၂၀၁၅ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

၂၀၁၅ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 2 January 2015

နှစ်သစ်နှင့် ပြဿနာအဟောင်းနှစ်သစ်တစ်ခုသို့ ကူးပြောင်းတိုင်း မျှော်လင့်ချက် အသစ်၊ အိပ်မက်အသစ်များ မက်လေ့ရှိကြသည်မှာ ဓမ္မတာ ဖြစ်သည်။ သို့သော် အဖြစ်အပျက် ပြဿနာဟောင်းများ၊ အပြီးအပြတ် လုပ်ဆောင်ခြင်း၊ ဖြေရှင်းခြင်း မပြုရသေးသော ပြဿနာကိစ္စရပ်များမှာမူ နှစ်ဟောင်းတွင် ချန်ထားခဲ့၍ ရသည် မဟုတ်ပါ။ ထိုအခါ မပြီးပြတ်သေးသော ကိစ္စများ တစ်နည်း ပြဿနာအဟောင်းများကို နှစ်သစ်တွင် ဆက်လက်ရင်ဆိုင် ဖြေရှင်းကြရဦးမည် ဖြစ်သည်။မြန်မာနိုင်ငံအတွက် နှစ်သစ်တွင် အဖြစ်အပျက်အသစ်များ ထပ်မံမဖြစ်ပါစေနှင့်ဟု ဆုတောင်းရမည့် အကြောင်းအရာထဲတွင် တောင်သူလယ်သမား ပြည်သူများ၏ လယ်ယာမြေပြဿနာများက ထိပ်ဆုံးတွင် ရှိနေမည်ဆိုက မည်သူမျှ ငြင်းလိမ့်မည် မဟုတ်ပါ။ အဆိုပါ မြေယာပြဿနာများနှင့် ပတ်သက်၍လည်း “စနစ်ဟောင်းအရ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးခြင်း၊ ပိုင်ဆိုင်မှု အထောက်အထား ပုံစံများ စစ်ဆေးရန် ခက်ခဲခြင်း၊ ခေတ်နှင့် လျော်ညီမှု မရှိတော့သည့် လုပ်ထုံးလုပ်နည်းဟောင်းများ၊ ဥပဒေဟောင်းများရဲ့ အားနည်းမှုကို အခွင့်ကောင်းယူပြီး စီမံကိန်းများ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံများ၏ သဘောထားများကို လျစ်လျူရှုခြင်းများကြောင့် ပေါ်ပေါက်ခဲ့ရသည့် မြေယာပြဿနာများကို ကျွန်တော်တို့နိုင်ငံမှာ ကြီးမားစွာ ကြုံတွေ့ခဲ့ရပါတယ်” ဟု သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဝန်ခံပြောကြားထားသည်။ သို့သော် အစိုးရအဖွဲ့အစည်းများ အနေဖြင့် မြေယာပြဿနာ ဖြေရှင်းပေးမှု ပမာဏမှာ များစွာနည်းပါးနေကြောင်း၊ လက်ရှိဖြေရှင်းမှုနှုန်းနှင့် ဆိုပါက ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေ မရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်က သုံးသပ်ထားသည်။ ထို့အပြင် နောက်ဆက်တွဲ အနေဖြင့် မြေယာပြဿနာများကြောင့် ဥပဒေအရ အရေးယူခံနေရသည့် ကိစ္စရပ်များက ပိုမိုသတိထား ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်နေသည်။ ၂၀၁၅ ခုနှစ်သို့ စတင်ကူးပြောင်း ရောက်ရှိသည့် ဇန်နဝါရီ ၁ ရက်တွင် နေပြည်တော် စည်ပင်သာယာတရားရုံးက ပုဒ်မ ၂၆ ဖြင့် အသက် ၇၄ နှစ်အရွယ် တောင်သူတစ်ဦးအား ထောင်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်မျိုးမှာ ဥပဒေအရ ဆိုသော်လည်း အမှန်တရားအပေါ်၊ အခြေအနေ အချိန်အခါအပေါ် မည်မျှစဉ်းစား ချင့်ချိန်သည် ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ မိမိတို့ပိုင်ဆိုင်သည့် တောင်ယာများ၌ နေထိုင်သော်လည်း ကျူးကျော်ဟုဆိုကာ တရားစွဲ ထောင်ချခံရခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ တောင်သူများအား နေပြည်တော်စည်ပင်က ကျူးကျော်အဖြစ် သတ်မှတ်ကာ တောင်သူ ၃၀ ကျော်ကို တရားစွဲဆိုထားခြင်း ဖြစ်သည်။နိုင်ငံသားမည်သူမဆို တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည် ဖြစ်သည်။ သို့သော် ဥပဒေကို အသုံးချ၍ လိုရာဆွဲ မတရား လုပ်ဆောင်မှုမျိုး မဖြစ်ရန် အရေးကြီးပါသည်။ ပြည်သူလူထု တောင်သူလယ်သမားများ၏ အရေးသည် တစ်နိုင်ငံလုံးနှင့်ဆိုင်သော အရေးကိစ္စ ဖြစ်ပါသည်။သို့ပါ၍ နှစ်သစ်တွင် မည်သို့သော ပြဿနာဟောင်းများ ဖြေရှင်းရန် ကျန်ရှိနေသည် ဖြစ်စေ၊ အတွေးအခေါ်အဟောင်း၊ နှစ်ဟောင်းမှ စီမံခန့်ခွဲမှု အမှားနှင့် ကိုင်တွယ်ဖြေရှင်းပုံ အလွဲများအစား တရားမျှတ မှန်ကန်သော၊ စာနာစိတ်များဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

Most Read

Most Recent