်မျက်မြင်မတွေ့ဘဲ မရေးသင့်ဘူးလို့ထင်တယ်။ နောက်တစ်ခုက မီဒီယာစည်းကမ်းတွေကိုနားလည်သင့်တယ်လို့ထင်တယ်။ ကလေးတွေကို ဒီလိုသုံးနှုန်းတယ်ဆိုတာ တစ်ဖက်ကပုံဖျက်ချင်သူတွေရဲ့ လက်ကိုင်တုတ်ဖြစ်တယ်ဆိုတာပြောချင်တယ်" ဟု မအူပင်ခရိုင် ကျောင်းသားကိုယ်စားလှယ် ကိုမင်းမင်းဇော်ကပြောကြားသည်။    သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးဖြစ်သည့် Hmuu Zaw Facebook တွင် "ကျောင်းသားဆန္ဒပြမှုနှင့် ကလေးသူငယ်" ဟူ၍ Status တစ်ခုတင်ထားပြီး "ဆန္ဒပြကျောင်းသားတွေထဲမှာ ကလေးသူငယ်တွေပါလာတယ်တွေ့ရပါတယ်။ ဒီမြင်ကွင်းဓာတ်ပုံတွေကိုမြင်တွေ့ရတဲ့အခါ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ ဘယ်သူမှလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြမယ်မထင်ပါဘူး။ ဆန္ဒပြမှုတွေမှာ အခြေခံအဆင့်ကျောင်းသားကျောင်းသူတွေကိုပါ ဆွဲဆောင်စည်းရုံးဖို့၊ ဆန္ဒပြမှုတွေတိုးမြှင့်ပေါ်ပေါက်လာစေဖို့ စည်းရုံးနေသူတွေ၊ စီစဉ်နေကြသူတွေအနေနဲ့ ကလေးသူငယ်တွေကိုရှေ့တန်းတင်တဲ့ အရှေ့အလယ်ပိုင်းကနည်းဗျူဟာတွေကို ကျောင်းသားဆန္ဒပြမှုမှာအသုံးမချသင့်ဘူးလို့ပဲဆိုရမှာပါ။ လူအင်အားများရင်ပြီးရောဆိုတဲ့ သိမ်ဖျင်းတဲ့အတွေးအခေါ်မျိုးတွေနဲ့ ကလေးသူငယ်တွေကို ပဋိပက္ခတွေကြားထဲ သွတ်သွင်းတာမျိုးတွေကိုတော့ ရှောင်ကြဉ်ဖို့လိုပါလိမ့်မယ်။ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို လူသားဒိုင်းသဖွယ်အသုံးပြုမယ်ဆိုရင် အသုံးပြုဖို့ကြိုးစားလာမယ်ဆိုရင် လူသားမဆန်တဲ့၊ မြန်မာမဆန်တဲ့ အပြုအမူကြိုးပမ်းချက်လို့ပဲပြောချင်ပါတယ်" ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရှိရသည်။

Most Read

Most Recent