မူဆယ်နှင့် ကျောက်မဲခရိုင် ချင်းဆက်လမ်းဟောင်း မြေနီလမ်းသည် မူးယစ်ရာဇာများ၏ မှောင်ခိုလမ်းဖြစ်နေ၍ ပြည်သူများ သွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

မူဆယ်နှင့် ကျောက်မဲခရိုင် ချင်းဆက်လမ်းဟောင်း မြေနီလမ်းသည် မူးယစ်ရာဇာများ၏ မှောင်ခိုလမ်းဖြစ်နေ၍ ပြည်သူများ သွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 23 January 2015
စိုးမင်းထိုက်

တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ဖြတ်သန်းသည့် မူဆယ်နှင့် ကျောက်မဲခရိုင် ချင်းဆက်လမ်းဟောင်း မြေနီလမ်းသည် မူးယစ်ရာဇာများ၏ မှောင်ခိုလမ်း ဖြစ်နေသည့်အတွက် ပြည်သူများသွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ ဦးစိုင်းဝင်းမောင်က ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။ဦးစိုင်းဝင်းမောင်က “အဲ့ဒီလမ်းက စုစုပေါင်းဆိုရင် မိုင် ၁၀၀ ကျော် ရှည်လျားတဲ့ လမ်းဟာ ကျောက်မဲနဲ့ နမ့်ဆမ်အပြန်အလှန် ကုန်စည်ရောင်းဝယ်ဖောက်ကား ပို့ဆောင်ဆက်သွယ်ရာမှာ အသုံးပြုလျက်ရှိတဲ့ လမ်းဟောင်းဖြစ်ပါတယ်။ အဲဒီ မြေနီလမ်းကြောင်းဟာ အများပြည်သူ သုံးဖို့အတွက် မဖြစ်ဘဲ ဝိသမလောဘ စီးပွားရေး လုပ်ငန်းရှင်များအတွက် မှောင်ခိုခိုးထုတ်ရာမှာ အသုံးပြုတဲ့လမ်း၊ မူးယစ်ရာဇာများအတွက် မူးယစ်ဆေးဝါး အမျိုးမျိုး ရောင်းဝယ်ဖောက်ကား ဆက်သွယ်ရာမှာ အသုံးပြုလျက်ရှိတဲ့လမ်း ဖြစ်နေပါတယ်။ သူတို့အတွက်သာ ဖြစ်နေတဲ့လမ်း ဖြစ်နေဆဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “ဒီလမ်းကို နိုင်ငံတော်အတွက် ပြည်သူတွေအတွက် အံဝင်ခွင်ကျလမ်း ဖြစ်လာစေရန် ပြည်ထောင်စုအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရမှ သို့မဟုတ် ဘီအိုတီစနစ်နဲ့ ကတ္တရာလမ်းအဖြစ် ပြန်လည်အဆင့်မြှင့် ပြုပြင်ပေးမယ်ဆိုရင် ပိုမိုကောင်းမွန်လာမှာပါ။ ဒါဆိုရင် ဒေသလည်း ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ သစ်မှောင်ခို ခိုးထုတ်ခြင်းများ ဒီမိုကရေစီ အစိုးရအား စိန်ခေါ်မှုအနေဖြင့် ရပ်တည်နေသော မူးယစ်ရာဇာများ ရောင်းဝယ်ဖောက်ကားနေမှုတွေ ပျက်သုဉ်းသွားနိုင်ပါတယ်။ ဒီလမ်းကို အဆင့်မြှင့်တင်လိုက်ရင် ဒေသခံတွေ မူးယစ်ဆေး သုံးစွဲမှုတွေ ပပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလမ်းကို မည်သည့်အချိန်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုပါတယ်” ဟု ဦးစိုင်းဝင်းမောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။သမ္မတရုံးဝန်ကြီးဌာန (၄) မှ ဒုတိယဝန်ကြီး ဦးအောင်သိန်းက “ကျောက်မဲ-မိုင်းငေါ့-နမ့်ဆမ်လမ်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေ ၃၉၈ ဒသမ ၅၃၁ သန်းဖြင့် မြေသားလမ်းချဲ့ခြင်း၊ ကျောက်တောင်ကျောက်မိုင်းခွဲတာတွေ၊ ကတ္တရာလမ်းသစ်ခင်းခြင်း တစ်မိုင်နဲ့ သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ပြည်ထောင်စုရန်ပုံငွေ ၁၁၉၈ ဒသမ ၈၄ သန်းနဲ့ ကတ္တရာလမ်းသစ်ခင်းခြင်း ငါးမိုင်၊ ကျောက်တောင်လမ်းချဲ့ခြင်း ငါးမိုင်ငါးဖာလုံ၊ မြေသားလမ်းချဲ့ခြင်း ၉ မိုင် နှစ်ဖာလုံ အစရှိတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လျာထားပါတယ်” ဟု ပြန်လည်ဖြေကြားသည်။