၂၀၁၅ ဇန်နဝါရီလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

၂၀၁၅ ဇန်နဝါရီလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 8 January 2015

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာသော အကြမ်းဖက်မှုအငြင်းပွားဖွယ် နိုင်ငံရေးသရော်စာကာတွန်းများကို ဖော်ပြလေ့ရှိသော အပတ်စဉ်ထုတ် ပြင်သစ်မဂ္ဂဇင်းတစ်စောင်ဖြစ်သော Charlie Hebdo၏ ရုံးချုပ်ကို ဇန်နဝါရီ ၇ ရက်က သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုကြောင့် မဂ္ဂဇင်းအယ်ဒီတာချုပ်နှင့် ထင်ရှားသော ကာတွန်းဆရာသုံးဦး အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရသည်။ ပါရီမြို့ရှိ ဆိတ်ငြိမ်သောအရပ်တွင်ရှိသည့် မဂ္ဂဇင်းရုံးချုပ်ကို မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ချိန်တွင် ရုံးခန်းထဲ၌ မဂ္ဂဇင်းတာဝန်ရှိသူများ နံနက်ပိုင်းအစည်းအဝေးပြုလုပ်နေပြီး သေနတ်သမားများက “အလ္လာဟူ အက္ကဘာ”ဟု အော်ဟစ်ခဲ့ကြကြောင်း မျက်မြင်သက်သေများက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။ ထို့ကြောင့် သေနတ်သမားများသည် အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက်သမားများဖြစ်သည်ဟု ယူဆနိုင်သည်။အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အဆိုပါတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး တိုက်ခိုက်သူများကို ဖမ်းမိနိုင်စေရန်အတွက် အကူအညီပေးသွားမည်ဟု ကတိပြုခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဂျာမနီဝန်ကြီး ချုပ်အင်ဂျလာမာကယ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အပြင် အာရပ်အဖွဲ့ချုပ်ကလည်း ယင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့သည်။Charlie Hebdo  မဂ္ဂဇင်းသည် ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီတွင်လည်း ဒိန်းမတ်နေ့စဉ်သတင်းစာ Jyllands-Posten က မူလဖော်ပြခဲ့သည်ဟု ယူဆရသော တမန်တော်မိုဟာ မက်ကာတွန်းများကို ပြန်လည်ပုံနှိပ်ဖော်ပြခဲ့၍ တိုက်ခိုက်ခံခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာတွင်လည်း Sharia Hebdo ခေါင်းစဉ်အောက်တွင် တမန်တော်မိုဟာမက်ကာတွန်းတစ်ခု ပုံနှိပ်ဖော်ပြခဲ့၍ ရုံးခန်းများကို မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လူမျိုးရေးခွဲခြားမှုဥပဒေများဖြင့် တရားရုံးသို့ ရောက်ရှိခဲ့သည့်တိုင် Charlie Hebdo သည် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် မိုဟာမက်ကို ဝတ်လစ်စားလစ်ဖြင့် ကာတွန်းရေးဆွဲဖော်ပြခဲ့သည်။အဆိုပါ မဂ္ဂဇင်းသည် အစ္စလာမ်ဘာသာကိုသာမက ကက်သလစ်ခရစ်ယာန်ဘာသာနှင့် ရဟူဒီဘာသာတို့ကိုပါ သရော်လှောင်ပြောင်ခဲ့ဖူးသည်။ ဇန်နဝါရီ ၇ ရက်ထုတ် Charlie Hebdo မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် အငြင်းပွားဖွယ်ရာ ဝတ္ထုဆရာ Michel Houellebecq ၏ ကယ်ရီကေးချားပုံကို ဖော်ပြခဲ့သည်။ သူ၏ Submission အမည်ရှိ ဝတ္ထုတွင် ပြင်သစ်နိုင်ငံကို မွတ်စလင်ဘာသာဝင်များက အုပ်ချုပ်ပြီး ဇနီးများစွာကို တစ်ပြိုင်နက်တည်းထားနိုင်သောစနစ်ကို ကျင့်သုံးကြောင်း ဖော်ပြခဲ့သည်။ ၎င်းအပြင် မဂ္ဂဇင်းက နောက်ဆုံး Twitter ၌ တင်ခဲ့သည့် Post တွင်လည်း IS  ခေါင်းဆောင် အဘူဘာကာအယ်လ်ဘဂ္ဂဒက်ဒီကို လှောင်ပြောင်ထားသည်။အမှန်တကယ်၌ သရော်လှောင်ပြောင်ခြင်းသည် သူတို့၏ အခွင့်အရေးဖြစ်သည်။ လွတ်လပ်စွာ ဖော်ထုတ်ပြပိုင်ခွင့် (Freedom of Expression) သည် အခြေခံလူ့အခွင့်အရေးဖြစ်သည်။ ယင်းတို့ကို စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press) အရ မဂ္ဂဇင်း၌ ဖော်ပြနိုင်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံများအတွက် အလွန်အရေးပါသည်။ သို့သော် ယခုအခါ Freedom of Expression သည်လည်းကောင်း Freedom of Press သည်လည်းကောင်း အကြမ်းဖက်တိုက်ခိုက်မှုများ၏ ခြိမ်းခြောက်မှုအောက်သို့ ကျရောက်နေသည်။မည်သို့ပင်ဆိုစေကာမူ လွတ်လပ်စွာဖော်ထုတ်ပြပိုင်ခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကြမ်းဖက်မှုများဖြင့် ခြိမ်းခြောက်ခြင်းအား The Daily Eleven သတင်းစာက ပြင်းထန်စွာရှုတ်ချပါကြောင်း ရေးသားအပ်ပါသည်။

Most Read

Most Recent