ပြည်သူပိုင် မြေနေရာနှင့် အဆောက်အအုံများကို ပြည်သူ့အကျိုးအတွက် လုပ်ဆောင်မှု မရှိခြင်းအပေါ် ပြည်သူ့လွှတ်တော်သို့ မေးခွန်းထုတ် တင်ပြရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တိုက်ရိုက်ပတ်သက်နေသော အဆိုပါ မေးခွန်းအတွက် လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားရန် အခက်တွေ့နေပြီး မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ကို မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ ပြည်သူလူထုထံမှ ငွေကြေးကောက်ခံ ဝယ်ယူထားသော ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံနှင့် စပ်လျဉ်း၍ တင်ပြခဲ့သည့် မေးခွန်းကို တရားဝင်စာဖြင့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ဘဲ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က ခေါ်ယူတွေ့ဆုံခဲ့ကြောင်း မေးမြန်းသူ စစ်ကိုင်းမြို့နယ် လွှတ်တော်အမတ် ဦးခင်မောင်သိန်းက ပြောကြားသည်။“ပြီးခဲ့တဲ့ လွှတ်တော်မှာ ကျွန်တော်တင်ပြခဲ့တဲ့ မေးခွန်းကိုဖြေဖို့ တောင်းဆိုတဲ့အခါ ညွှန်ကြားရေးမှူးချုပ်က ခေါ်တွေ့တယ်။ ဧက ၅၀ ရှိတဲ့ ပြည်သူပိုင်မြေနေရာနဲ့ အဆောက်အအုံအနက် ဧက ၂၀ ကို ပြည်ခိုင်ဖြိုးက သိမ်းယူလုပ်ကိုင်နေတယ်လို့လည်း ပြောပါတယ်။ ပါတီကြီးနှစ်ခုရဲ့ သင့်မြတ်မှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျွန်တော်မေးခဲ့တာကို ခေါ်ပြီးတွေ့တာပေါ့။ မမေးပါနဲ့လို့တော့ မပြောဘူး။ ဒါပေမဲ့ တရားဝင် အဖြေလည်း ထွက်မပေးသေးဘူး” ဟု ဦးခင်မောင်သိန်းက ဆိုသည်။ထို့အပြင် ယခုမေးခွန်းသည် ပြည်သူ့လွှတ်တော်အမတ်တစ်ယောက် အနေဖြင့် ပြည်သူ့မျက်နှာကိုကြည့်ကာ ပြည်သူအပေါ် သစ္စာစောင့်သိမှုမှလွဲ၍ ပါတီနှစ်ခု မသင့်မြတ်စေရန် ပြုလုပ်ခြင်းမျိုး မဟုတ်ကြောင်း၊ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်၏ မေတ္တာရပ်ခံမှုအပေါ် လေးစားမှုရှိသည့်တိုင် မည်သည့်ပါတီအရေးထက်မဆို ပြည်သူ့အရေးက ပိုမိုအရေးကြီးကြောင်း စစ်ကိုင်းမြို့နယ် လွှတ်တော်အမတ် ဦးခင်မောင်သိန်းက ပြောကြားသည်။“ကျွန်တော်က ပြည်သူ့လွှတ်တော် အမတ်တစ်ယောက်ပါ။ ပြည်သူအတွက်ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး” ဟု ဦးခင်မောင်သိန်းက ပြောကြားသည်။လွှတ်တော်သို့ တင်ပြခဲ့သည့် မေးခွန်းတွင် ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်က ပြည်သူ့ငွေ (တစ်အိမ်ထောင်လျှင် ကျပ်နှစ်ဆယ်နှုန်း) ဖြင့် ဝယ်ယူတည်ထောင်ထားသော ဘက်စုံမွေးမြူရေးခြံသည် လက်ရှိအချိန်၌ ဆိုင်ခန်း ၅၀ ခန့်၊ လူနေအိမ်၊ ကားဝပ်ရှော့၊ ဆန်စက်များ ဆောက်လုပ်ထားပြီး ကျန်ရှိသော လယ်ယာမြေများကို သီးစားအငှားချထားလျက်ရှိကြောင်း ဖော်ပြထားကာ မည်သူပိုင်ဆိုင်သည်၊ မည်သူ့အမိန့်ဖြင့် ပြုလုပ်သည် မသိရှိဘဲ အများပိုင်နေရာအဖြစ် တောင်းဆိုတင်ပြခြင်းမှာလည်း ငြင်းပယ်ခံထားရကြောင်း သိရသည်။လွှတ်တော်ညွှန်ကြားရေးမှူးချုပ်၏ ပြောဆိုချက်အရ အဆိုပါ ပြည်သူပိုင်မြေများတွင် ပြည်ခိုင်ဖြိုးပါတီက ပါတီအကျိုး လုပ်ဆောင်မှုများ ရှိနေကြောင်း သိရပြီး ပြဌာန်းဥပဒေများအရ ဆိုပါက ယခုကဲ့သို့ လုပ်ဆောင်မှုသည် ပါတီမှတ်ပုံတင်ခြင်းကို ဖျက်သိမ်းနိုင်ကြောင်းလည်း သိရသည်။ ရေဦးမြို့နယ်ကဲ့သို့ အလားတူဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိနေကြောင်း စုံစမ်းသိရပြီး တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သော နိုင်ငံရေးပါတီများ အနေဖြင့် တရားဥပဒေကို လေးစားလိုက်နာမှုရှိရန် အလွန်အရေးကြီးကြောင်းလည်း နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်ပြောကြားသည်။“ဒါက နေရာတိုင်းမှာ ဖြစ်နေတာပဲ။ ကျွန်တော်တို့မြို့က ပြည်သူပိုင် ကျုံးတွေဆိုရင် ပြည်ခိုင်ဖြိုးက အငှားချထားတာမျိုး ရှိတယ်။ ပါတီရုံးစိုက်တဲ့ နေရာက အစပေါ့။ ဒါမျိုးတွေ လုပ်နေတာဟာ ဒီမိုကရေစီ မဟုတ်ဘူး” ဟု ရွှေဘိုမြို့ခံ ဦးစိုးက ပြောကြားသည်။လွှတ်တော်ညွှန်ကြားရေးမှူးချုပ်၏ တွေ့ဆုံမေတ္တာရပ်ခံမှုအပေါ် ပါတီတွင်း တာဝန်ရှိသူများနှင့် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ဦးခင်မောင်သိန်းက ထပ်လောင်းပြောကြားသည်။
ပြည်သူပိုင် မြေနေရာကို ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရန် တင်ပြမှုအပေါ် ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်နေ၍ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က မေးမြန်းသည့် အမတ်ကို မေတ္တာရပ်ခံ